ဖိလစ်ပိုင်နိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ဖိလစ်ပိုင်နိုင်ငံ (/ˈfɪləpiːnz/ ( နားဆင်))၊ တရားဝင်အမည် ဖိလစ်ပိုင်သမ္မတနိုင်ငံသည် အရှေ့တောင်အာရှရှိ ကျွန်းစုနိုင်ငံတစ်ခု ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တည်ရှိပြီး ကျွန်းပေါင်း ၇,၆၄၁ ခု ပါဝင်ကာ[12] မြောက်ဘက်မှ တောင်ဘက်သို့ လူဇွန်း၊ ဗီဆားယပ် နှင့် မင်းဒါးနောင်း ဟူ၍ အဓိက ပထဝီဒေသကြီး သုံးခု အဖြစ် ပိုင်းခြားထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်မှာ မနီလာမြို့ ဖြစ်ပြီး လူဦးရေအများဆုံးမြို့မှာ ကွီဇွန်းစီးတီး ဖြစ်ကာ နှစ်မြို့စလုံးသည် မက်ထရိုမနီလာတွင် ပါဝင်သည်။ [13]အနောက်ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့ဘက်တွင် ဖိလစ်ပိုင်ပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဆဲလဘီး ပင်လယ်တို့ဖြင့် ဝန်းရံလျက်ရှိပြီး မြောက်ဘက်တွင် ထိုင်ဝမ်နိုင်ငံ၊ အနောက်ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အရှေ့ဘက်တွင် ပလောင်းနိုင်ငံ၊ တောင်ဘက်တွင် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ တည်ရှိသည်။
ဖိလစ်ပိုင်သမ္မတနိုင်ငံ Republika ng Pilipinas (Filipino) | |
---|---|
ဆောင်ပုဒ်: "Maka-Diyos, Maka-tao, Makakalikasan at Makabansa"[1] "For God, People, Nature and Country" | |
နိုင်ငံတော် သီချင်း: Lupang Hinirang (မြန်မာ: "ရွေးချယ်ထားသောမြေ") | |
မြို့တော် | မနီလာမြို့ (de jure) 14°35′N 120°58′E မက်ထရို မနီလာ[မှတ်စု 1] (de facto) |
အကြီးဆုံးမြို့ | ကေဇွန်းစီးတီး ( ကွီဇုံ မြို့ပြ ) 14°38′N 121°02′E |
ရုံးသုံး ဘာသာစကားများ | |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | |
National sign language | Filipino Sign Language |
Other recognized languages[မှတ်စု 2] | |
လူမျိုးစု (၂၀၁၅) |
|
ကိုးကွယ်မှု |
|
Demonym | Filipino (masculine and neutral) Filipina (feminine) Pinoy (used for certain common nouns) |
အစိုးရ | ပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံ |
• သမ္မတ | ဘွန်ဘွန်မားကို့စ် |
• ဒုသမ္မတ | ဆာရာ ဒူတာတေး |
• ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ | Tito Sotto |
• ကိုယ်စားလှယ်များလွှတ်တော်ဥက္ကဋ္ဌ | Lord Allan Velasco |
• တရားသူကြီးချုပ် | Alexander Gesmundo |
ဥပဒေပြုလွှတ်တော် | ကွန်ဂရက်လွှတ်တော် |
ဆီးနိတ်လွှတ်တော် | |
ကိုယ်စားလှယ်များလွှတ်တော် | |
လွတ်လပ်ရေးရရှိခြင်း အမေရိကန်ပြည်ထောင်စုမှ | |
၁၈၉၈ ခုနှစ် ဇွန်လ ၁၂ ရက် | |
၁၈၉၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် | |
၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၃၀၀,၀၀၀ km2 (၁၂၀,၀၀၀ sq mi) (အဆင့်: ၇၂) |
• ရေထု (%) | ၀.၆၁[5] (inland waters) |
၂၉၈,၁၇၀ km2 (၁၁၅,၁၂၀ sq mi) | |
လူဦးရေ | |
