![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/bc/Burma_en.png/640px-Burma_en.png&w=640&q=50)
အထက်မြန်မာပြည်
From Wikipedia, the free encyclopedia
အထက်မြန်မာပြည်မှာ မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများဖြစ်သည်။ မန္တလေးနှင့် သူ၏အဆက်အစပ် အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်း၊ အရှေ့ပိုင်း တောင်တန်းဒေသများစွာ ဖြစ်သည်။ ထိုအခေါ်ကို အင်္ဂလိပ်များမှ စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်များက သိမ်းယူထားပြီး အထက်မြန်မာပြည်ကို မြန်မာမင်းက အုပ်ချုပ်နေသည်။ သမိုင်းအရ အဓိကအားဖြင့် ဗမာများဖြစ်ပြီး အောက်မြန်မာပြည်မှာ ၁၉ ရာစုမတိုင်ခင်အထိ မွန်စကားပြောရာဒေသ ဖြစ်သည်။ ကိုလိုနီခေတ်တွင် တောင်တန်းဒေသနှင့်ပေါင်းကာ အုပ်ချုပ်ရေးနယ်ပယ်တစ်ခုအဖြစ် ထားခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/b/bc/Burma_en.png/640px-Burma_en.png)
အထက်နှင့် အောက်ကို အချို့သောအစိုးရနယ်ပယ်တွင် တွင်ကျယ်စွာအသုံးပြုသေးသည်။ ဥပမာ- ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)နှင့် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တို့ ဖြစ်သည်။ ဗမာစကားတွင် အထက်မြန်မာပြည်မှလူကို အညာသားနှင့် အောက်မြန်မာပြည်မှလူကို အောက်သားဟု ခေါ်သည်။
အထက်မြန်မာပြည်တွင် ကုန်းတွင်းပိုင်းဖြစ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ပါဝင်သည်။ အောက်မြန်မာပြည်တွင် ကမ်းရိုးတန်းဒေသများနှင့် တောင်ပိုင်းဒေသများ ပါဝင်သည်။ အထက်မြန်မာပြည်ရှိ အနိမ့်ပိုင်းလွင်ပြင်ဒေသများတွင် ဗမာလူမျိုးအများစုနေထိုင်ကြပြီး တောင်တန်းဒေသများတွင် ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးများ နေထိုင်ကြသည်။ လူဦးရေ ၂၃ သန်းကျော်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး၊ သဘာဝတွင်းထွက်များ ပေါကြွယ်ဝကာ၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ အကြီးမြို့ ဆယ်မြို့တွင် ပါဝင်သော မန္တလေး၊ တောင်ကြီး၊ မုံရွာနှင့် မြစ်ကြီးနားတို့သည် အထက်မြန်မာပြည်တွင် တည်ရှိသည်။