From Wikipedia, the free encyclopedia
အတ္ထုပ္ပတ္တိ ဟူသည် ပါဠိစကားလုံးဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ `အကြောင်းအရာ၏ ဖြစ်ခြင်း´ဟု အဓိပ္ပာယ်ရသည်။ ယင်းပါဠိစကားကို ယူ၍ မြန်မာစာပေ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝဖြစ်ရပ်အား ရေးသားတင်ပြသည့် စာပေအမျိုးအစားကို အတ္ထုပ္ပတ္တိ ဟူ၍လည်းကောင်း၊ အတ္ထုပ္ပတ် ဟူ၍လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဆိုသည်။ ဒန္တဇအက္ခရာ ထဆင်ထူးမှ မုဒ္ဓဇ အက္ခရာ ဌဝမ်းဘဲပြောင်း၍ ဆိုခြင်းမှာလည်း ရှေးဟောင်း ပါဠိကျမ်းဂန်အရပင် ဖြစ်သည်။ [1]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိ ဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ကဗျာ၊ ပြဇာတ်၊ ဝတ္တုစသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ စာပေ၏ အခြားအင်္ဂါအစိတ်အပိုင်း တစ်ခုကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသည်။ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိကို ဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှုရရှိပြီး မိမိအတွက် အကျိုးများစေမည့် အချက်အလက်များကို သိရှိနားလည်နိုင်သည်။ အခြားသော ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိဘဝဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်ပေသည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေသည်။
ရေးနည်းရေးဟန်နှင့် ပုံစံအနေအထားအရ စိစစ်ကြည့်လျှင် အတ္ထုပ္ပတ္တိသည် အကြမ်းအားဖြင့် လေးမျိုးလေးစားရှိသည်။
ရိုးရိုး အတ္ထုပ္ပတ္တိသည် ပုဂ္ဂိုလ်၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို အခြားပုဂ္ဂိုလ်တစ်ဦးက ရေးသားတင်ပြသည့် အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။
ကိုယ်ရေးအတ္ထုပ္ပတ္တိသည် မိမိ၏ဘဝဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် အတ္ထုပ္ပတ္တိမျိုး ဖြစ်သည်။
(အချိန်ကား ၁၉၁၅-ခု ဖေဖော်ဝါရီလဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထည်းပင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှ ရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်ဖြစ်လေသည်။
ထိုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်၊ ၁၂၇၆-ခု၊ တပေါင်းလဆန်း ၁ရက် စနေနေ့ လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိလာခဲ့ရပေသည်။)
