ယူနိုက်တက်ကင်းဒမ်းနိုင်ငံ
အနောက်ပိုင်းဥရောပရှိ နိုင်ငံ / From Wikipedia, the free encyclopedia
ယူနိုက်တက်ကင်းဒမ်း၊ တရားဝင်အားဖြင့် မဟာဗြိတိန်နှင့် မြောက်အိုင်ယာလန် ပြည်ထောင်စု ဘုရင့်နိုင်ငံတော်သည် [1] ဥရောပရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခု ဖြစ်ပြီး ဥရောပ ကုန်းမကြီး၏ အနောက်မြောက် ကမ်းရိုးတန်း အလွန်တွင် တည်ရှိသည်။[2][3]ယူနိုက်တက်ကင်းဒမ်းကင်းဒမ်းကိုလည်း ဗြိတိန်နိုင်ငံ၊ သို့မဟုတ် ယူကေ ဟူ၍ လူသိများသည်။ ယူနိုက်တက်ကင်းဒမ်းတွင် အင်္ဂလန်နိုင်ငံ ၊ ဝေလနိုင်ငံ၊ စကော့တလန်နိုင်ငံ နှင့် မြောက်အိုင်ယာလန်နိုင်ငံတို့ ပါဝင်သည်။[4] ယူနိုက်တက်ကင်းဒမ်းတွင် ဂရိတ်ဗြိတိန်ကျွန်း၊ အိုင်ယာလန်ကျွန်း၏ အရှေ့မြောက်ပိုင်း နှင့် ဗြိတိသျှကျွန်းစုရှိ ကျွန်းငယ် အများအပြား ပါဝင်သည်။[5] မြောက်အိုင်ယာလန်သည် အိုင်ယာလန်သမ္မတနိုင်ငံနှင့် ကုန်းမြေ နယ်နိမိတ် ထိစပ်နေသည်မှ အပ ယူနိုက်တက်ကင်းဒမ်းအား အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ပင်လယ်၊ အင်္ဂလိပ်ရေလက်ကြား၊ ဆဲလ်တစ်ပင်လယ် နှင့် အိုင်းရစ်ရှ် ပင်လယ်တို့က ဝန်းရံထားသည်။ ယူနိုက်တက်ကင်းဒမ်း၏ စုစုပေါင်း ဧရိယာမှာ ၉၃,၆၂၈ စတုရန်းမိုင် (၂၄၂,၅၀၀ စတုရန်း ကီလိုမီတာ) ဖြစ်ပြီး ၂၀၂၀ ခုနှစ် ခန့်မှန်းလူဦးရေမှာ ၆၇သန်း ဖြစ်သည်။ [6]
မဟာဗြိတိန်နှင့် မြောက်အိုင်ယာလန် ပြည်ထောင်စု ဘုရင့်နိုင်ငံတော်(United Kingdom of Great Britain and Northern Ireland) | |
---|---|
မြို့တော် | လန်ဒန်မြို့ |
အကြီးဆုံးမြို့ | မြို့တော်လန်ဒန်မြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
လူမျိုးစု | ၈၇.၁% လူဖြူ ၇.၀% အာရှ ၃.ဝ လူမည်း ၂.၉% အခြားလူမျိုးများ |
ကိုးကွယ်မှု | ၅၉.၅% ခရစ်ယာန်ဘာသာ ၂၅.၇% ဘာသာမဲ့ ၄.၄% အစ္စလာမ်ဘာသာ ၁.၃% ဟိန္ဒူဘာသာ ၀.၄% ဗုဒ္ဓဘာသာ |
အမျိုးအစား | တစ်ပြည်ထောင် ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
အစိုးရ | |
• ဧကရာဇ် | တတိယ ချားလ်စ် |
ကီယာစတားမာ | |
တည်ထောင် | |
• ပြည်ထောင်စု ဖွဲ့ခြင်း ၁၇၀၇ | ၁၁ မေ၊ ၁၇၀၇ |
• ပြည်ထောင်စု ဖွဲ့ခြင်း ၁၈၀၀ | ၁ ဇန်နဝါရီ ၁၈၀၁ |
• အင်ဂလို အိုင်းရစ်ရှ် စာချုပ် | ၁၂ ဧပြီ ၁၉၂၂ |
ဧရိယာ | |
• စုစုပေါင်း | ၂၄၃ ၆၁၀ စတုရန်း ကီလိုမီတာ (၉၄ ၀၆၀ ဧကစတုရန်းမိုင်) |
လူဦးရေ | |
• ခန့်မှန်း | ၆၇,၀၈၁,၀၀၀ (အဆင့် - ၂၁) |
• သိပ်သည်းမှု | ၂၅၄.၇/km² (၆၅၉.၆/sq mi) (အဆင့် - ၅၁) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | ၃.၇၅၂ ထရီလီယံ (အဆင့် - ၈) |
• Per capita | US $၅၅,၃၀၁ (အဆင့် - ၂၈) |
HDI | ၀.၉၃၂ အလွန်မြင့် · ၁၃ |
ငွေကြေး | စတာလင်ပေါင် |
အချိန်ဇုန် | +၀ |
တယ်လီဖုန်းကုဒ် | +၄၄ |
Internet TLD | .uk |
