အမေရိကန်ပြည်ထောင်စု
မြောက်အမေရိကရှိ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ / From Wikipedia, the free encyclopedia
အမေရိကန်ပြည်ထောင်စု (အင်္ဂလိပ်: The United States of America) ကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်(Federal Democratic) သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် (၅၀)နှင့် ပြည်ထောင်စုနယ်မြေ (၁)နယ် ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကအလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် (၄၈)ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီ တို့သည် ပစိဖိတ် နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကြားတွင် မြောက်ဘက်တွင် ကနေဒါနိုင်ငံနှင့် တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံတို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။ အလက်စကာပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကနေဒါနှင့် အနောက်ဘက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ ရုရှားနိုင်ငံတို့ ရှိကြသည်။ ဟာဝိုင်အီပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။
အမေရိကန်ပြည်ထောင်စု United States of America | |
---|---|
ဆောင်ပုဒ်: In God We Trust (ကျွန်ုပ်တို့ယုံကြည်ရာ ဘုရားသခင်ထံမှာ) | |
နိုင်ငံတော် သီချင်း: The Star-Spangled Banner | |
မြို့တော် | ဝါရှင်တန်ဒီစီမြို့ |
အကြီးဆုံးမြို့ | နယူးယောက်မြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ်ဘာသာ |
လူမျိုးစု | လူဖြူ (၆၅.၁%)၊ လက်တင် (၁၄.၈%)၊ အာဖရိကန်(၁၂.၈%)၊ အာရှ (၄.၄%)၊ မူရင်းအမေရိကန်တိုင်းရင်သား (၁.၂%)၊ ကပြား (၁.၆%) |
ကိုးကွယ်မှု | ခရစ်ယာန် (၇၈.၅%)၊ ဘာသာမဲ့ (၁၂.၁%)၊ အခြား (၂.၅%)၊ ရဟူဒီ (၁.၇%)၊ ဗုဒ္ဓ (၀.၇%)၊ အစ္စလာမ် (၀.၆%) |
အမျိုးအစား | ဖက်ဒရယ် သမ္မတစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံ |
အစိုးရ | |
• သမ္မတ | ဂျိုး ဘိုင်ဒင် |
• ဒု သမ္မတ | ကာမလာ ဟဲရစ် |
ဥပဒေပြုလွှတ်တော် | အမေရိကန်ပြည်ထောင်စု ကွန်ဂရက် |
ဆီးနိတ် | |
ကိုယ်စားလှယ်များလွှတ်တော် | |
တည်ထောင် | |
၄ ဇူလိုင် ၁၇၇၆ ခုနှစ် | |
• လွတ်လပ်ရေးသတ်မှတ် | ၃ စက်တင်ဘာ ၁၇၈၃ |
• အုပ်ချုပ်မှုဥပဒေကာလပေါ် | ၂၁ ဇွန် ၁၇၈၈ |
ဧရိယာ | |
• စုစုပေါင်း | ၉,၈၂၆,၆၃၀ km² (၃,၇၉၄,၀၆၆ sq mi) (အဆင့်: ၃/၄) |
• ရေထု (%) | ၆.၇၆ |
လူဦးရေ | |
• ခန့်မှန်း | ၃၀၄,၆၀၉,၀၀၀ (၂၀၀၇) (အဆင့် - ၃) |
• သိပ်သည်းမှု | ၃၁/km² (၈၀/sq mi) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | $၁၅.၀၉၄ ထရီလီယံ (အဆင့် - ၁) |
• Per capita | $၄၈,၃၈၆ (အဆင့် - ၈) |
HDI | ၀.၉၁၀ အလွန်မြင့် · ၄ |
ငွေကြေး | အမေရိကန်ဒေါ်လာ (USD "$") |
တယ်လီဖုန်းကုဒ် | +၁ |
Internet TLD | .us .gov .mil .edu |
အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နှင့် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာပေါ်တွင် စုစုပေါင်း အကျယ်အဝန်းအားဖြင့် စတုတ္တမြောက် အကြီးဆုံးနှင့် ကုန်းမြေအကျယ်အဝန်းနှင့် လူဦးရေအားဖြင့် တတိယမြောက် အကြီးမား အများပြားဆုံး ဖြစ်သည်။ နိုင်ငံအများအပြားမှ လူအများအပြား ရွှေ့ပြောင်းနေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် လူမျိုးစု အများဆုံး ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအစုံလင်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီယံ မျှရှိသည်။ (nominal GDP အားဖြင့် တစ်ကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး တစ်ကမ္ဘာလုံး ဝယ်ယူသည့်တန်ဖိုး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။)