ရိုးရိုးအတ္ထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ ရိုးရိုးစင်းစင်း မရေးပဲ စာရေးဆရာ၏ စိတ်ကူးကိုထည့်ပြီး ရေးသားသည့် ရေးနည်းမျိုးဖြစ်သည်။ ဝတ္တုသဘောဆန်သည်။
မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိသည် ပုဂ္ဂိုလ်တစ်ဦးဦး၏ ဘဝတစ်လျောက်တွင် ဖြစ်ပျက်သည့် စိတ်ဝင်စားဘွယ်အဖြစ်အပျက် တစ်ကွက်ကိုဖြစ်စေ၊ တစ်ကွက်ထက်မကသော အဖြစ်အပျက်ကိုဖြစ်စေ ရေးသားတင်ပြထားသည့် အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။ ယင်းပုံစံ ယင်းရေးဟန်ဖြင့် စာရေးဆရာသည် မိမိအကြောင်းကိုလည်း ရေးသားလေ့ရှိသည်။ သူတစ်ပါး၏ အကြောင်းကိုလည်း ရေးသားလေ့ရှိသည်။ မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ၌ ရေးသူမှာ အတ္ထုပ္ပတ္တိရှင် ကိုယ်တိုင်လည်း ဖြစ်နိုင်သည်။ အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်လည်း ဖြစ်နိုင်သည်။
မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ နှင့် အခြား အတ္ထုပ္ပတ္တိတို့၏ ခြားနားချက်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝတစ်ခုလုံးကို ငုံ၍ ရေးသားခြင်းမျိုး မဟုတ်ပဲ ဘဝ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုခုအကြောင်းကို ရေးသားတင်ပြထားခြင်းမျိုး ဖြစ်သည်။
အရေးခံ အတ္ထုပ္ပတ္တိရှင်၏ အမျိုးအစားကို လိုက်၍ အတ္ထုပ္ပတ္တိအမျိုးအစားခွဲခြားနိုင်သေးသည်။ ယေဘူရအားဖြင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်၊ နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်၊ ရာဇဝင်ဆိုင်ရာပုဂ္ဂိုလ်၊ လူမှုရေးဆိုင်ရာပုဂ္ဂိုလ်၊ ပညာရေးဆိုင်ရာပုဂ္ဂိုလ် ဟူ၍ အမျိုးမျိုးအစားစားရှိကြသည်။ ပညာရေးဆိုင်ရာပုဂ္ဂိုလ် တွင်လည်း စာပေပညာရှင်၊ သိပ္ပံပညာရှင်၊ အတွေးအခေါ်ပညာရှင် ၊ အနုပညာရှင် စသည်ဖြင့် ရှိကြသေးသည်။
အတ္ထုပ္ပတ္တိ၏ အစသည် မြန်မာစာပေ အရေးအသားစသည့် အချိန်မှာကတည်းက ဖြစ်သည်ဟု ဆိုရပေမည်။ မြန်မာစာပေသုတေသီများ၏ အဆိုအရ မြန်မာစာအရေးအသားသည် ပုဂံခေတ် မြစေတီကျောက်စာဟု ခေါ်တွင်သော ရာဇကုမာရကျောက်စာက စသည်ဟု သိရသည်။ ခရစ်နှစ် ၁၁၁၂-ခုနှစ်က ကျန်စစ်သား၏ သားတော် ရာဇကုမာရသည် ပုဂံတောင်ဘက် မြစေတီဘုရား၌ ပါဠိ၊မွန်၊ပျူ၊မြန်မာဘာသာ တို့ဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ထိုကျောက်စာ၌ သာသနာတော်နှစ်၁၆၂၈-ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်ကြောင်း၊ ကြင်ယာမိဖုရား သမ္ဘူလ၏ သားတော်မှာ ရာဇကုမာရဖြစ်ကြောင်း၊ ဘုရင်သည် မိဖုရားအား ကျွန်သုံးရွာကို ပေးထားကြောင်း၊ မိဖုရား လွန်သည့်အခါ ဘုရင်က မိဖုရား၏ ရတနာတန်ဆာများနှင့် ကျွန်သုံးရွာကို သားတော်ရာဇကုမာရအား ပေးအပ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၈-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ သားတော်သည် ဘုရင်မင်းကြီး၏ အထိမ်းအမှတ်အဖြစ် ဆင်းတုတော်တစ်ဆူ ကိုးကွယ်လှူဒါန်းကြောင်း၊ ကျွန်သုံးရွာကိုလည်း ဘုရားရှင်အား လှူဒါန်းကြောင်း စသည်တို့ ရေးထိုးဖော်ပြထားသည်။ ယင်းသို့ မြစေတီကျောက်စာ၌ ကျန်စစ်မင်းနှင့် သားတော်၏ အကြောင်း အတ္ထုပ္ပတ္တိကို ရေးထိုးထားသဖြင့် မြန်မာစာ၏ အစကနဦးဖြစ်သော မြစေတီကျောက်စာသည်ပင် မြန်မာအတ္ထုပ္ပတ္တိစာပေ၏ အစဟု ဆိုထိုက်ပေသည်။
မြန်မာအတ္ထုပ္ပတ္တိ စာပေ၏ အရုဏ်ဦးခေတ်ကိုကြည့်လျှင် ဘုရင်တို့၏အတ္ထုပ္ပတ္တိ၊ ရဟန်းတော်တို့၏အတ္ထုပ္ပတ္တိ များကိုသာ တွေ့မြင်ရပေလိမ့်မည်။ ၁၉၀၇-ခုနှစ်၌ 'အတ္ထုပ္ပတ္တိထူး' အမည်ဖြင့် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ရိုက်နှိပ်ထုတ်ဝေသည်။ ထိုအတ္ထုပ္ပတ္တိသည် ပုံနှိပ်စာနှင့် ရှိသည့် အတ္ထုပ္ပတ္တိများထဲတွင် အစောဆုံး အတ္ထုပ္ပတ္တိ တစ်ခုဖြစ်သည်။ ထိုအတ္ထုပ္ပတ္တိ၌ ဘားမဲ့ဆရာတော်နှင့် အခြားပုဂ္ဂိုလ်(၁၁)ဦးအကြောင်း ရေးသားထားသည်။ ရေးနည်းရေးဟန်မှာ ရှေးဆန်ဆန် အရေးအသားမျိုး ဖြစ်သည်။ သဘာဝနှင့် ဆန့်ကျင်ပြီး ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များကိုပင် ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာအတ္ထုပ္ပတ္တိစာပေများတွင် အတ္ထုပ္ပတ္တိပေါင်းချုပ်များလည်း ရှိသည်။
လူပုဂ္ဂိုလ်ကျော်များ၏ အကြောင်းကို ရေးသားလျှင် အတ္ထုပ္ပတ္တိ ဟုခေါ်သည်။ ရဟန်းသံဃာများ၏ အကြောင်းကို ရေးသားလျှင် ထေရုပ္ပတ္တိ မည်၏။
အတ္ထုပ္ပတ္တိ ရေးရာတွင် -
ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်ဦး တစ်ယောက်၏ အဖြစ်အပျက်ရေးသားချက်ကို အတ္ထုပ္ပတ္တိဟု ခေါ်သည်။ အတ္ထုပ္ပတ္တိကို အခြားသူများကဖြစ်စေ၊ မိမိကိုယ်တိုင် ကဖြစ်စေ ရေးသားကြသည်။
အတ္ထုပ္ပတ္တိသည် ရာဇဝင်သမိုင်းကို အကူအညီဖြစ်စေ သော စာပေတစ်မျိုးဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းအားဖြင့် ထိုသူနေထိုင်ခဲ့သည့် တိုင်းပြည်နှင့် ထိုခေတ် အခါက ထုံးစံအဖြစ်အပျက်များကို သိရှိနိုင်လေသည်။ ပုံစံမှာ အီတလီနိုင်ငံ၏အကြောင်းကို ခေါင်းဆောင်ကြီး ဂယ်ရီဗောဒီး၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းအားဖြင့် ရိပ်စားမိနိုင်သည်။