ယူနိုက်တက်ကင်းဒမ်းသည် နှစ်ရာပေါင်းများစွာအတွင်း ပါဝင်သောနိုင်ငံများကို ထည့်သွင်းခြင်း၊ ပြည်ထောင်စု အဖြစ် ပေါင်းစပ်ခြင်း နှင့် ခွဲထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၁၇၀၇ တွင် အင်္ဂလန်ဘုရင့်နိုင်ငံတော် ( ၎င်းတွင် ၁၅၄၂ ခုနှစ်တွင် စာရင်းသွင်း ထည့်သွင်းခဲ့သော ဝေလနိုင်ငံ ပါဝင်သည်) နှင့် စကော့တလန် ဘုရင့်နိုင်ငံတော်တို့ ချုပ်ဆိုခဲ့သော ပြည်ထောင်စု စာချုပ်အရ ဂရိတ်ဗြိတိန် ဘုရင့်နိုင်ငံတော် ပေါ်ပေါက်လာခဲ့သည်။ ၁၈၀၁ ခုနှစ်တွင် အိုင်ယာလန် ဘုရင့်နိုင်ငံတော် နှင့် ပြည်ထောင်စု အဖြစ် ပေါင်းစည်း၍ ဂရိတ်ဗြိတိန် နှင့် အိုင်ယာလန် ယူနိုက်တက်ကင်းဒမ်း ကို တည်ထောင်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အိုင်ယာလန်၏ အစိတ်အပိုင်းတော်တော်များများမှာ ယူကေမှ ခွဲထွက်သွားခဲ့သဖြင့် လက်ရှိရှိနေသော ဂရိတ်ဗြိတိန် နှင့် မြောက်အိုင်ယာလန် ယူနိုက်တက်ကင်းဒမ်း သာကျန်ရှိပြီး ထိုအမည်ကို ၁၉၂၇ ခုနှစ်တွင် တရားဝင် ပြောင်းလဲခေါ်ဆိုခဲ့သည်။
အနီးအနားရှိ မန်းကျွန်း၊ ဂန်းဇီး နှင့် ဂျာစီ တို့မှာ ယူကေ၏ အစိတ်အပိုင်း မဟုတ်ဘဲ ဗြိတိသျှအစိုးရ၏ ဘုရင့်အစောင့်အရှောက်ခံနယ်မြေ များသာ ဖြစ်ကြပြီး ဗြိတိသျှအစိုးရမှ ကာကွယ်ရေးနှင့် နိုင်ငံတကာ ကိုယ်စားပြုမှုများကို တာဝန်ယူထားသည်။[7] ထို့ပြင် ဗြိတိသျှတို့၏ ရေမြေခြား ပိုင်နက် ၁၄ ခု ရှိပြီး [8] ၎င်းမှာ ဗြိတိသျှအင်ပိုင်ယာ၏ နောက်ဆုံးကျန်ရစ်သော အစိတ်အပိုင်းများ ဖြစ်ပြီး ဗြိတိသျှ အင်ပါယာမှာ ၁၉၂၀ ခုနှစ်များအတွင်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့စဉ်က ကမ္ဘာ့မြေထု၏ ၄ ပုံ ၁ပုံခန့် နှင့် ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၁ ပုံခန့်ကို လွှမ်းခြုံ အုပ်စိုးထားနိုင်ခဲ့ကာ သမိုင်းတွင် အကြီးကျယ်ဆုံး အင်ပိုင်ယာ တစ်ခု ဖြစ်ခဲ့သည်။ ဗြိတိသျှတို့၏ လွှမ်းမိုးမှုအား ၎င်းတို့ကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများ၏ ဘာသာစကား၊ ယဉ်ကျေးမှု နှင့် ဥပဒေနှင့် နိုင်ငံရေးစနစ်တို့တွင် လေ့လာ တွေ့ရှိနိုင်သည်။ [9][10]
ယူနိုက်တက်ကင်းဒမ်းသည် စည်းမျဉ်းခံဘုရင်စနစ် နှင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံ ဖြစ်သည်။ [မှတ်စု 1][12] ဘုရင်မ ဖြစ်သော ဒုတိယ အယ်လီဇဘက် သည် ၁၉၅၂ ခုနှစ်မှ စတင် အုပ်စိုးခဲ့ပြိး ၂၀၂၂ခုနှစ်တွင် ဒုတိယ အယ်လီဇဘက် နတ်ရွာစံခဲ့ရာ အိမ်ရှေ့စံ ချားလ်မင်းသား သည် တတိယမြောက်ချားလ်ဘုရင်ဖြစ်လာခဲ့သ ည်။တတိယမြောက်ချားလ်ဘုရင်သည် ဗြိတိန်နိုင်ငံ နှင်ဓနသဟာယနိုင်ငံများ၏ဧကရာဇ်အဖြစ် ၂၀၂၂ခုနှစ် စက်တင်ဘာ လ ၈ရက်မှ စတင်အုပ်ချုပ်ခဲ့သည်။လက်ရှိဗြိတိန်နိုင်ငံ ၏ ဝန်ကြီးချုပ်မှာ ရီရှီဆူးနက်ခ် ဖြစ်သည်။ရီရှီဆူးနက်ခ်သည် ယူကေ၏ ပထမဆုံး အာရှနွယ်ဖွားအိန္ဒိယမိဘနှစ်ဦးမှ ဖွားမြင်သော ဝန်ကြီးချုပ်ဖြစ်သည် ။[13]
