၁၀၂၇ စစ်ဆင်ရေး
From Wikipedia, the free encyclopedia
၁၀၂၇ စစ်ဆင်ရေး (အင်္ဂလိပ်: Operation 1027) သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များအား တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။[16][17][18]
| ||||||||||||||||||||||||||||||||||||||
ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ကောင်စီအဖွဲ့များအား တပြိုက်နက်တည်း တိုက်ခိုက်ခဲ့သည်။[19][20] ယင်းနောက် ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မိုးကုတ်၊ မန္တလေးနှင့် ထီးချိုင့်မြို့နယ်များတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[21][22][23] ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီစခန်း ၁၆၈ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။[24] အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဲ့သို့သော စစ်ကောင်စီဆန့်ကျင်နေသည့် အဖွဲ့များကလည်း စစ်ဆင်ရေးတွင် ပါဝင်ပံ့ပိုးခဲ့ကြသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကယားပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ၁၁၀၇ စစ်ဆင်ရေး နှင့် ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့ကြသည်။[25]
ရက္ခိုင့်တပ်တော် သည် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်မှ ရခိုင်ဒေသစစ်ဆင်ရေးအား စတင်ခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ သည် တရုတ်အစိုးရ ၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော် နှင့် တရုတ်နိုင်ငံတွင်ပြုလုပ်သည့် တတိယအကြိမ်ဆွေးနွေးမှတဆင့်ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီချက် ဖြင့် ရခိုင်ပြည်နယ် တွင်းမပါဘဲ ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ရန် သဘောတူလိုက်ကြပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည၉ နာရီ မှစ၍ ယာယီအပစ်ရပ်ကြသည်။