အတ္ထုပ္ပတ္တိများသည် ရာဇဝင်သမိုင်းကို အထောက်အပံ့ ဖြစ်စေသည်သာမက၊ စာပေလောကတွင်လည်း ကြွယ်ဝပြည့်စုံ စေလေသည်။ လူသည် လူ့ဖြစ်စဉ် အကြောင်းခြင်းရာများကို လေ့လာဖတ်ရှုရန် စိတ်ဝင်စားသည်မှာ အံ့ဩဖွယ်ရာမရှိချေ။ ထို့ကြောင့်ပင် အတ္ထုပ္ပတ္တိအရေးအသားသည် စာပေအရေးအသား ပေါ်ဦးစကပင် ပေါ်ခဲ့သော အဟောင်းဆုံးစာပေမျိုး ဖြစ်ခဲ့လေ သည်။ အတ္ထုပ္ပတ္တိအရေးအသား ပေါ်ဦးစက လူတစ်ယောက်၏ ဖြစ်စဉ်ကို သာမန်မျှရေးသားကြသော်လည်း ယခုအခါတွင်မူ စာရေးဆရာ၏ အယူအဆ အတွေးအခေါ် ရာဇဝင်သမိုင်း နောက်ခံကားတို့ဖြင့် တန်ဆာဆင် ရေးသားကြလေသည်။
အတ္ထုပ္ပတ္တိအရေးအသားကို အထူးအရေးထား ရေးသား ကြသော အနောက်နိုင်ငံတို့၌ပင် အလယ်ခေတ်လောက်က ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကျော်ကြီးများနှင့် စိန့်သူတော်စင်များ ၏ အတ္ထုပ္ပတ္တိမှလွဲ၍ အခြားသူတို့၏အကြောင်း ရေးသားမှု ခေတ်မစားသေးချေ။ ထို့ကြောင့် ၁၆ ရာစုနှစ် မတိုင်မီက ပေါ် ပေါက်ခဲ့သော စာဆိုပညာရှိ ပုဂ္ဂိုလ်ကျော်ကြီးများ၏ အတ္ထုပ္ပတ္တိ ကို တိကျစွာမသိရခြင်း ဖြစ်လေသည်။ ထိုအလယ်ခေတ် လောက်က လူတို့သည် တိုင်းသစ်ပြည်သစ်ရှာဖွေခြင်း၊ စစ်တိုက် ခြင်းတို့ဖြင့် အချိန်ကုန်နေကြရာ ထိုခေတ်ကုန်မှ စွန့်စားမှု တိုက်ခိုက်မှုတို့ကို မှတ်တမ်းတင်ရန် ဟန်ပြင်ကြလေသည်။ ထိုအခါမှ အတ္ထုပ္ပတ္တိစာပေများ ခေတ်စားလာခဲ့တော့၏။ အလယ်ခေတ်လောက်က ထင်ရှားခဲ့သော စာရေးဆရာ ကြီးတစ်ဦး၏ အတ္ထုပ္ပတ္တိသည်ပင်လျှင် သူလွန်ပြီး အနှစ် ၉ဝ လောက်ကြာမှ ပေါ်ပေါက်ခဲ့လေသည်။ အတ္ထုပ္ပတ္တိများကို ရှေးမြန်မာစာပေတွင် မတွေ့ရသလောက် ရှားပါးလေသည်။ အတ္ထုပ္ပတ္တိ၏ တစ်စိတ်တစ်ဒေသဖြစ်သော စာများမှာ ခုံတော် မောင်ကျဘမ်းဖြတ်ထုံး၊ အယူတော်မင်္ဂလာလျှောက်ထုံး၊ဦးပေါ်ဦး လျှောက်ထုံးများဖြစ်၍ ထိုစာအုပ်များကို အတ္ထုပ္ပတ္တိ အပြည့်အစုံ ဟု မခေါ်သာပေ။ ခေတ်မြန်မာစာပေတွင် ပီမိုးနင်း၏ပီမိုးနင်း နှင့် အောက်စဖို့တက္ကသိုလ်မှတ်တမ်းတို့မှာ အလားတူစာအုပ်များ ဖြစ်ပေသည်။
ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္တိကို ထိုသူ၏လက်ရာများ ဖြစ်သော စာသဝဏ်များနှင့် နေ့စဉ်မှတ်တမ်းများပေါ်တွင် မူ တည်ရေးသားကြရသည်။ စလေဆရာကြီးဦးပုည၏ မေတ္တာစာ များကို ဖတ်ရှုခြင်းအားဖြင့် ဘုန်ကြီးဘဝနှင့် လူပျိုလှည့်သည်ဟု စွပ်စွဲခံရပုံ၊ စလေမြို့ မြို့သူကြီးရာထူးအတွက် ကြီးရိုးမှု