လက်စွပ်များ၏ အရှင်သခင်
ဂျေ အာ. အာ. တော်ကီး၏ ၁၉၅၄-၁၉၅၅ စိတ်ကူးယဉ်ဝတ္ထု / From Wikipedia, the free encyclopedia
လက်စွပ်များ၏ အရှင်သခင် (အင်္ဂလိပ်: The Lord of the Rings) သည် အင်္ဂလိပ်စာရေးဆရာ ဂျေ အာ အာ တော်ကီးန် ရေးသားသော ထူးခြားဆန်းပြားသော စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းကား တော်လ်ကီးန်၏ ၁၉၃၇ ခုနှစ် စိတ်ကူးယဉ်ဝတ္ထုဖြစ်သည့် ဟော့ဘစ်၏ နောက်ဆက်တွဲဖြစ်ပြီး ဟော့ဘစ်ထက်ပို၍ များစွာကြီးမားကျယ်ပြန့်ခဲ့လေသည်။ ၁၉၃၇ မှ ၁၉၄၉ ထိ အဆင့်လိုက်ရေးသားခဲ့သော ဤဝတ္ထုကြီးကား သန်း(၁၅၀) ကျော်ရောင်းရသော ရောင်းအားအကောင်းဆုံး ဝတ္ထုများထဲမှတစ်အုပ်ဖြစ်လေသည်။[1]
တစ်ကွင်းတည်းသော လက်စွပ် | |
| |
စာရေးသူ | ဂျေ အာ အာ တော်ကီးန် |
---|---|
နိုင်ငံ | ယူနိုက်တက်ကင်းဒမ်း |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစား |
|
ထုတ်ဝေသူ | Allen & Unwin |
ထုတ်ဝေခဲ့ |
|
မီဒီယာအမျိုးအစား | ပုံနှိပ် |
OCLC | 1487587 |
ရှေ့စာအုပ် | ဟော့ဘစ် |
နောက်စာအုပ် | တွန်ဘွန်ဘာဒီလ်၏ စွန့်စားခန်းများ |
ဝတ္ထု၏ခေါင်းစဉ်မှာ ဤဇာတ်လမ်း၏ အဓိကရန်သူ အမှောင်သခင်ဆော်ရွန်ကို ရည်ရွယ်၍ပေးထားခြင်းဖြစ်သည်။[မှတ်စု 1] ဆော်ရွန်မှာ အစောပိုင်းခေတ်ကာလတွင် Middle-earth တစ်ခွင်လုံးအားစိုးမိုးဖို့အလို့ငှာ တခြားသောစွမ်းအားရှိလက်စွပ်များ (Rings of Power) ၏စွမ်းအားကို ထိန်းချုပ်ရန်အတွက် ၎င်း၏ထိုးစစ်၌ အဆုံးစွန်လက်နက်အဖြစ် တစ်ခုတည်းသောလက်စွပ် (the One Ring) ကိုထုလုပ်ခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်သော ဟော့ဘစ်တို့နေထိုင်ရာ ရှိုင်းယားဒေသ (Shire) မှစတင်ကာ Middle-earth ရှိ နေရာအများစုကို ဝတ္ထုတွင်ပုံဖော်ရေးသားထားပေသည်။ ခက်ခက်ခဲခဲခရီးစဉ်များ၊ ထူးခြားဆန်းကြယ်သည့်တွေ့ကြုံမှုများ၊ ကြည်နူးဖွယ်ရာနှင့်စိတ်ပျက်အားငယ်မှုများ၊ ကြီးကျယ်သောတိုက်ပွဲကြီးများစသည့်အကြောင်းအရာတို့ကိုရေးဖွဲ့ထားခြင်းဖြစ်၏။ ဇာတ်လမ်းအကြောင်းအရာများသာမက သီချင်းဂီတများကိုပါ ဝေဝေဆာဆာရေးသားထားလေသည်။
စာဖတ်သူများအနေဖြင့် သုံးအုပ်တွဲအဖြစ်သိကြသော်လည်း တော်ကီးန်သည် မူလက The Silmarillion နှင့် The Lord of the Rings ကိုနှစ်တွဲတစ်အုပ်အဖြစ်ထုတ်ဝေချင်သည်။ သို့သော် ဤစိတ်ကူးကို သူ့ထုတ်ဝေသူကပယ်ချခဲ့သည်။[3][4] အကျိုးအမြတ်အတွက်အလို့ငှာ The Lord of the Rings ကို၁၉၅၄ ဇူလိုင် ၂၉ မှ ၁၉၅၅ အောက်တိုဘာ ၂၀ အထိတစ်နှစ်တာကာလအတွင်း အတွဲသုံးတွဲဖြင့်ထုတ်ဝေခဲ့သည်။[3][5] စာအုပ်၏အမည်များကို
- လက်စွပ်အဖွဲ့ဝင်များ (The Fellowship of the Ring)
- ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု (The Two Towers)