အမေရိကန်သည် အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်တွင်ရှိသော ဗြိတိန်နိုင်ငံ၏ ကိုလိုနီနယ်မြေ (၁၃)ခု ပူးပေါင်း၍ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၆-ခုနှစ် ဇူလိုင်လ (၄)ရက်တွင် လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းမှ အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး ကွန်ဖယ်ဒရေးရှင်းဟုခေါ်သည့် ပြည်နယ်များကိုပူးပေါင်းထားသော ပြည်ထောင်စုကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဆုံးစစ်ပွဲဖြစ်သော အမေရိကန်တော်လှန်ရေးစစ်အတွင်း ၌ ပုန်ကန်ထကြွသော ပြည်နယ်တို့သည် ဗြိတိန်တို့ကို ခြေမှုန်းအောင်နိုင်ခဲ့သည်။ ဖက်ဒရယ်ညီလာခံမှ အမေရိကန်ပြည်ထောင်စု၏ ယခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် စတင် ကျင့်သုံးခဲ့သည်။ နောက်နှစ်များတွင် ထပ်မံအတည်ပြုချက်အရ ပြည်နယ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်မှု အားကောင်းသော နိုင်ငံ၏အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ ပြည်သူတို့၏ အခြေခံအခွင့်အရေး အများအပြား နှင့် လွတ်လပ်မှုကို အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်ပါဝင်သည်။ အခွင့်အရေးဆိုင်ရာဥပဒေ (The Bill of Rights) ကို ၁၇၉၁ တွင် အတည်ပြုခဲ့သည်။
၁၉ရာစုတွင် အမေရိကန်ပြည်ထောင်စုသည် ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ မက္ကဆီကိုနှင့် ရုရှားနိုင်ငံတို့မှ နယ်မြေများကို ရယူခဲ့ပြီး တက္ကဆက်နိုင်ငံ နှင့် ဟာဝိုင်အီနိုင်ငံတို့ကို ပြည်ထောင်စု အတွင်းသို့ ထည့်သွင်းခဲ့သည်။ ပြည်နယ်အခွင့်အရေးနှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်းနှင့် စက်မှုထွန်းကားသော အမေရိကန် မြောက်ပိုင်းတို့ အငြင်းပွားကြခြင်းနှင့် ကျွန်စနစ်ကို ချဲ့ထွင်ခြင်းတို့ကြောင့် ၁၈၆၀ နှစ်များတွင် အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းမှ အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံပြိုကွဲမည့်အရေးကို တားဆီးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် တရားဝင် ကျွန်စနစ်ကို ချုပ်ငြိမ်းစေခဲ့သည်။ စပိန်-အမေရိကန် စစ်ပွဲ နှင့် ပထမကမ္ဘာစစ်တို့မှ အမေရိကန်အား စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် စေခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စုသည် နျူးကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှင့် နေတိုးကို စတင်တည်ထောင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ ၂၀ရာစုနှောင်းပိုင်းတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းက အမေရိကန်ပြည်ထောင်စုအား တစ်ခုတည်းသော မဟာအင်အားကြီး နိုင်ငံတစ်ခု အဖြစ် ကျန်ရစ်ခဲ့စေသည်။ အမေရိကန်၏ စစ်သုံးစရိတ်သည် တကမ္ဘာလုံးစစ်သုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းမျှရှိပြီး ကမ္ဘာပေါ်တွင် စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှုအရ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။