တရားတွေ့ရန် စလေမှ အမရပူရမြို့တော်သို့ ဆန်တက်ရာ၌ လမ်းတွင်ငှားခဲ့သည့် လှေမှောက်ပုံ အစရှိသည်တို့ကို သိရသကဲ့ သို့ပင်ဖြစ်သည်။ ထိုကြောင့် အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရေးမည့်သူ၏ စာသဝဏ်များ၊ နေ့စဉ်မှတ်တမ်းများကို ရှာဖွေစု ဆောင်းကြရသည်။ မိဘဆွေမျိုးသားချင်းပေးသော စာသဝဏ် များသည်ပင် အတ္ထုပ္ပတ္တိရေးရာတွင် အသုံးကျလေသည်။ ထို ကြောင့် အနောက်နိုင်ငံများတွင် ထင်ရှားသော တိုင်းပြည်ခေါင်း ဆောင်ကြီးများ၊ စာရေးဆရာကြီးများ၊ ပန်းချီဆရာကြီးများ၊ စစ် ဗိုလ်ကြီးများ၏စာများကို သမီးရည်းစားစာမျှမကျန် မပျောက် မပျက်အောင် သိမ်းထားလေ့ရှိကြသည်။
အတ္ထုပ္ပတ္ထိများကို တစ်ခါတစ်ရံ ဝတ္ထုများသဖွယ် ရေးသားကြ သေး၏။ ဂါတာဆိုသူ ဂျာမန်စာရေးဆရာသည် မိမိ၏ ဝါသာ့ဒုက္ခ ဝတ္ထုထဲ၌လည်းကောင်း၊ ဒစ်ကင်းသည် သူ၏ ဒေးဗစ်ကော့ပါးဖီး ဝတ္ထုထဲ၌လည်းကောင်း မိမိတို့၏ အတ္ထုပ္ပတ္တိကို မူတည်ကာ ဝတ္ထုသွားသဖွယ်အသီးသီး ရေးသားထားခဲ့လေ သည်။ သို့ရာတွင် ထိုသို့သောဝတ္ထုမျိုး၌ ဝတ္ထုသွားကောင်း အောင်ရေးရသဖြင့် တိကျသော လူ့အတ္ထုပ္ပတ္ထိ အချက်အလက်များ ရသည်ဟု မဆိုသာချေ။
အနောက်နိုင်ငံ၏ အတ္ထုပ္ပတ္ထိရေးသာမှု၌ စိတ်ဝင်စား ဖွယ်ကောင်းသော အချက်တစ်ချက်မှာ ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္ထိကို တစ်ဦးကရေးပြီးသော်လည်း နောက်ထပ်တစ်ဦးက ထိုအကြောင်းကိုပင် ထပ်မံရေးသားခြင်းဖြစ်လေသည်။ ကမ္ဘာ ကျော်ပုဂ္ဂိုလ်ကြီးများဖြစ်သော သမ္မတလင်ကွန်း၊ စာရေးဆရာ ကြီးဗားနဒ်ရှော၊ ဝိတိုရိယဘုရင်မကြီး စသူတို့၏အတ္ထုပ္ပတ္ထိများ ကို စာရေးဆရာပေါင်းများစွာတို့က မရေမတွက်နိုင်အောင် ရေး သားခဲ့ကြသည်ကို တွေ့ရလေသည်။
လူတစ်ယောက်၏ အတ္ထုပ္ပတ္ထိကို ဤသို့စာရေးဆရာ ပေါင်းများစွာက အဘက်ဘက်မှကြည့်၍ ရေးခြင်းသည် လူ တစ်ယောက်၏အဖြစ်အပျက်ကို အမျိုးမျိုးလေ့လာခြင်းပင်ဖြစ် သဖြင့် စာပေတွင် အဖိုးတန်လှသည်။ ပုံစံပြရသော် အင်္ဂလန် ပြည်၌ ၁၉ ရာစုနှစ်လောက်က ကျော်ကြားခဲ့သော စာရေးဆရာ ကြီးကာလိုင်း၏ အတ္ထုပ္ပတ္ထိကို ဖရုဆိုသူ စာရေးဆရာတစ်ဦးက ရေးခဲ့ရာ ကာလိုင်းသည် ပညာရှိ သဘောကောင်း ကြင်နာ တတ်သူတစ်ဦးဖြစ်သော်လည်း သူ၏ဇနီးသည်အပေါ်တွင်အလွန် ဇီဇာကျယ်သူဖြစ်၍ ဇနီးသည်မှာ အသက်ထက်ဆုံး စိတ်မချမ်း မသာနေထိုင်ရသည်ဟု ကာလိုင်း၏ဇနီးသည်က မိတ်ဆွေများထံ ရေးသောစာများကို အထောက်အထားပြ၍ ထည့်သွင်းဖော်ပြထား သည်။ သို့ရာတွင် အမျိုးသမီးစာရေးဆရာတစ်ဦး ရေးသားသော ကာလိုင်း၏ အတ္ထုပ္ပတ္ထိတွင် ကာလိုင်း၏ဇနီးသည် လင်ကို အမြဲနားပူအောင် မြည်တွန်တတ်သူဖြစ်၍ ကာလိုင်း၏ အိမ် ထောင်ရေးမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ကြောင်းဖြင့် တစ်ဦးနှင့် တစ်ဦးပေးကြသော သဝဏ်စာများကို အထောက်အထားပြကာ ရေးခဲ့လေသည်။