• ၂၀၂၀ သန်းခေါင်စာရင်း | ၁၀၉,၀၃၅,၃၄၃[6] |
• သိပ်သည်းမှု | ၃၃၆/km2 (၈၇၀.၂/sq mi) (အဆင့် - ၄၇) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁ ထရီလီယံ[7] (အဆင့် - ၂၉) |
• Per capita | $၉,၀၆၁[7] (အဆင့် - ၁၁၅) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၄၀၂.၆၃၈ ဘီလီယံ[7] (အဆင့် - ၃၂) |
• Per capita | $၃,၆၄၆[7] (အဆင့် - ၁၁၈) |
Gini (၂၀၁၈) | ၄၂.၃[8] အလယ် · ၄၄ |
HDI (၂၀၁၉) | ၀.၇၁၈[9] မြင့် · ၁၀၇ |
ငွေကြေး | ဖိလစ်ပိုင် ပီဆို (₱) (PHP) |
အချိန်ဇုန် | PST (UTC+08:00) |
ရက်စွဲပုံစံ | mm/dd/yyyy |
ယာဉ်ကြောစနစ် | ညာ[မှတ်စု 3] |
တယ်လီဖုန်းကုဒ် | +၆၃ |
Internet TLD | .ph |
ပစိဖိတ် ချော်ရည်ပူရပ်ဝန်းပေါ်တွင် တည်ရှိခြင်း နှင့် အီကွေတာနှင့် နီးကပ်ခြင်းတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ငလျင် နှင့် တိုင်ဖွန်းမုန်တိုင်း စသော သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသကဲ့သို့ ပေါများလှသော သဘာဝ အရင်းအမြစ်များ နှင့် ကမ္ဘာပေါ်တွင် အများပြားဆုံး ဇီဝမျိုးကွဲများ ရှိရာဒေသလည်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဧရိယာမှာ ၁၂၀,၀၀၀ စတုရန်းမိုင် (၃၀၀,၀၀၀ စတုရန်း ကီလိုမီတာ)[14][15] ရှိပြီး ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ နှင့် ကမ္ဘာ့ဘဏ်တို့၏ စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်တွင် လူဦးရေ အနည်းဆုံး သန်း၁၀၀ မျှ ရှိသည်။[16]၂၀၁၈ ခုနှစ်တွင် အာရှတွင် အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး တကမ္ဘာလုံးတွင် လူဦးရေအများဆုံး အဆင့် ၁၂ ရှိသည်။ ဖိလစ်ပိုင်လူမျိုး ၁၀ သန်းခန့် သည် နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်ကြသဖြင့် [17] ကမ္ဘာပေါ်တွင် နိုင်ငံပြင်ပ နေထိုင်သူ အများဆုံးနိုင်ငံဖြစ်သည်။ ကျွန်းများတလျှောက်တွင် လူမျိုးအစု အများအပြားနှင့် ယဉ်ကျေးမှု အများအပြားကို တွေ့နိုင်သည်။ သမိုင်းမတင်မီခေတ်က နီဂရီတိုများသည် ကျွန်းများတွင် အစောဆုံး နေထိုင်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့နောက်တွင် အော်စထရိုနီးရှန်းလူမျိုးများ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာခဲ့သည်။ [18]မလေး၊ အိန္ဒိယ၊ အာရပ် နှင့် တရုတ် တိုင်းပြည်များနှင့် ကုန်ဖလှယ်မှုများ ရှိခဲ့သည်။ ထို့နောက်တွင် အပြိုင်အဆိုင်ဖြစ်သော ပင်လယ်ဒေသ တိုင်းပြည်များကို ဒါတုများ၊ ရာဂျာများ၊ စူလတန်များ နှင့် လာကန်း များမှ တည်ထောင်ခဲ့ကြသည်။
