၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ From Wikipedia, the free encyclopedia
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (အင်္ဂလိပ်: Extremely Severe Cyclonic Storm Mocha) သည် ၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား ဝင်ရောက်တိုက်ခတ်ခဲ့သော မြောက်အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ၏ ဒုတိယမြောက် မုန်တိုင်းငယ်၊ ပထမမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သော မိုခါကို အိန္ဒိယမိုးလေဝသဌာနက မေလ ၈ ရက်နေ့တွင် စတင်မှတ်တမ်းတင်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ စတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလာခဲ့ကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ မုန်တိုင်းမျက်စိဖြစ်ပေါ်လာပြီးနောက် မိုခါသည် လျင်မြန်စွာအားကောင်းလာခဲ့ကာ မေလ ၁၄ ရက်နေ့တွင် အဆင့် ၅ သို့ ရောက်ရှိလာခဲ့ပြီး တစ်မိနစ်အကြာ လေတိုက်နှုန်းမှာ၂၈၀ km/h (၁၇၅ mph) ဖြစ်သည်။ ကုန်းတွင်းပိုင်းအနီးသို့ ရောက်ချိန်တွင် အဆင့်-၄ မုန်တိုင်းအဖြစ် အားလျော့လာကာ တစ်မိနစ်အကြာ လေတိုက်ခတ်နှုန်းမှာ ၂၅၀ km/h (၁၅၅ mph) ဖြစ်သည်။
မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခါနီး အမြင့်ဆုံးအင်အားရောက်နေသော ဆိုင်ကလုန်းမိုခါ | |
ဇလဗေဒ ရာဇဝင် | |
---|---|
ဖြစ်ပေါ် | ၉ မေ ၂၀၂၃ |
ကွယ်ပျောက် | ၁၅ မေ ၂၀၂၃ |
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း | |
3-မိနစ်ကြာ လေတိုက်နှုန်း (IMD) | |
အမြင့်ဆုံး လေတိုက်နှုန်း | ၁၁၅ |
အနိမ့်ဆုံး လေဖိအား | ၉၃၁ hPa (mbar); ၂၇.၄၉ inHg |
အဆင့် ၅ နှင့်ညီသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း | |
1-မိနစ်ကြာ လေတိုက်နှုန်း (SSHWS/JTWC) | |
အမြင့်ဆုံး လေတိုက်နှုန်း | ၁၅၀ |
အနိမ့်ဆုံး လေဖိအား | ၉၁၈ hPa (mbar); ၂၇.၁၁ inHg |
ထိခိုက်သေဆုံးမှုများ | |
သေဆုံးမှု | ၁၅၂ ဦး (အာဆီယံ) - ၄၆၃ ဦး (NUG) |
ဒဏ်ရာရ | ၇၁၉ |
ပျောက်ဆုံး | ≥၁၀၁ |
ပျက်စီး | ၁၀၇၀၀၀၀ |
သက်ရောက်သော ဧရိယာ | ကပ္ပလီကျွန်း၊ သီရိလင်္ကာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ယူနန် |
IBTrACS / [1][2][3][4][5] | |
၂၀၂၃ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ ၏ တစ်စိတ်တစ်ပိုင်း |
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မုန်တိုင်းတိမ်းရှောင်နိုင်ရန် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာက ကူညီပေးခဲ့သည်။[6] စစ်တွေမြို့၊ ပေါက်တောမြို့၊ မြေပုံမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိ ဒေသခံများအား အနိမ့်ပိုင်းနှင့် ကမ်းခြေဒေသများမှ ရွှေ့ပြောင်းထွက်ခွာကြရန် အာဏာပိုင်များက အမိန့်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းမှ လူငါးသိန်းခန့်အား ရွှေ့ပြောင်းစေခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့များအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် အစိုးရက ကြေညာခဲ့သည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရွာအများအပြား ပျက်စီးခဲ့သည်။
