လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း
From Wikipedia, the free encyclopedia
လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း သို့မဟုတ် လျှပ်စစ်သံလိုက်ရောင်ခြည် သို့မဟုတ် လျှပ်စစ်သံလိုက်လှိုင်း ဆိုသည်မှာ စွမ်းအင်သယ်ဆောင်နေသော လျှပ်စစ်သံလိုက်လှိုင်းတို့၏ ဂယက်ထမှု ရွေ့လျားနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်မူ လျှပ်စစ်သံလိုက်ဆိုင်ရာဖြစ်စဉ်တစ်မျိုးတွင် ထုတ်လွှတ်သည့် ဖြာထွက်စွမ်းအင် ဖြစ်သည်။ မြင်ရသော အလင်းသည် လျှပ်စစ်သံလိုက်ရောင်ခြည် တစ်မျိုးပင် ဖြစ်သည်။ အခြား လူသိများသည့် အခြားအမျိုးအစား ဥပမာများမှာ ရေဒီယိုလှိုင်း၊ အနီအောက်ရောင်ခြည်နှင့် အိတ်စ်ရေးရောင်ခြည်တို့ ဖြစ်ကြသည်။ ရှေးရိုးသတ်မှတ်ချက်အရဆိုလျှင် လျှပ်စစ်သံလိုက်ရောင်ခြည်တွင် ထပ်တူညီစွာ တုန်ခါမှုပြုနေပြီး အလင်းအလျင်ဖြင့် ရွေ့လျားနေသော လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့ ပါဝင်သည်။
ရှေးရိုးရူပဗေဒအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပါရှိကြသည်။ ၎င်း လှိုင်းများတွင် ပြိုင်တူညီစွာဖြင့် ယိမ်းခါနေသည့် လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်း တို့ပါရှိပြီး လေဟာနယ်တွင် အလင်းအလျင်ဖြင့် ရွေ့လျားကြသည်။ စက်ကွင်းနှစ်ခု၏ ယိမ်းခါမှုသည် တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျပြီး လှိုင်းရွေ့လျားသည့် လားရာဖြင့်လည်း ထောင့်မှန်ကျသည်။ ထို့ကြောင့် ၎င်းတို့သည် ထောင်လိုက်လှိုင်းများ ဖြစ်ကြသည်။ လျှပ်စစ်သံလိုက်လှိုင်းများအား ၎င်းတို့၏ ကြိမ်နှုန်း သို့မဟုတ် လှိုင်းအလျားအရ အမျိုးအစားခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရေဒီယိုလှိုင်း၊ မိုက်ခရိုဝေ့ဗ်၊ အနီအောက်ရောင်ခြည်၊ မြင်နိုင်သောအလင်း၊ ခရမ်းလွန်ရောင်ခြည်၊ အိတ်စ်ရေးနှင့် ဂမ္မာရောင်ခြည် တို့ဖြစ်ကြသည်။