ဆိုင်ကလုန်းမုန်တိုင်း မိုခါ
၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ / From Wikipedia, the free encyclopedia
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (အင်္ဂလိပ်: Extremely Severe Cyclonic Storm Mocha) သည် ၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား ဝင်ရောက်တိုက်ခတ်ခဲ့သော မြောက်အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ၏ ဒုတိယမြောက် မုန်တိုင်းငယ်၊ ပထမမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သော မိုခါကို အိန္ဒိယမိုးလေဝသဌာနက မေလ ၈ ရက်နေ့တွင် စတင်မှတ်တမ်းတင်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ စတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလာခဲ့ကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ မုန်တိုင်းမျက်စိဖြစ်ပေါ်လာပြီးနောက် မိုခါသည် လျင်မြန်စွာအားကောင်းလာခဲ့ကာ မေလ ၁၄ ရက်နေ့တွင် အဆင့် ၅ သို့ ရောက်ရှိလာခဲ့ပြီး တစ်မိနစ်အကြာ လေတိုက်နှုန်းမှာ၂၈၀ km/h (၁၇၅ mph) ဖြစ်သည်။ ကုန်းတွင်းပိုင်းအနီးသို့ ရောက်ချိန်တွင် အဆင့်-၄ မုန်တိုင်းအဖြစ် အားလျော့လာကာ တစ်မိနစ်အကြာ လေတိုက်ခတ်နှုန်းမှာ ၂၅၀ km/h (၁၅၅ mph) ဖြစ်သည်။
မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခါနီး အမြင့်ဆုံးအင်အားရောက်နေသော ဆိုင်ကလုန်းမိုခါ | |
ဇလဗေဒ ရာဇဝင် | |
---|---|
ဖြစ်ပေါ် | ၉ မေ ၂၀၂၃ |
ကွယ်ပျောက် | ၁၅ မေ ၂၀၂၃ |
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း | |
3-မိနစ်ကြာ လေတိုက်နှုန်း (IMD) | |
အမြင့်ဆုံး လေတိုက်နှုန်း | ၁၁၅ |
အနိမ့်ဆုံး လေဖိအား | ၉၃၁ hPa (mbar); ၂၇.၄၉ inHg |
အဆင့် ၅ နှင့်ညီသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း | |
1-မိနစ်ကြာ လေတိုက်နှုန်း (SSHWS/JTWC) | |
အမြင့်ဆုံး လေတိုက်နှုန်း | ၁၅၀ |
အနိမ့်ဆုံး လေဖိအား | ၉၁၈ hPa (mbar); ၂၇.၁၁ inHg |
ထိခိုက်သေဆုံးမှုများ | |
သေဆုံးမှု | ၁၅၂ ဦး (အာဆီယံ) - ၄၆၃ ဦး (NUG) |
ဒဏ်ရာရ | ၇၁၉ |
ပျောက်ဆုံး | ≥၁၀၁ |
ပျက်စီး | ၁၀၇၀၀၀၀ |
သက်ရောက်သော ဧရိယာ | ကပ္ပလီကျွန်း၊ သီရိလင်္ကာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ယူနန် |
IBTrACS / [1][2][3][4][5] | |
၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ ၏ တစ်စိတ်တစ်ပိုင်း |
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မုန်တိုင်းတိမ်းရှောင်နိုင်ရန် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာက ကူညီပေးခဲ့သည်။[6] စစ်တွေမြို့၊ ပေါက်တောမြို့၊ မြေပုံမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိ ဒေသခံများအား အနိမ့်ပိုင်းနှင့် ကမ်းခြေဒေသများမှ ရွှေ့ပြောင်းထွက်ခွာကြရန် အာဏာပိုင်များက အမိန့်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းမှ လူငါးသိန်းခန့်အား ရွှေ့ပြောင်းစေခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့များအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် အစိုးရက ကြေညာခဲ့သည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရွာအများအပြား ပျက်စီးခဲ့သည်။
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူအရေအတွက်မှာ သိသိသာသာ ကွဲပြားလျက်ရှိသည်။ အာဆီယံ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ စုစုပေါင်းမှာ ၁၅၂ ဦး ဖြစ်ပြီး[7] အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်မှ သုံးဦးအပါအဝင် အနည်းဆုံး ၄၆၃ ဦး သေဆုံးသည်ဟု ဆိုသည်။ မုန်တိုင်းကြောင့် ၇၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၀၁ ဦး ပျောက်ဆုံးလျက်ရှိသည်။[8][5] ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁.၀၇ သန်းဖိုး ဖြစ်သည်။[9]