ရှေးဟောင်းသုတေသနပညာ
From Wikipedia, the free encyclopedia
ရှေးဟောင်းသုတေသနပညာ ဆိုသည်မှာ ရှေးဟောင်းခေတ်မှ လူသား တို့ကြွင်းကျန်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတို့နှင့် ပတ်ဝန်းကျင် အနေအထား အချက်အလက်များကို ပြန်လည်ရှာဖွေ၍ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ထိုခေတ်ထိုအခါက လူ့အဖွဲ့အစည်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထို့သို့သော အချက်အလက်များတွင် လက်မှုပစ္စည်းများ၊ ဗိသုကာပညာရပ်များ၊ ဇီဝဆိုင်ရာ အချက်အလက်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများ ပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာတို့ ပါဝင်လေ့ ရှိသဖြင့် သိပ္ပံပညာဟု ခေါ်ဆိုနိုင်သကဲ့သို့ လူမှုရေးပညာဟုလည်း ခေါ်ဆိုနိုင်သည်။[1] အမေရိကန်ပြည်ထောင်စုတွင် မနုဿဗေဒ ၏ ဘာသာရပ်ခွဲ တစ်ခု အဖြစ် မှတ်ယူလေ့ရှိပြီး ဥရောပတွင်မူ သီးသန့် ဘာသာရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။
ရှေးဟောင်းသုတေသန ပညာတွင် လူသားတို့၏ ရာဇဝင်ကို အရှေ့အာဖရိကတွင် ပထမဆုံးသော ကျောက်လက်နက်များများ တီထွင်သုံးစွဲခဲ့ကြသည့် နှစ်ပေါင်း ၃.၄ သန်းမှ အစပြု၍ လတ်တလော ဆယ်စုနှစ်များ အထိ လေ့လာကြသည်။[2] ထိုပညာရပ်သည် သမိုင်းမတင်မီခေတ်က လူ့အဖွဲ့အစည်းများကို လေ့လာရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုအချိန်က လူတို့၏ သမိုင်းကြောင်းကို ရေးသားမှတ်တမ်းတင်မှုများ မရှိသော်လည်း လူသားတို့ရာဇဝင်၏ ၉၉ ရာခိုင်နှုန်းသော အဖြစ်အပျက်တို့မှာ ထိုခေတ်အခါက ဖြစ်ပျက်ခဲ့လေသည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် လူတို့၏ ဆင့်ကဲပြောင်းလဲမှုကို လေ့လာခြင်းမှ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲလာခြင်း အထိ လေ့လာရန် အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိသည့်အပြင် ယဉ်ကျေးမှု သမိုင်းကြောင်းကို ပိုမိုနားလည်သိရှိနိုင်ရန် အတွက်လည်း ရည်ရွယ်လေ့ ရှိသည်။[3]