မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia
မောင်တောမြို့သည် မြန်မာနိုင်ငံ အနောက်ဘက်အစွန် ရခိုင်ပြည်နယ်တွင် တည်ရှိသော မြို့ဖြစ်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ နယ်စပ်တွင်ဖြစ်သည်။ နတ်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ လူဝင်လူထွက် စစ်ဆေးရာတွင် အရေးပါ အရာရောက်သော ဆိပ်ကမ်း ဖြစ်၏။ ဒုတိယ ကမ္ဘာစစ်အတွင်းက အရေးပါသော စခန်းတစ်ခု ဖြစ်ခဲ့သည်။
မောင်တောမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°49′N 92°22′E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ရခိုင် |
ခရိုင် | မောင်တောခရိုင် |
မြို့နယ် | မောင်တောမြို့နယ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မောင်တောမြို့ |
ဧရိယာ | |
• စုစုပေါင်း | ၄.၈ စတုရန်းကီလိုမီတာ (၁.၈၇ စတုရန်းမိုင်) |
လူဦးရေ (၂၀၁၄) | ၃၈,၁၉၉ [၁] |
• လူမျိုး | ရခိုင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန်၊ ဗမာ၊ ချင်း နှင့် ရိုဟင်ဂျာ |
• ဘာသာ | ဗုဒ္ဓ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မောင်တော ဟူသော အမည်သည် မောင်ဒု ဟူသော အရပ်သားစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ စိတ်ပျော်မွေ့ရာမြေ ဟု အဓိပ္ပာယ်ရသည်။ ရှေးယခင်က နတ်ဖ်ခါရီ ဟုလည်းကောင်း၊ နတ်မြစ်ကမ်းသာ ဟုလည်းကောင်း ခေါ်ခဲ့သည်။ မြန်မာမင်း ဘိုးတော်ဘုရားက ရခိုင်ပြည်နယ်ကို သိမ်းပိုက်ပြီးနောက် အနောက်ငယ်မြို့ဟု ခေါ်တွင်ခဲ့ကြောင်း သမိုင်းအထောက်အထားများ တွေ့ရှိရသည်။ မောင်းတော မှ မောင်တော ဖြစ်လာသည်ဟုလည်း အဆိုကွဲရှိသည်။ တောတောင်ကို ခုတ်တွင်ရှင်းလင်း၍ မြို့အဖြစ်တည်ခဲ့သည်ဟု ဆိုလိုသည်။
အချို့ သမိုင်းသုတေသီများကမူ ယခင် ဗြိတိသျှအစိုးရလက်ထက်တွင် ဗိုလ်မောင်တောဆိုသူအား မြို့ဝန်အဖြစ်ခန့်ထားအုပ်ချုပ်ခဲ့ရာမှ မောင်တောမြို့ဟု ခေါ်တွင်သည်ဟုလည်းကောင်း၊ နတ်မြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် တပ်ချောင်းအနီး စစ်ရေးစစ်ရာအချက်အချာကျသည့် မုံတောအရပ်တွင်တပ်ချခဲ့ပြီး အဆိုပါဒေသသို့ လူများအခြေချနေထိုင်လာကြသဖြင့် မုံတောမှ မောင်တောဟု အမည်တွင်လာသည် ဟုလည်းကောင်း ဆိုကြသည်။
မြို့ပေါ်ဧရိယာ ၁.၈၇ စတုရန်းမိုင် (၄.၈ စတုရန်း ကီလိုမီတာ) ရှိသည်။[၂] မြို့ပေါ်လူဦးရေမှာ ၃၄၀၂၄-ဖြစ်ပြီး မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ ၅.၂ သိန်းကျော် ရှိသည်။ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် လူဦးရေ အထူထပ်ဆုံး မြို့နယ်တစ်ခု ဖြစ်ကာ ရိုဟင်ဂျာအများစု နေထိုင်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေတိုးပွားမှု အမြင့်ဆုံးဒေသ ဖြစ်သည်။ မြို့ပေါ် သောက်သုံးရေအတွက် မြို့အရှေ့ဘက် သုံးမိုင်တွင် တောင်ကြောတစ်ဖက်ပိတ် ဆည် ရှိသည်။[၃]
လွတ်လပ်ရေးရပြီးနောက် မောင်တောမြို့သည် စစ်တွေခရိုင်တွင် ပါဝင်ခဲ့ပြီး ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၉၆၄ ခုနှစ်အထိ မေယုနယ်ခြားခရိုင်တွင် ပါဝင်ခဲ့သည်။[၂]