၁၅၂၁ ခုနှစ်တွင် ပေါ်တူဂီ စူးစမ်းရှာဖွေသူ ဖာဒီနန် မဂျဲလန်မှ စပိန်သင်္ဘောများကို ဦးဆောင်၍ အရှေ့ဆာမားရှိ ဟိုမွန်ဟွန်ဒေသသို့ ရောက်ရှိလာခဲ့ပြီးနောက် စပိန်တို့၏ ကိုလိုနီပြုမှု စတင်ခဲ့သည်။ ၁၅၄၃ ခုနှစ်တွင် စပိန် စူးစမ်း ရှာဖွေသူ ရိုင်လိုပက်ဇ် ဒီ ဗီလာလိုဘို မှ ကျွန်းစုများအား စပိန်ဘုရင် ဒုတိယမြောက်ဖိလစ်ကို ဂုဏ်ပြုသည့် အနေနှင့် လာ့ အစ်စလာ ဖီလီပီနာ ဟု အမည်ပေးခဲ့သည်။ ၁၅၆၅ ခုနှစ်တွင် မက္ကဆီကိုစီးတီးမှ မစ်ဂူယယ် လိုပက်ဇ် ဒီ လယ်ဂပ်ဇီ ရောက်ရှိလာပြီးနောက် ကျွန်းစုများပေါ်တွင် ပထမဆုံး စပိန်တို့၏ အခြေချနေထိုင်မှုကို စတင်တည်ထောင်ခဲ့သည်။[19] ဖိလစ်ပိုင်သည် စပိန်အင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် နှစ်ပေါင်း ၃၀၀ ကျော်မျှ တည်ရှိခဲ့သည်။ ထို့အတွက်ကြောင့် အဓိက ကိုးကွယ်သည့်ဘာသာမှာ ကက်သလစ် ဘာသာ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် မနီလာမှာ ပစိဖိတ်ဖြတ်သန်း ကုန်သွယ်မှု အတွက် အနောက်ဘက် အချက်အချာ ဒေသ ဖြစ်လာခဲ့ပြီး အာရှအား မက္ကဆီကိုနိုင်ငံရှိ အာကာပူလ်ကိုမြို့ နှင့် မနီလာ ဂယ်လီယွန်ဟု ခေါ်သည့် ကမ္ဘာပတ် စပိန် ကုန်သွယ် သင်္ဘောများဖြင့် ဆက်သွယ်ပေးခဲ့သည်။[20]
၁၉ ရာစုမှ ၂၀ ရာစုသို့ ပြောင်းလဲလာသော အခါတွင် ဖိလစ်ပိုင်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် ခေတ္တမျှသာ သက်တမ်းရှိသော ပထမဆုံး ဖိလစ်ပိုင် သမ္မတနိုင်ငံတော်ကို မွေးဖွားပေးခဲ့ကာ ထို့နောက်တွင် သွေးစွန်းသော ဖိလစ်ပိုင်-အမေရိကန် စစ်ပွဲ ဖြစ်ပွားခဲ့သည်။[21] ထိုစစ်ပွဲကြောင့် အပါအဝင် နောက်ဆက်တွဲ ဖြစ်ပွားသော ကာလဝမ်းရောဂါကပ်ဘေးကြောင့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူ ထောင်ဂဏန်း နှင့် အရပ်သား သောင်းဂဏန်း သေဆုံးခဲ့ရသည်။[22][23][24][25] ဂျပန်တို့ ဝင်ရောက်သိမ်းယူသည့် အချိန်မှလွဲ၍ အမေရိကန်ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်အထိ ကျွန်းများ၏ အချုပ်အခြာအာဏာကို ထိန်းချုပ်ထားခဲသည်။ ထို့နောက်တွင် ဖိလစ်ပိုင်အား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှ စ၍ တပေါင်းတစည်းတည်းဖြစ်သော အချုပ်အခြာအာဏာနိုင်ငံသည် ဆူညံပွက်လောရိုက်နေသော ဒီမိုကရေစီစနစ်၏ အတွေ့အကြုံကို မကြာခဏ တွေ့ကြုံခံစားခဲ့ရပြီး အကြမ်းမဖက်သော တော်လှန်ရေးဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ခြင်းလည်း အပါအဝင် ဖြစ်သည်။[26]
ဖိလစ်ပိုင်နိုင်ငံသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အာဆီယံ၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နှင့် အရှေ့အာရှ ထိပ်သီးနိုင်ငံများ အဖွဲ့တို့ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သောနိုင်ငံဖြစ်သည်။ ထို့ပြင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဌာနချုပ် တည်ရှိရာ နိုင်ငံလည်း ဖြစ်သည်။[27] ဖိလစ်ပိုင်အား ထွန်းသစ်စ ဈေးကွက်နိုင်ငံ နှင့် စက်မှုပြောင်းလဲရေး နိုင်ငံအသစ် အဖြစ် မှတ်ယူကြပြီး [28] စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးမှ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုတို့သို့ ပိုမို အခြေခံသော စီးပွားရေး အဖြစ် ပြောင်းလဲလျက် ရှိသည်။ [29] အရှေတောင်အာရှတွင် အရှေ့တီမောနိုင်ငံ နှင့် အတူ ခရစ်ယာန်ဘာသာ အဓိက ကိုးကွယ်ရာ နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိသည်။