- ဘုရင်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း (The Return of the King) ဟူ၍ပေးထား၏။ တစ်အုပ်တွင် နှစ်ပိုင်းပါဝင်၍ စုစုပေါင်းသုံးအုပ်တွဲ အပိုင်းအားဖြင့် (၆) ပိုင်းဖြစ်ကာ နောက်ခံသိစရာဇာတ်လမ်းအကြောင်းအရာများကို နောက်ဆက်တွဲအပိုင်းအဖြစ် စာအုပ်၏အဆုံး၌ ထည့်သွင်းထားလေသည်။ အချို့သောထုတ်ဝေမှုများ၌ ဤဝတ္ထုတစ်ခုလုံးကို တစ်အုပ်တည်းအဖြစ် ထုတ်ဝေကာ အကြိမ်များစွာပုံနှိပ်ထုတ်ဝေခဲ့ရပြီး ဘာသာစကားပေါင်း (၃၈) ဘာသာသို့ပြန်ဆိုပြီးဖြစ်ခဲ့လေသည်။
တော်ကီးန်၏ လက်ရာများသည် လက်စွပ်များ၏ အရှင်သခင် ဇာတ်လမ်းဇာစ်မြစ် နှင့် ၎င်းဇာတ်အိမ်အကြောင်းအရာကို စူးစူးစိုက်စိုက် စေ့စပ်လေ့လာသုံးသပ်ထားသော အကြောင်းအရာများဖြစ်ကြသည်။ ဤဝတ္ထုကိုယ်တိုင်မှာ အဓိကလက်ရာကြီးဖြစ်သော်လည်း ယခုဇာတ်လမ်းသဘောမှာ ၁၉၁၇ ကတည်းက ကြိုးစားရေးသားခဲ့သော ကြီးမားကျယ်ပြန့်သည့် ဇာတ်အိမ်ကြီး၏ နောက်ဆုံး အရွေ့တစ်ခုလည်းဖြစ်၏။[6] ထိုကြိုးစားလုပ်ကိုင်ခဲ့သော ဇာတ်အိမ်ကို ဒဏ္ဍာရီ တည်ဆောက်ခြင်းလုပ်ငန်းစဉ်ဟု တော်ကီးန်က ဆိုသည်။[မှတ်စု 2] ၎င်း၏ လက်စွပ်များ၏ အရှင်သခင် ဇာတ်လမ်းနှင့် အစောပိုင်းစာပေလက်ရာများအပေါ် လွှမ်းမိုးမှုများတွင် ဝေါဟာရဗေဒ၊ ဒဏ္ဍာရီ၊ ဘာသာရေး၊ စာရေးဆရာ၏ စက်မှုပိုင်းဆိုင်ရာထွန်းကားလာခြင်းအပေါ်မနှစ်မြို့မှုနှင့် ၎င်း၏ အစောပိုင်းစိတ်ကူးယဉ်ဇာတ်လမ်းများ၊ ပထမကမ္ဘာစစ်အတွေ့အကြုံများစသည်တို့ပါဝင်လေ၏။[8] လက်စွပ်များ၏ အရှင်သခင်ဝတ္ထုသည် အကျိုးဆက်အနေဖြင့် ခေတ်ပေါ်စိတ်ကူးယဉ်ဇာတ်လမ်းများ အပေါ်သို့ အကြီးအကျယ်အကျိုးသက်ရောက်ကြသည်ဟု ယူဆကြသည်။ တော်ကီးန်လက်ရာများ၏ အကျိုးသက်ရောက်မှုသည် အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန်တွင် Tolkienian နှင့် Tolkienesque ဟူ၍ စကားလုံးအသုံးများကို မှတ်တမ်းတင်ထည့်သွင်းထားသည်အထိဖြစ်ပေသည်။[9]
လက်စွပ်များ၏ အရှင်သခင်ဝတ္ထု၏ ကြာရှည်ခိုင်မြဲစွာ လူကြိုက်များမှုကြောင့် ခေတ်ပေါ်ယဉ်ကျေးမှုတွင် မြောက်မြားစွာသော ကိုယ်စားပြုဖော်ပြမှုများ၊ တော်ကီးန်လက်ရာများ၏ အခိုင်မာပရိသတ်အစုအဖွဲ့ (Tolkien fandom) များဖွဲ့စည်းခြင်းတို့ဖြစ်ပေါ်လာကြသည်။[10] ထို့အပြင် တော်ကီးန်နှင့်ပတ်သက်၍သော်လည်းကောင်း ၎င်းစာပေများကိုသော်လည်းကောင်း ရေးသားထုတ်ဝေသောစာအုပ်များစွာရှိလေသည်။ လက်စွပ်များ၏ အရှင်သခင်သည် အနုပညာလက်ရာဖန်တီးမှုများ၊ ဂီတ၊ ရုပ်ရှင်၊ Middle-earth video games ၊ board games များနှင့် ခေတ်ပေါ်စာပေများတွင် ဆက်လက်လှုံ့ဆော်တွန်းအားပေးနိုင်လိမ့်ဦးမည်ဖြစ်သည်။ လက်စွပ်များ၏ အရှင်သခင်ကို မှီငြမ်းပုံဖော်တင်ဆက်ထားသော ရေဒီယိုဇာတ်လမ်းတွဲများ (၁၉၈၁) ၊ ဂီတပြဇာတ် နှင့် ရုပ်ရှင်ဇာတ်လမ်းများသည် ဆုတံဆိပ်များရရှိထားသောတင်ဆက်မှုများဖြစ်သည်။[11] ၂၀၀၃ ခုနှစ် BBC၏ The Big Read အစီအစဉ်တွင် ဗြိတိန်နိုင်ငံ၌ အကြိုက်ဆုံးဝတ္ထုအဖြစ်ဖော်ခဲ့ကြသည်။