From Wikipedia, the free encyclopedia
၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ နီပေါစံတော်ချိန် ၁၂:၃၅ နာရီတွင် ပြင်းအား ၇.၃ မဂ္ဂနီကျူ့ရှိ ငလျင်ကြီးတစ်ခုသည် နီပေါနိုင်ငံ ဆင်ဒူပါချုပ်ခရိုင် ကိုဒါရီရွာ၏ အရှေ့တောင်ဘက် ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာ၊ မြေအနက် ၁၈.၅ ကီလိုမီတာ (၁၁.၅ မိုင်) ကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချက်မှာ ဒိုလာခါခရိုင်နှင့် ဆင်ဒူပါချုပ်ခရိုင် နယ်နမိတ်တွင် ဖြစ်သည်။ ယခုငလျင်သည် ဧပြီ ၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော ၇.၈ မဂ္ဂနီကျူ့ရှိ ငလျင်ကြီးနှင့် ပြတ်ရွေ့ကြော တစ်ခုတည်းပင်ဖြစ်ပြီး ယခင်လှုပ်ခတ်ခဲ့သောနေရာ၏ အရှေ့ဘက်တွင် ဖြစ်ပွားခဲ့သည်။[1] ထို့အတွက်ကြောင့် ၂၅ ဧပြီငလျင်၏ နောက်ဆက်တွဲငလျင်တစ်ခုအဖြစ် ယူဆနိုင်သည်။[1] တုန်ခါမှုကို အိန္ဒိယနိုင်ငံရှိ ဘီဟာပြည်နယ်၊ ဥတ္တရပဒေသပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်များနှင့် အခြား အိန္ဒိယပြည်နယ်များတွင်ပါ သိရှိခံစားခဲ့ကြသည်။[6] ငလျင်ဗဟိုချက်နှင့် ၂,၄၀၀ ကီလိုမီတာအကွာတွင်ရှိသော ချန်နိုင်းမြို့အထိပါ ငလျင်တုန်ခါမှုကို ခံစားခဲ့ရသည်။[7][8]
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၁၂ မေ ၂၀၁၅ |
မူလ အချိန် * | ၁၂:၃၅:၁၉ နီပေါစံတော်ချိန် |
အတိုင်းအတာ | ၇.၃ Mw[1] |
အနက် | ၁၈.၅ km (၁၁.၅ mi) |
အမျိုးအစား | ပြတ်ရွေ့ကြော တိုးထွက်ခြင်း[1] |
သက်ရောက်ဧရိယာ | |
Aftershocks | ၅.၇Mw (၂၀၁၅-၀၅-၁၆ ၁၁:၃၄:၁၀ (UTC) အချိန်)[4][5] |
ထိခိုက်သေကြေမှုများ | ၂၁၈ ဦး သေဆုံး ၃,၅၀၀+ ဒဏ်ရာရ |
* Deprecated | See documentation. |
မိနစ်အနည်းငယ်ကြာပြီးနောက် ခတ္တမန္ဒူမြို့ အရှေ့ဘက်ရှိ ရမ္မချက်မြို့ကို ဗဟိုပြု၍ ၆.၃ မဂ္ဂနီကျူ့ရှိ နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။ ငလျင်လှုပ်ခါမှုကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အတော်များများတွင် သိရှိခံစားခဲ့ကြသည်။[9] ငလျင်လှုပ်ရာနေရာနှင့် ၁,၀၀၀ ကီလိုမီတာအကွာတွင်ရှိသော အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီမြို့အထိ တုန်ခါမှုကို ခံစားခဲ့ရသည်။[10]
ဧပြီ ၂၅ ငလျင်အပြီး နောက်ဆက်တွဲငလျင်များကြောင့် လူများကို စိုးရိမ်ထိတ်လန့်နေခဲ့ပြီး လူအများစုမှာ ကွင်းပြင်များတွင်သာ နေထိုင်လျက်ရှိသည်။[12] "ပထမဆုံး စက္ကန့်ပိုင်းတွေက လုံးဝကို ငြိမ်သက်နေမိပါတယ်။ ငါးစက္ကန့်လောက်နေတော့ လူအားလုံး ကြောက်လန့်တကြား အော်ဟစ်ကြပါတော့တယ်" ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ "ဒါက တကယ်၊ တကယ်ကို ပြင်းထန်ပါတယ်။ လှုပ်တာရပ်သွားတာတောင်မှ လူတွေက အော်နေကြတုန်းပဲ။"[13] လှုပ်ခါမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ ပထမငလျင်လှုပ်စဉ်က မပျက်စီးပဲကျန်နေသော အဆောက်အအုံအချို့ကို ပျက်စီးစေခဲ့သည်။[13]