မောင်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး မောင်တောခရိုင်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မိုင်ပေါင်း (၁၆၈)မိုင် ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်။ နတ်မြစ်မြစ်သည် မြောက်မှတောင်သို့ နယ်ခြားမြစ် အဖြစ်စီးဆင်းလျက်ရှိသည်။ အရှေ့လောင်ဂျီတွဒ် ၉၂ံ ၂၂'၀" မှ မြောက်လတ္တီတွဒ် ၂ဝံ ၄၉' ၀" အကြား တည်ရှိသည်။ မောင်တောမြို့၏ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့၊ တောင်ဘက်တွင် ရသေ့တောင်မြို့ နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် နတ်မြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရှိကြသည်။ ဧရိယာစတုရန်းမိုင်ပေါင်း(၅၈၂.၉၂)မိုင် ကျယ်ဝန်းသည်။ အရှေ့အနောက် (၈.၁၄)မိုင်ကျယ်ပြန့်ပြီး တောင်မြောက် (၇၂)မိုင်ရှည်လျားသည်။ ၂၀၀၈ခုနှစ်တွင် လူဦးရေ လေးသိန်းနီးပါး ရှိနေပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၀)ပေခန့် မြင့်သည်။ မောင်တောမြို့တွင် ရခိုင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန်၊ ဗမာ၊ ချင်းနှင့် ရိုဟင်ဂျာလူမျိုးများနေထိုင်လျက်ရှိသည်။ [၄] [၅] [၆]
မောင်တောမြို့သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အပူဆုံးလမှာ မေလဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်သည်။ တစ်နှစ်လျှင် မိုးရေချိန် ၁၇၃ လက်မခန့်ရွာသည်။
မောင်တောမြို့ မှ ဘူးသီးတောင်မြို့ သို့ (၁၆)မိုင်ကွာဝေးပြီး ရာသီမရွေးသွားလာနိုင်သည်။ ဘူးသီးတောင်မြို့ မှတဆင့် စစ်တွေမြို့သို့ သင်္ဘော၊ အမြန်လျှပ်ပြေးရေယာဉ်ဖြင့် သွားလာနိုင်သည်။ မောင်တောမြို့ မှ စစ်တွေမြို့ သို့ (၉၆)မိုင်ကွာဝေးသည်။
မောင်တော မှ အလယ်သံကျော်သို့ (၁၂)မိုင် (၆)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ အလယ်သံကျော် မှ အငူမော်သို့ (၄၉)မိုင် (၂)ဖာလုံရှိပြီး မြေသားလမ်းဖြစ်သည်။ အငူမော်မှာ စစ်တွေမြို့၏တစ်ဖက်ကမ်း မေယုမြစ်၀တွင်ရှိသည်။ စစ်တွေ မှ အငူမော်သို့ ကူးတို့မော်တော်ငယ်များဖြင့် သွားလာနိုင်သည်။
မောင်တော မှ ကြိမ်ချောင်း သို့ (၂၀)မိုင် (၃)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ ကြိမ်ချောင်း မှ အောင်သပြေသို့ (၂၃)မိုင် (၅)ဖာလုံရှိသည့် မြေသားလမ်းဖြစ်သည်။
မောင်တော မှ ကြိမ်ချောင်း၊ ကြိမ်ချောင်း မှ တောင်ပြိုလက်ဝဲမြို့သို့ (၂၀)မိုင် (၅)ဖာလုံ ရှိသည်။
မြို့တွင်းအဓိကလမ်းများမှာ လမ်းမကြီး(မင်းဗာကြီးလမ်း)၊ ဦးဥတ္တမလမ်း တို့ဖြစ်သည်။
မောင်တောမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အမျှ တစ်ဘက်နိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဒေသထွက်ကုန်များမှာ ငါး၊ငါးပိ ငါးခြောက်၊ စပါး၊ သီဟိုသရက်၊ သရက်၊ တညင်း၊ ရော်ဘာ၊ ငရုတ်၊ ငရုတ်ကောင်း၊ ကျွန်းသစ်၊ ရော်ဘာ၊ မဟော်ဂနီ၊ ပျဉ်းကတိုးနှင့် သစ်အမျိုးမျိုးတို့ ဖြစ်သည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.