ဧရာဝတီ လင်းပိုင်
From Wikipedia, the free encyclopedia
ဧရာဝတီ လင်းပိုင် (Orcaella brevirostris) သည် အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသ၏ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ် ဂင်္ဂါမြစ် နှင့် မဲခေါင်မြစ် တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်ရှိ မဟာခန်မြစ်ကြီးထဲတွင် တွေ့ရှိရသည့် လင်းပိုင်မျိုးစိတ်တစ်ခုပင်ဖြစ်သည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်နှင့် မန္တလေးမြို့အကြားရှိ မြစ်ပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။
Orcaella brevirostris | |
---|---|
ကမ္ဘောဒီးယားနိုင်ငံရှိ ဧရာဝတီလင်းပိုင် | |
သာမန်လူသားတစ်ယောက်နှင့် အရွယ်အစားနှိုင်းယှဉ်ပုံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
Infraorder: | Cetacea |
မျိုးရင်း: | Delphinidae |
မျိုးစု: | Orcaella |
မျိုးစိတ်: | O. brevirostris |
ဒွိနာမ | |
Orcaella brevirostris | |
၂၀၁၇ ခုနှစ် ဧရာဝတီလင်းပိုင်များ ကျက်စားရာနယ်မြေ | |
Synonyms[2] | |
စာရင်း
|
ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးတွင်ရှိသော ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီ လင်းပိုင်ဟု စတွေ့သည့်သူက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ ခန့်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းရွာအနီးတွင် ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုးဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။
လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ [3]
ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်များ မြစ်အတွင်းဖြန့်ကြက် နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်း ကြား၌ လင်းပိုင် (၃၇) ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုံးတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့သည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်သည်။
ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂.၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်သည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်၊ မေခ၊ မေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆိုပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါးများ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေသည်။