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူအရေအတွက်မှာ သိသိသာသာ ကွဲပြားလျက်ရှိသည်။ အာဆီယံ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ စုစုပေါင်းမှာ ၁၅၂ ဦး ဖြစ်ပြီး[7] အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်မှ သုံးဦးအပါအဝင် အနည်းဆုံး ၄၆၃ ဦး သေဆုံးသည်ဟု ဆိုသည်။ မုန်တိုင်းကြောင့် ၇၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၀၁ ဦး ပျောက်ဆုံးလျက်ရှိသည်။[8][5] ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁.၀၇ သန်းဖိုး ဖြစ်သည်။[9]
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းလေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက မေလ ၂ ရက်နေ့တွင် ခန့်မှန်းခဲ့သည်။[10] မေလ ၆ ရက်နေ့တွင် အပူပိုင်းမုန်တိုင်းလေစီးကြောင်းများ စတင်ဖြစ်ပေါ်လာခဲ့သည်။[11] မေလ ၇ ရက်နေ့တွင် တဖြည်းဖြည်းအားကောင်းလာခဲ့သည်။[12] ထိုနေ့တွင်ပင် Joint Typhoon Warning Center (JTWC) က စတင်စောင့်ကြည့်ခဲ့ပြီး လေစီးကြောင်းသည် အနောက်ဘက်သို့ ဦးတည်နေခဲ့သည်။[13] မေလ ၈ ရက်နေ့တွင် လေစီးကြောင်းအား လေဖိအားနည်းရပ်ဝန်းအဖြစ် IMD က သတ်မှတ်ခဲ့သည်။[14] ထိုနေ့နောက်ပိုင်းတွင် မုန်တိုင်းငယ် (depression) အဆင့်သို့ ရောက်ရှိလာကာ မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်နေခဲ့သည်။[15] နောက်ပိုင်းတွင် JTWC က အပူပိုင်းမုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။[16] မေလ ၁၀ ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ် (deep depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး[17] မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ မရောက်မီ မိုခါ ဟု IMD က အမည်သတ်မှတ်ခဲ့သည်။[18] JTWC ကလည်း အပူပိုင်းမုန်တိုင်းအဖြစ် တိုးမြှင့်ကာ Tropical Cyclone 01B ဟု သတ်မှတ်ခဲ့သည်။[19]
လေတိုက်နှုန်း ၉၀ km/h (၅၅ mph) သို့ ရောက်ရှိလာပြီးနောက် IMD က မိုခါအား အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် 12:00 UTC အချိန်တွင် သတ်မှတ်ခဲ့သည်။[20] ဂြိုဟ်တုပုံရိပ်များတွင် မုန်တိုင်းမျက်စိဖြစ်ထွန်းနေကြောင်း တွေ့မြင်ခဲ့ရသည်။[21] On 12 May, Mocha became a very severe cyclonic storm.[22] JTWC ၏ သတ်မှတ်ချက်အရ မိုခါသည် တစ်မိနစ်အကြာ လေတိုက်ခတ်နှုန်း ၁၆၅ km/h (၁၀၅ mph) ရှိကာ ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်း လေတိုက်နှုန်း စကေး (SSHWS) အဆင့် ၂ နှင့် ညီမျှခဲ့သည်။[23] အင်အားဖြစ်ထွန်းနေစဉ်အတွင်း မုန်တိုင်းသည် မြန်မာနိုင်ငံ တောင်ပိုင်း လေစီးကြောင်းများကြောင့် မြောက်-အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေခဲ့သည်။[24] ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းရှိ သမုဒ္ဒရာအပူကြောင့် မိုခါသည် လျင်မြန်စွာ အင်အားကြီးလာခဲ့သည်။[25] 18:00 UTC အချိန်တွင် မိုခါအား အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (extremely severe cyclonic storm) အဆင့်ဟု IMD က သတ်မှတ်ခဲ့သည်။[26] မေလ ၁၃ ရက်နေ့တွင် မုန်တိုင်းမျက်စိပေါ်လာကာ တစ်မိနစ်အကြာ လေတိုက်ခတ်နှုန်းမှာ ၂၄၀ km/h (၁၅၀ mph) ရောက်ရှိလာပြီး SSHWS အဆင့် ၄ ရှိ မုန်တိုင်းပြင်းအားသို့ ရောက်ရှိလာခဲ့သည်။[27] 21:00 UTC အချိန်တွင် မိုခါသည် ယင်း၏ အမြင့်ဆုံးပြင်းအားသို့ ရောက်ရှိလာခဲ့ပြီး လေတိုက်နှုန်း ၂၂၀ km/h (၁၃၅ mph) ရှိကြောင်း IMD က ခန့်မှန်းခဲ့ရာ စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လုနီးပါး ဖြစ်ခဲ့ပြီး အနိမ့်ဆုံး လေဖိအားမှာ ၉၃၁ hPa (၂၇.၄၉ inHg) ဖြစ်သည်။[28] JTWC က မေလ ၁၄ ရက် 00:00 UTC တွင် အစောပိုင်း တိုင်းထွာချက်အရ လေတိုက်နှုန်း ၂၆၀ km/h (၁၆၀ mph) ရှိပြီး အဆင့် ၅ နှင့်ညီသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။[29] သို့သော်လည်း နောက်ပိုင်းတွင် ၂၈၀ km/h (၁၇၅ mph) ဟု ပြင်ဆင်ထုတ်ပြန်ခဲ့သည်။[30]
မိုခါသည် ကြီးမားသော မုန်တိုင်းတစ်ခုဖြစ်ခဲ့ကာ မုန်တိုင်းမျက်စိအကျယ်မှာ ၃၇ km (၂၀ nmi) ရှိခဲ့သည်။[30] မိုခါသည် မြန်မာနိုင်ငံ၊ စစ်တွေမြို့ မြောက်ပိုင်းသို့ 07:00 UTC အချိန်တွင် လေတိုက်နှုန်း ၂၁၀ km/h (၁၃၀ mph) ဖြင့် ဝင်ရောက်ခဲ့သည်။[31][32] JTWC က မုန်တိုင်းလေတိုက်နှုန်းကို ၁၉၅ km/h (၁၂၀ mph) သို့ အားလျော့သွားကြောင်း ထုတ်ပြန်ခဲ့သည်။[32] မြန်မာနိုင်ငံ၏ တောင်တန်းများကြောင့် မိုခါသည် 15:00 UTC အချိန်တွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အင်အားလျော့လာခဲ့သည်။[33]
ရခိုင်ပြည်နယ် အာဏာပိုင်များက စစ်တွေမြို့၊ ပေါက်တောမြို့၊ မြေပုံမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိဒေသခံများအား အနိမ့်ပိုင်းနှင့် ကမ်းခြေဒေသများမှ ရွှေ့ပြောင်းထွက်ခွာကြရန် လှုံ့ဆော်ခဲ့သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် အကူအညီပေးရေး အေဂျင်စီများက မိုခါမုန်တိုင်း၏ သက်ရောက်လာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။[34]မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းအဖွဲ့များ အဖွဲ့ချုပ်၏ အကူအညီဖြင့် ပြင်ဆင်နေသည်။[35] ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ လူပေါင်း ၁၈,၈၀၀ အပါအဝင် လူဦးရေ ၇၈,၂၅၀ ခန့်သည် အန္တရာယ်ရှိဒေသများမှ ပြောင်းရွေ့ခဲ့ကြသည်။ အစိုးရက လူတစ်သိန်းခန့် ခိုလှုံနိုင်ရန် နေရာများအား ပြင်ဆင်ခဲ့သည်။[36] Roughly 4,000 people evacuated from Sittwe while 20,000 other residents sought refuge in local shelters.