မြို့တော်နှင့် အကြီးဆုံးမြို့မှာ လန်ဒန်မြို့ ဖြစ်ပြီး ကမ္ဘာ့မြို့တော်တစ်ခုဖြစ်ကာ ငွေကြေးဗဟိုဌာန တစ်ခု ဖြစ်ပြီး မက်ထရိုပိုလစ်တန်ဒေသ၏ လူဦးရေမှာ ၁၄ သန်းကျော် ရှိသည်။ အခြားသော အဓိက မြို့တော်ကြီးများမှာ ဘာမင်ဂမ်မြို့ ၊ မန်ချက်စတာမြို့၊ ဂလက်စဂိုမြို့၊ လီဗာပူးမြို့ နှင့် လိဒ်မြို့တို့ ဖြစ်ကြသည်။[14]စကော့တလန်နိုင်ငံ၊ ဝေလနိုင်ငံ နှင့် မြောက်အိုင်ယာလန်နိုင်ငံတို့တွင် သီးခြားအစိုးရများ ရှိကြပြီး ကွဲပြားသော အာဏာများ ပိုင်ဆိုင် ကြသည်။[15] ယူကေသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော စက်မှုနိုင်ငံ ဖြစ်ခဲ့ပြီး ၁၉ ရာစုနှစ် ၂၀ ရာစု အစောပိုင်း တကမ္ဘာလုံးတွင် စိန်ခေါ်မှု မရှိသော "ပက်စ် ဘရစ်တန်နီကာ" ဟု ခေါ်သော အချိန်အပိုင်းအခြားတွင် ကမ္ဘာပေါ်တွင် ဩဇာအာဏာ အရှိဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ [16][17][18][19] ၂၁ ရာစုတွင်လည်း ယူကေသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံ အဖြစ်ဆက်လက်တည်ရှိကာ[20][21][22][23] နိုင်ငံတကာတွင် စီးပွားရေး၊ ယဉ်ကျေးမှု၊ စစ်ရေး၊ သိပ္ပံပညာ၊ နည်းပညာနှင့် နိုင်ငံရေး အရ လွှမ်းမိုးမှု ရှိသည်။ [24] ယူနိုက်တက်ကင်းဒမ်းသည် အကြမ်းမျဉ်း စုစုပေါင်းပြည်တွင်းထုတ်ကုန် အရ ကမ္ဘာပေါ်တွင် ဆဌမမြောက် စီးပွားရေးအရ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (PPP) အရ အဌမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ၎င်းသည် ဝင်ငွေ မြင့်မားသောနိုင်ငံဖြစ်ပြီး အလွန်မြင့်မားသော လူထုဖွံ့ဖြိုးမှု ညွှန်းကိန်း ရှိကာ ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။ နိုင်ငံတကာအဆင့်သတ်မှတ်မှုများအရ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူ့သက်တမ်း တို့တွင်လည်း မြင့်မားသော အဆင့် ရရှိသည်။[25] ၎င်းသည် နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် စစ်ရေးစရိတ် စတုတ္ထမြောက် သုံးစွဲမှု အများဆုံး နိုင်ငံဖြစ်သည်။[26] ယူကေသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၄၆ ခု ပထမအကြိမ် အစည်းအဝေးကတည်းကပင် ဖြစ်သည်။
ယူနိုက်တက်ကင်းဒမ်းသည် ဓနသဟာယနိုင်ငံများအဖွဲ့ ၊ ဥရောပကောင်စီ ၊ ဂျီဆဲဗင်း၊ ဆယ်နိုင်ငံအဖွဲ့ ၊ ဂျီတွမ်တီး၊ မျက်လုံးငါးစုံအဖွဲ့ ၊ ကုလသမဂ္ဂ၊ နေတိုး ၊ အောကပ်စ် ၊ စီးပွားရေးပေါင်းတူလုပ်ဆောင်ရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD)၊ အင်တာပိုလ် နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ ယူကေသည် အဓိက ဥရောပနိုင်ငံများ၏ တရားဝင်မဟုတ် စုစည်းထားသော ဘစ်ဖိုး အဖွဲ့၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ [27] ၎င်းသည် ဥရောပ အဖွဲ့အစည်းနှင့် ၎င်းကို ဆက်ခံသော ဥရောပသမဂ္ဂတို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် စတည်တည်ထောင်သော ၁၉၇၃ ခုနှစ်မှ စ၍ ပါဝင်ခဲ့သော်လည်း ၂၀၁၆ ခု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်ကြောင့် ၂၀၂၀ တွင် နုတ်ထွက်ခဲ့သည်။