အသံ
From Wikipedia, the free encyclopedia
အသံသည် ကြားခံဒြပ်သား၏ တုန်ခါမှုဖြစ်ပြီး ၎င်းတို့က (လူ အပါအဝင်) တိရစ္ဆာန်အချို့၏ နားရှိ အာရုံခံဆဲလ်တို့ထံ သက်ရောက်လျှင် ဦးနှောက်ထံသို့ (နျူရွန်များတလျှောက်) သတင်းအချက်အလက် ပေးပို့ခြင်းကြောင့် တိရစ္ဆာန်တို့က ခံစားသိရှိမှု အသွင်တမျိုး ဖြစ်ပေါ်ရသော လှုံ့ဆော်ချက်များ ဖြစ်သည်။ ထိုခံးစားသိရှိသွင်ကို “ကြားခြင်း”ဟု ခေါ်ဝေါ်ကြသည်။ လေထုအတွင်း ကုန်မြေပေါ်၌ နေထိုင်သော လူအများအဖို့ အဆိုပါ ကြားခံဒြပ်သားက များသောအားဖြင့် လေ ဖြစ်သည်။
အခြား လှုံ့ဆော်မှုတမျိုး ဖြစ်သည့် အလင်းနှင့် မတူသောအချက်မှာ အလင်းကိုယ်တိုင်က ဒြပ်မဲ့ လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပြီး အသံသည် ဒြပ်ရှိသော ကြားခံနယ်၏ လှုပ်ရှားတုန်ခါမှုများ သတ်သတ် ဖြစ်လေသည်။ ထို့ကြောင့် ကြားခံတုန်ခါပေးမည့် ဒြပ်သားမရှိရာ လေဟာနယ်သို့ အသံက မရောက်ရှိ မကူးစက်နိုင်ပေ။
ဤလက်တွေ့စမ်းသပ်မှုမျိုးဖြင့်လည်း သိနိုင်သည်။ ရှေးဦးစွာ သက္ကလတ်၊ ဖော့ စသောအသံကို လွယ်ကူစွာ သယ်ပို့နိုင်စွမ်းမရှိသည့် ပစ္စည်းတစ်ခုခုပေါ်တွင် နာရီသံပတ်ဖြင့်မြည်သော ခေါင်းလောင်းတစ်လုံးကို တင်ထားသည်။ ခေါင်းလောင်းကို လေလုံသော ဖန်အုပ်တစ်ခုဖြင့်ဖုံးအုပ်ပြီးလျှင် ခေါင်းလောင်းကို မြည်စေသောအခါ ထိုခေါင်းလောင်းသံကို ဖန်အုပ်အပြင်မှ ကောင်းစွာ ကြားရလေသည်။ သို့သော် ထိုသို့အသံမြည်နေစဉ် ဖန်အုပ်အတွင်းရှိလေကို လေစုတ်စက်ဖြင့် တဖြည်းဖြည်း စုပ်လိုက်သောအခါ လေးပါးသွားသည့်နှင့်အမျှ ခေါင်းလောင်း
သံလည်း တဖြည်းဖြည်းတိမ်လိုက်လာကာ နောက်ဆုံးတွင် မကြားရတော့ချေ။ ထိုကြောင့် လေထုမရှိဟု ယုံကြည်ရသော ပြင်းထန်လှသော ပေါက်ကွဲမှု ဖြစ်ပွားသည့်တိုင်အောင် ထိုပေါက်ကွဲသံကို အနီးအနားမှ ကြားနိုင်ဖွယ်ရာမရှိဟု ယူဆရလေသည်။
မည်သည့်အသံပင်ဖြစ်စေထို အသံဖြစ်ပေါ်ရန်အတွက် အရာဝတ္ထုတစ်ခုခု၏ တုန်ခါလှုပ်ရှားမှု ရှိရလေသည်။ လူက စကားပြောစဉ်တွင် အသံဖြစ်ပေါ်ရာ ရေမျို(လည်မျို)နားတွင် တုန်ခါမှု ရှိပေမည်။