[37] အဖွဲ့ဝင် ၃,၂၀၇ ဦး၊ ကုန်းလမ်းယာဉ် ၁,၀၀၉ စီးနှင့် ရေယာဉ် ၂၄၂ စင်းအပါအဝင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား အသင့်အနေအထားဖြင့် ပြင်ဆင်ထားခဲ့သည်။ ရခိုင်နှင့် ချင်းပြည်နယ်များတွင် ဆေးဝန်ထမ်းနှင့် အမြန်တုံ့ပြန်ရေးအဖွဲ့များအား နေရာချထားခဲ့သည်။ လူတစ်သောင်းစာအတွက် ပစ္စည်းများကိုလည်း ပြင်ဆင်ထားခဲ့သည်။ ၂၀၀၈ တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ မြန်မာအစိုးရသည် ဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာကိုင်တွယ်လာနိုင်ခဲ့သည်ဟု အာဆီယံက မှတ်ချက်ပြုခဲ့သည်။[36]
မြန်မာနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း ရခိုင်နှင့် အနီးတဝိုက်ရှိ လူထု လေးသိန်းကျော်အတွက် အထောက်အပံ့များ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့သည်။[38] ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးကလည်း ရခိုင်နှင့် အနောက်မြောက်ဒေသအား မိုခါမုန်တိုင်းဝင်ရောက်ခြင်းကြောင့် လူပေါင်း ခြောက်သန်းကျော်အတွက် အကူအညီများလိုအပ်နိုင်ကြောင်းနှင့် လူ ၁.၂ သန်းခန့် ရွှေ့ပြောင်းရန်လိုကြောင်း ပြောဆိုခဲ့သည်။[39] ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံအတွက် ရေသန့်ဆေးပြား ငါးသိန်းနှင့် အခြားအထောက်အပံ့များ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့သည်။[40] အာဆီယံ လူသားချင်းကူညီမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာကလည်း ထိုင်းနှင့် မလေးရှားနိုင်ငံရှိ ထောက်ပံ့ရေးဂိုဒေါင်များမှ လိုအပ်သော အထောက်အပံ့များအား ပို့ဆောင်နိုင်ရန် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။[41] စစ်အစိုးရသည် အစားအစာ၊ ဆေးဝါးနှင့် ဆေးဝန်ထမ်းများအား ပြင်ဆင်ထားကြောင်း နိုင်ငံပိုင်ရုပ်သံများမှ ထုတ်လွှင့်ခဲ့သည်။[42]
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်အကူအညီပေးရေးအေဂျင်စီက အစိုးရနှင့် ဒေသခံ လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးပေါ်အကူအညီများအား ပြင်ဆင်ထားလျက်ရှိကြောင်း ပြောဆိုခဲ့သည်။[43] စစ်တကောင်း၊ ကောက်ဘဇားတို့အပြင် ရန်ဂါမတိ၊ ဘန်ဒါရန်နှင့် ခါဂရာချာခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်များက သတိပေးခဲ့သည်။[44] ဖျက်အားပြင်းနိုင်သော မုန်တိုင်းအား ရှောင်ရှားနိုင်ရန် လူငါးသိန်းခန့်သည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းသို့ ပြောင်းရွှေ့ထွက်ခွာခဲ့သည်။[45] WMO က ကောက်ဘဇားတွင် လူနာတင်ယာဉ် ၄၀ နှင့် ရွေ့လျားဆေးအဖွဲ့ ၃၃ ဖွဲ့ကို နေရာချထားသည်။[46]
အာဏာပိုင်များက ပြည်တွင်းရေကြောင်းခရီးစဉ်များအား မေလ ၁၃ ရက်နှင့် Shah Amanat အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းခရီးစဉ်များကို မေလ ၁၄ ရက်နေ့တွင် ရပ်နားစေခဲ့သည်။[47] ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းမှ လူငါးသိန်းခန့်အား ရွှေ့ပြောင်းသော အစီအစဉ်အား စတင်ခဲ့သည်။[48] မေလ ၁၄ ရက်နေ့တွင် ကောက်ဘဇားမှ လူဦးရေ ၁.၂၇ သန်းခန့်နှင့် စစ်တကောင်းမှ လူ ၁၀၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ကြသည်။[37][49]
အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရှိ တြိပူရ၊ မီဇိုရမ်၊ နာဂလန်း၊ အာသံတောင်ပိုင်း၊နှင့် မဏိပူရပြည်နယ်၏ ဒေသအချို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိခဲ့သည်။[50] တြိပူရ၊ မီဇိုရမ်၊ နာဂလန်း၊ မဏိပူရနှင့် အာသံပြည်နယ် အစိုးရက ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အခြားသော သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။[51]
အမျိုးသား မိုးလေဝသဗဟိုဌာနက ယူနန်ပြည်နယ် အနောက်တောင်ပိုင်းနှင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့သည်။[52][53]
မုန်တိုင်းကြောင့် လူအနည်းဆုံး ၄၆၀ သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိပြီး အများစုမှာ ရိုဟင်ဂျာဒုက္ခသည်များဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။[54][55] နိုင်ငံအဝှမ်းတွင် လူအနည်းဆုံး ၈၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့သည်။[8] သေဆုံးမှုအများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်။[56] One woman also died in the Salin Creek on 14 May.[57] Over 700 people were also injured.[58][1] မေလ ၁၈ ရက်နေ့အထိ အနည်းဆုံး လူနေအိမ် ၁၈၃,၀၂၄ လုံး၊ သာသနိကအဆောက်အအုံနှင့် ဘုန်းကြီးကျောင်း ၁,၇၇၀ ခု၊ စာသင်ကျောင်း ၁,၃၉၇ ကျောင်း၊ ဆေးရုံဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ တိုင်၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၃၄၀ ခု ပျက်စီးခဲ့သည်။[59] စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များရှိ ကျေးရွာအများအပြား ပျက်စီးခဲ့သည်။[60] ကျောက်တော်မြို့ပေါ်တွင် နေအိမ် ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။[60] စလင်းချောင်းခေါ်ဆင်ဖြူကျွန်းချောင်း ရေ မြင့်တက်ခြင်းကြောင့်စလင်း ဆင်ဖြူကျွန်းမြို့နယ်ရှိ ဆင်ဖြူကျွန်းမြို့အပါအဝင် ချောင်းရိုးတလျောက် ရွာအနည်းဆုံး ၂၀ ရွာခန့် ရေနစ်မြုပ်ခဲ့သည်။ အမျိုးသမီး၂ဦးနှင့်အမျိုးသား၅ဦးခန့်ရေနှင့်မျှောပါအသက်ဆုံးရှုံးခဲ့ရသည်။ [61] မာန်အောင်ကျွန်းတွင် အမျိုးသမီးနှစ်ဦး သေဆုံးပြီး အိမ်ခြေတစ်ထောင်ခန့် ပျက်စီးခဲ့သည်။[62] ချင်းပြည်နယ်ရှိ မြို့နယ် ခုနစ်မြို့နယ်တွင် နေအိမ်အနည်းဆုံး ၁,၁၃၆ ခန့် ပျက်စီးခဲ့သည်။[8] တာချီလိတ်မြို့နယ်တွင် မြေပြိုမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။[63]
မုန်တိုင်းဒီလှိုင်း ခန့်မှန်းအမြင့် ၃ to ၃.၅ မီတာ (၉.၈ to ၁၁.၅ ပေ) သည် ရခိုင်ကမ်းရိုးတန်းနေ လူထုအား သက်ရောက်စေခဲ့သည်။[64] ဒီရေတက်ခြင်းကြောင့် စစ်တွေမြို့နေရာအနှံ့အပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ[65] နေအိမ်များ၊ လမ်းများ ရေနစ်မြုပ်ခဲ့သည်။[66] စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်ကြီးမှာ လေပြင်းကြောင့် ကျိုးကျပျက်စီးခဲ့သည်။[67] ရန်ကုန်မြို့တွင် အိမ်အမိုးလန်ခြင်း၊ ဘေလ်ဘုတ်များလဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။[67] မုန်တိုင်းဝင်ပြီးနောက် ရခိုင်ပြည်နယ်ရှိ ဆက်သွယ်ရေးကွန်ယက်ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။[65] ချောက်မြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် မိုးရေချိန် ၂၁၈ မီလီမီတာ (၈.