အမှန်စင်စစ် လူတစ်ဦးတစ်ယောက်၏ ဘဝသည် လေ့ လာသုံးသပ်၍ ကုန်နိုင်သည်ဟူ၍မရှိ။ လူတစ်ဦး၏ အတ္ထုပ္ပတ္ထိ ကို ကွယ်လွန်မှ ရေးရမည်ဟု လူတို့ကထင်ကြ၏။ အနောက် နိုင်ငံများတွင် အသက်ထင်ရှားရှိနေသော ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္ထိများကိုပင် ဖတ်နေကြရသည်။ အရှေ့နိုင်ငံသားတစ်ဦး ဖြစ်သော (ကွယ်လွန်သူ) အိန္ဒိယခေါင်းဆောင်ကြီး နေရူး၏ ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္ထိကို ထိုသို့ပင် ဖတ်ရှုကြရသည်။ လူတစ်ဦး၏ အတ္ထုပ္ပတ္ထိရေးရန် အချိန်အခါ အသက် အရွယ်မှာ လှေနံဓားထစ် မမှတ်ထားနိုင်ပေ။ အင်္ဂလိပ်စာရေး ဆရာကြီး ဗက်ဗာလီနစ်ကောသည် အသက် ၂၅ နှစ်အရွယ်တွင် နှစ်ဆယ့်ငါး ဟူသော အမည်ဖြင့် မိမိ၏အတ္ထုပ္ပတ္ထိကို ရေးခဲ့သည်။ သတင်းစာဆရာတစ်ဦးဖြစ်သော စီစယ်ရောဗတ်သည် အသက်သုံးဆယ့်ငါးနှစ်တွင် တစ်ဝက်ခရီး ဟူသောအမည် ဖြင့် မိမိ၏အတ္ထုပ္ပတ္ထိကို ရေးခဲ့သည်။
အတ္ထုပ္ပတ္ထိဟူသည်မှာ သက္ကရာဇ်စာရင်းသဖွယ်ကား ဖြစ်မနေသင့်ချေ။ ပုံစံမှာ ၁၉ဝဝ ပြည့်နှစ်ဖွား၍ ၁၉ဝ၇ ခုနှစ် တွင် ကျောင်းစနေပြီးလျှင် ၁၉၁၇ ခုနှစ်တွင် တက္ကသိုလ် ရောက်ကာ ၁၉၂၁ ခုနှစ်၌ ဘွဲ့ရ၏ စသည်ဖြင့် ရေးသားထား ခြင်းမှာ စင်စစ်အတ္ထုပ္ပတ္ထိအစစ်မဟုတ်၊ အတ္ထုပ္ပတ္ထိ၏ အကြမ်း ဖျဉ်းမျှသာ ဖြစ်လေသည်။ အထူးသဖြင့် သူ့တစ်သက်တာတွင် သူ၏ဆောင်ရွက်လုပ်ကိုင်ချက်များကို အဓိကထား၍ ရေးသား သင့်၏။ သို့မှသာလျှင် ထိုသူ၏ စိတ်နေသဘောထားကို စာဖတ်သူတို့ အကဲခတ်နိုင်ပေမည်။
အတ္ထုပ္ပတ္ထိဟူသည် လူတစ်ယောက်၏ဘဝကို လေ့လာ ခြင်းဖြစ်၍ အကောင်းအဆိုးကို မြင်သရွေ့ အမှန်အတိုင်းဖော်ပြ ရသည်။ သို့သော် စာရေးသူ၏စိတ်တွင် သူ၏အတ္ထုပ္ပတ္ထိ အရေးခံပုဂ္ဂိုလ်သည် ကောင်းသည်ဟူ၍လည်း မိုးထိအောင် အထင်ကြီးခြင်းမဖြစ်၊ ဆိုးသည်ဟူ၍လည်း နှိမ့်ချကဲ့ရဲ့လိုစိတ် မရှိဘဲ ထိုသူ၏ သဘာဝဖြစ်ပျက်သမျှကို အမှန်အတိုင်းရေးခြင်း သာလျှင် အတ္ထုပ္ပတ္ထိအစစ်ဖြစ်သည်။ စာဖတ်သူ၏စိတ်၌လည်း အတ္ထုပ္ပတ္ထိဖတ်ရာ၌ လူကိုလေ့လာခြင်းသာဖြစ်၍ အကျိုးအပြစ်ကို လျစ်လျူရှု၍သာလျှင် အတ္ထုပ္ပတ္ထိတို့ကို ဖတ်ရှုသင့်ပေသည်။[2]
|
|
|
|
|
|
|
|
|
|
|
|
|
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.