နီပေါနိုင်ငံတွင် အနည်းဆုံး လူ ၁၁၇ ဦးခန့် သေဆုံးခဲ့ပြီး ၂,၅၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြသည်။ အများစုမှာ အရှေ့မြောက်ဘက်ပိုင်း တောင်တန်းဒေသများမှဖြစ်ကြသည်။[14][15] မေလ ၁၅ ရက်နေ့အထိ လူပေါင်း ၁,၇၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာရမှုများအတွက် ဆေးကုသမှုများ ခံယူနေရဆဲဖြစ်သည်။[15] နိုင်ငံ၏ ၇၅ ခရိုင်အနက် ၃၂ ခရိုင်တွင် ငလျင်ဒဏ် ခံစားခဲ့ရသည်။ ခတ္တမန္ဒူမြို့၏ လမ်းများပေါ်တွင် အဆောက်အအုံများမှ ထွက်ပြေးလာခဲ့သော လူများနှင့် လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။ ငလျင်လှုပ်ပြီး နာရီအနည်းငယ်အကြာတွင် အဆောက်အအုံတွင်းနေထိုင်ရန် စိုးရိမ်မှုများကြောင့် မြို့ရှိကွင်းပြင်များတွင် ယာယီတဲများ ပြည့်နှက်သွားခဲ့သည်။ ဆင်ဒူပါချုပ်ခရိုင်မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည်။ ငလျင်နှစ်ခုကြောင့် လူနေအိမ်များ ၉၅% ခန့် ပျက်စီးခဲ့သည်။[15] ဧဝရတ်တောင်အနီးတဝိုက် နေရာဒေသများတွင်လည်း အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။[13]
အိန္ဒိယနိုင်ငံတွင် လူများ နေအိမ်နှင့် အလုပ်နေရာများမှ စွန့်ခွာထွက်ပြေးလာမှုများကြောင့် ဒေလီမြေအောက်ရထားလိုင်းများ ခတ္တရပ်တန့်သွားခဲ့ရသည်။[12] ငလျင်ကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး လူ ၁၇ ဦးခန့် သေဆုံးခဲ့သည်။ ဘီဟာပြည်နယ်တွင် ၁၆ ဦးနှင့် ဥတ္တရပဒေသပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့သည်။
တရုတ်နိုင်ငံ၊ တိဗက်ဒေသတွင် ကားကို ကျောက်တုံးများထိမှန်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။[13]
ဗဟိုနီပေါတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော အမေရိကန် မရင်းတပ်သား ခြောက်ဦးနှင့် နီပေါစစ်သား နှစ်ဦး လိုက်ပါလာသည့် အမေရိကန်စစ်တပ်၏ ရဟတ်ယာဉ် UH-1 Huey တစ်စီးမှာ ပေျာက်ဆုံးလျက်ရှိသည်။[16] မေလ ၁၄ ရက်နေ့တွင် ဂေါ်သာလီဒေသတွင် လောင်ကျွမ်းပျက်စီးနေသော ရဟတ်ယာဉ် အပျက်အစီးများကို တွေ့ရှိခဲ့ကြသည်။[17] ပျက်ကျရာနေရာမှ ရုပ်အလောင်း သုံးခုကိုလည်း တွေ့ရှိခဲ့ရသည်။[15] မေလ ၁၆ ရက်နေ့တွင် ရုပ်အလောင်း စုစုပေါင်း ရှစ်ခု ကို ရှာဖွေတွေ့ရှိခဲ့သည်။ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ စတိဗ် ဝါရန် က ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို မသိရှိရသေးသော်လည်း အနားရှိ အိန္ဒိယရဟတ်ယာဉ်မှ လောင်စာပြဿနာအကြောင်း ရေဒီယိုပြောကြားချက်ကို ကြားရခဲ့ကြောင်း ပြောဆိုခဲ့သည်။[18]
နီပေါနိုင်ငံစစ်တပ်မှ အိန္ဒိယနိုင်ငံ စစ်တပ်နှင့် ပူးပေါင်းကာ အကူအညီပေးရေးဖြစ်သော Sankat Mochan စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ခိုကိုးရာမဲ့ဖြစ်နေသူများကို ကယ်ဆယ်ခြင်း၊ အကူအညီပစ္စည်းများ တန်နှင့်ချီကာ ပေးအပ်ခြင်းများကို ဆောင်ရွက်နေသည်။[19]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.