၅၈ လက်မ) နှင့် ၁၇၇ မီလီမီတာ (၆.၉၇ လက်မ) အသီးသီး ရွာသွန်းခဲ့ကာ ယခင်မှတ်တမ်းများထက် စံချိန်တင်မြင့်တက်ခဲ့သည်။[68] မုန်တိုင်းကြောင့် ကလေးသူငယ် ၅.၆ သန်းအပါအဝင် လူပေါင်း ၁၆ သန်းတို့အား သက်ရောက်စေခဲ့သည်။[69]
သတင်းမီဒီယာများက သေဆုံးသူအရေအတွက်အား အတည်မပြုနိုင်သေးသော်လည်း မုန်တိုင်းဒဏ်ခံရှိလူများက ရိုဟင်ဂျာ ၁၀၀ ကျော်သေဆုံးသည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။[9] ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်များသည် ရေနစ်သေဆုံးခဲ့ကြကာ အမြောက်အများပျောက်ဆုံးလျက်ရှိကြောင်း ပြောဆိုခဲ့သည်။[70]
ကောက်ဘဇားတွင် နေအိမ်အနည်းဆုံး ၂,၅၂၂ အိမ်နှင့် အခြားဒေသများတွင် ၁၀,၄၆၉ လုံး ပျက်စီးခဲ့သည်။[71] စိန့်မာတင်ကျွန်းတွင် အိမ် ၇၀၀ ခန့် ပျက်စီးခဲ့ကာ [71] အနည်းဆုံး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။[72] တက်နဖ်တွင် နေအိမ် ၅၀၀ ခန့် ပျက်စီးခဲ့သည်။[71] အခြားမြို့နယ်များတွင် နေအိမ် ၅၀ မှ ၆၀ ခန့် ပျက်စီးခဲ့သည်။[71] ကောက်ဘဇားခရိုင်တွင် စိုက်ပျိုးရေးသီးနှံများ ပျက်စီးဆုံးရှုံးမှုမှာ ဘင်္ဂလားဒေ့ရှ် ဒါကာ ၁၁၅ သန်း (အမေရိကန်ဒေါ်လာ ၁.၀၇ သန်း) ခန့် ရှိခဲ့သည်။[73] မိုခါမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။[67] မိုးသည်းထန်ခြင်းကြောင့် ဒေသအများအပြားတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆိုသည်။[74]
သီရိလင်္ကာနိုင်ငံသည် မုန်တိုင်းဒဏ်ကို အနည်းအကျဉ်းသာခံရသော်လည်း လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကာ[75] တစ်ဦး ပျောက်ဆုံးခဲ့သည်။ မုန်တိုင်းသည် တောင်ပိုင်းခရိုင်တွင် လူဦးရေ နှစ်ထောင်နီးပါးအပေါ် သက်ရောက်စေခဲ့သည်။[76] အဆိုပါလူများအား ရေကြီးရေလျှံမှုများမှ ကူညီနိုင်ရန် သီရိလင်္ကာရေတပ်က ကယ်ဆယ်ရေးအဖွဲ့ ၃၀ ခန့်ကို ချထားခဲ့သည်။[77]
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် နေအိမ် အနည်းဆုံး ၁၅၄ ခုခန့်၊ အခြားနေရာများတွင် ၈၂ လုံးနှင့် ဒုက္ခသည်စခန်း ၈ ခုတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မိုခါမုန်တိုင်းကြောင့် ကျေးရွာ ၅၀ ကျော်မှ လူဦးရေ ၅,၇၄၉ ဦးအား သက်ရောက်စေခဲ့သည်။[2][78] ကာလကတ္တားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။[79] တရုတ်နိုင်ငံတွင် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းတွင် နှင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။[80]
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။[81]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.