ရခိုင်လူမျိုး
From Wikipedia, the free encyclopedia
ရခိုင်လူမျိုး (အာရကန်)သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုး (၁၃၅) မျိုးထဲတွင် ပါဝင်သည်။ အစိုးရမှ ရခိုင်တိုင်းရင်းသား (၇) မျိုး ဟုသတ်မှတ် ထားသည်။ ယင်းတို့မှ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများဖြစ်သည်။[6] ရခိုင်လူမျိုးများသည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများစု ပြောဆို အသုံးပြု ကြသည်။ ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် ၄% ရှိသည်။[7] ရခိုင်လူမျိုးသည် ခေတ်လေးခေတ်ဖြင့် ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချုပ် နေထိုင်ခဲ့ကြသည်။[8]
လူဦးရေ စုစုပေါင်း | |
---|---|
(စုစုပေါင်း ၃,၃၄၆,၀၀၀ (၂၀၁၀ ခန့်မှန်း) | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာ | ၂,၆၅၀,၀၀၀-၃,၀၀၀,၀၀၀[1]+[2] |
ဘင်္ဂလားဒေ့ရှ် | ၂၀၇,၀၀၀[3][4] |
အိန္ဒိယ | ၃၂,၀၀၀[5] |
ဘာသာစကား | |
ရခိုင်၊ မြန်မာ | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဗမာလူမျိုး၊ မရမာကြီး၊ တိဗက်-ဗမာမျိုးနွယ်စု |
အမျိုးတူသည်ကို လိုက်၍ လူမျိုးစုတို့ကို သတ်မှတ်ခွဲခြားသည့် ဘာသန္တရ သုတေသနနည်း အရဆိုလျှင် ရခိုင်လူမျိုးတို့သည် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများတွင် ပါဝင်သည်။ သို့သော် မြန်မာအစုဝင် တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ ဓနု၊ ရခိုင်နှင့် ယော စကားများသည် မြန်မာစကားနှင့် အလွန်နီးစပ်လေသည်။[ကိုးကားချက်လိုသည်]
မြန်မာနိုင်ငံပြည်မနှင့် ရခိုင်ပြည်အကြားတွင် ရခိုင်ရိုးမ(ခေါ်)အနောက်ရိုးမတောင်တန်းတည်ရှိသဖြင့် ရာဇဝင်ချင်း ဆက်စပ်မှုမရှိလှချေ။ ရခိုင်ပြည်သည် ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ရှိသောကြောင့် နိုင်ငံခြားနှင့် အဆက်အသွယ် အရောက်အပေါက်ပိုလွယ်သည်။ ရခိုင်ရာဇဝင်အစမှာ အလွန်ရှေးကျ၍ မင်းဆက်ပေါင်းများစွာ ရှိသည်။ ရခိုင်၌ တွေ့ရသော ရှေးကျောက်စာများအနက် အာနန္ဒစန္ဒြ ကျောက်စာ၌ ဘီစီ၅၁၈ မှစ၍ အေဒီ ၇၂ဝ တိုင်အောင် မင်းစဉ်မင်းဆက်ကို ဖော်ပြထားသည်ကို တွေ့ရ၏။ စောလွန်းသော မင်းတို့ကို ဧကန်မှန် သည်ဟု မယူဆလိုလျှင် ဖြစ်နိုင်သော်လည်း ရခိုင်တွင် မြို့တည်၍ စာပေအရေးအသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ရှိသူတို့သည် ခရစ်နှစ်ဦးမှစ၍ ရှိနေကြသည်ဟု ဆိုလေသည်။ ယင်းတို့သည် ငွေဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူတို့နှင့် ခေတ်ပြိုင် ဖြစ်လေသည်။ [ကိုးကားချက်လိုသည်] သို့သော် ထိုစဉ်ကပေါ်ပေါက်ခဲ့သော မင်းတို့ အုပ်ချုပ်သော ပြည်သူတို့ကား မည်သည့်အမျိုးဖြစ်၍ မည်သည့်အခါကပင် ရခိုင်၌ အခြေစိုက်လျက် ပြည်ရွာထူထောင်သည်ကိုမူ မပြောနိုင်သေးချေ။
မည်သို့ဖြစ်စေ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်သော ရခိုင်လူမျိုးသည် ရှေးနှစ်ပေါင်း များစွာကပင် မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စာပေယဉ်ကျေးမှုဖြင့် အခြေစိုက် တိုးတက်လာသော လူမျိုးဖြစ်ပေသည်။
ရခိုင်စာပေ ယဉ်ကျေးမှုသည် သီးခြားလွတ်လပ်စွာ ထွန်းပြောင်ခဲ့ပေသည်။ ရခိုင်စာပေနှင့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်းစာများကို ဓညဝတီခေတ် (ဘီစီ ၅ ရာစုမှ အေဒီ ၄ ရာစု)မှ စ၍ ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။ ရခိုင်ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်းတို့ကိုလည်း ဝေသာလီခေတ် (အေဒီ ၁၅ ရာစုမှ ၁၈ ရာစု)တို့၌ အခိုင်အမာ တွေ့ရှိရလေသည်။ သို့သော် ရခိုင်စာပေသည် အေဒီ ၁၇၈၄ ခုနှစ် မြန်မာတို့နှင့် စစ်ဖြစ်ပြီးသော အချိန်နှင့် အေဒီ ၁၈၂၄-၂၆ ခုနှစ် ဗြိတိသျှနယ်ချဲ့တို့လက်အောက်ကို ကျရောက်သော အချိန်မှအစပြု၍ တဖြည်း ဖြည်း မှေးမှိန်ခဲ့ရလေသည်။[9]