From Wikipedia, the free encyclopedia
၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ (東北地方太平洋沖地震 Tōhoku Chihō Taiheiyō-oki Jishin[3] , "တိုဟိုကုဒေသ (အရှေ့မြောက်ဒေသ) ပစိဖိတ်ကမ်းလွန်ငလျင်") သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်စံတော်ချိန် ၁၄ နာရီ ၄၆ မိနစ် (05:46 UTC) တွင် ဂျပန်ကမ်းလွန် ပင်လယ်ပြင်၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြီးဖြစ်ပြီး[4][5] ဂျပန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ၉.၀ MW[6] စကေးရှိ အင်အားကြီး ငလျင်ကြီးဖြစ်သည်။ ငလျင်ဗဟိုမှာ တိုဟိုကုဒေသ အိုရှိကကျွန်းဆွယ် အရှေ့ဘက်ကမ်းနှင့် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာတွင် တည်ရှိပြီး အနက်မှာ ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) ရှိသည်။[7][8]
ဆန်ဒိုင် မြောက်ဘက်ဒေသ ဆူနာမီကြောင့် ပျက်စီးသွားပုံ။ | |
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၁၄:၄၆:၂၃၊ ၁၁ မတ် ၂၀၁၁ (+၀၉:၀၀) |
ကာလ | ၅ မိနစ်[1] |
အတိုင်းအတာ | ၉.၀ Mw[2] |
အနက် | ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) |
ငလျင်ဗဟို | 38.321°N 142.369°E |
အမျိုးအစား | Megathrust earthquake |
သက်ရောက်ဧရိယာ | ဂျပန် (primary) ပစိဖိတ်တဝန်း (ဆူနာမီ) |
စုစုပေါင်းပျက်စီးမှု | ရေလွှမ်းခြင်း၊ မြေပြိုခြင်း၊ မီးလောင်းခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်း၊ နျူကလီယာ ဓာတ်ပေါင်းပို မတော်တဆမှု |
အရှိန်ထိပ် | 0.35g |
ဆူနာမီ | ရှိ |
မြေပြိုမှုများ | ရှိ |
Aftershocks | ၃၁၅ ကြိမ် (၃၀ မှာ ၆.၀ MW အထက်) |
* Deprecated | See documentation. |
ငလျင်ဖြစ်ပွားပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ ဂျပန်အပါအဝင် မြောက်အမေရိကနှင့် တောင်အမေရိကရှိ နိုင်ငံပေါင်း ၂၀ ၏ ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ပြောင်းရွှေ့ခဲ့သည်။[9][10][11] ဂျပန်ကမ်းရိုးတန်းကို ရိုက်ခတ်သည့် ဆူနာမီလှိုင်းကြီးများမှာ ၁၀ မီတာ (၃၃ ပေ) ကျော် မြင့်မားသည်။ အခြားနိုင်ငံများတွင်လည်း လှိုင်းကြီးလှိုင်းငယ်များကို ဖြစ်ပွားစေခဲ့သည်။[5] ယင်းလှိုင်းများသည် ဂျပန်၏ ကမ္ဘာအခြားတစ်ဘက်ခြမ်းရှိ ချီလီနိုင်ငံအထိပင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ဆူနာမီလှိုင်းကြီးများသည် ကုန်းမြေအတွင်းပိုင်း ၁၀ ကီလိုမီတာ (၆ မိုင်) အထိ ဝင်ရောက်တိုက်စားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။[12]
ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် လူပေါင်း ၃၃၇၃ ဦးသေဆုံး၊ ၇၅၅၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျပန်ရဲဌာနချုပ်မှ အတည်ပြု ထုတ်ပြန်ထားသည်။ သို့သော်လည်း လက်တွေ့ အသေအပျောက်ဦးရေမှာ အခုထက်များပြားနိုင်ကြောင်း ခန့်မှန်းရသည်။[13] ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံတွင် အတိုင်းအတာကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့သည်။ လူနေအိမ်ခြေများ၊ ကားလမ်းများ၊ မီးရထားလမ်းများနှင့် ရေကာတာတစ်ခု ပျက်စီးခဲ့သည်။ ဂျပန်အရှေ့မြောက်ဒေသတွင် အိမ်ခြေပေါင်း ၄.၄ သန်းကျော် လျှပ်စစ်မီး မရှိဖြစ်ခဲ့သည့်အပြင် ၁.၄ သန်းခန့်မှာ ရေမရရှိဘဲဖြစ်နေသည်။[14] လျှပ်စစ်ဓာတ်အားပေးစက် အတော်များများ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး အနည်းဆုံး နျူကလီယာ ဓာတ်ပေါင်းဖို ၃ ခု၌ မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ ဥပဒ်ဖြစ်စေနိုင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်လာကြောင်း တိုင်းတာတွေ့ရှိရသည်။[15][16] ထို့ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖူကုရှိမ အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ မီတာ ၂၀ ပတ်လည်နှင့် အမှတ် ၂ ဓာတ်အားပေးစက်ရုံမှ ၁၀ မီတာ ပတ်လည်အတွင်း နေထိုင်ကြသူများအား ပြောင်းရွှေ့ခဲ့သည်။
ဆန်ဒိုင်ငလျင်သည် အတိုင်းအတာအားဖြင့် ၁၉၀၀ ပြည့်နှစ် ငလျင်တိုင်းတာရေး မှတ်တမ်းများ စတင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသမိုင်းတွင် အင်အားအကြီးမားဆုံး ငလျင်ကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ငလျင်ဖြစ်သည်ဟု သိရသည်။[17][18][19] ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (菅直人; Naoto Kan) က "ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၆၅ နှစ်အတွင်း ဂျပန်နိုင်ငံအဖို့ အကြီးမား၊ အခဲယဉ်းဆုံး ဘေးအန္တရာယ်ဖြစ်သည်။"ဟု မတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ပြောဆိုခဲ့သည်။[20]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.