ကိုက်ဖြတ်စား လုပ်ငန်းခွင်သုံး အိမ်မွေး နို့တိုက်သတ္တဝါ From Wikipedia, the free encyclopedia
နွားကို ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား လယ်ထွန်စက်ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။[1] မှောင်ခိုကို နှိမ်နင်းလိုသည့်သဘောဖြင့်၂၀၁၇ အောက်တိုဘာမှစ၍ ကျွဲနွားအရှင်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုသည်။[2] ခွာပါမျိုး ဖြစ်သော နွားများကို မွေးမြူ၍ ရသည်။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်သည်။ ၂၀၁၁ မှ အနီးစပ်ဆုံး ခန့်မှန်းချက်အရ၊ ကမ္ဘာတွင် နွားပေါင်း ၁.၄ ဘီလျံ ရှိသည်။ နွားသည် လူတစ်ယောက် ကြွယ်ဝချမ်းသာမှု ပြယုဂ် ဖြစ်သည်။ ရှေးခေတ်က နွားများများ ပိုင်ဆိုင်သူကို ကြည့်၍ မည်ရွေ့မည်မျှ ချမ်းသာသည်ကို သိနိုင်သည်။
နွား | |
---|---|
ချူဆွဲပေးထားသော အညိုရောင် ဆွစ်ဖလခ်ဗီယေမျိုး နွားမတကောင် | |
ယဉ်ပါးအောင် မွေးမြူထား | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Bovidae |
မျိုးရင်းသေး: | Bovinae |
မျိုးဇာတ်: | Bovini |
မျိုးစု: | Bos |
မျိုးစိတ်: | B. taurus |
ဒွိနာမ | |
Bos taurus | |
Bovine distribution | |
Synonyms | |
|
ကျွဲကို ရေတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တရှဉ်းဟု ရေတွက်သည်။ နွားလည်ပင်းမှာ ဆွဲပေးထားသော ချူ (cowbell) ကို ခလောက်ဟုလည်း ခေါ်သည်။ နွားညီနောင် လေးချိုးကဗျာတွင် နွားကို ကြော့ရှင်းစွာ ကထားသော လှည်းယဉ်အကြောင်း စပ်ဆိုထားသည်။ မြင်းကသော လှည်းကို မြင်းရထား၊ မြင်းလှည်းဟု ခေါ်နိုင်သော်လည်း၊ နွားကသော လှည်းကို နွားရထားဟု မခေါ်ဘဲ နွားလှည်း ဟုသာ ခေါ်သည်။ ထိုလှည်းကို အလှမောင်းရန် တန်ဆာဆင်သော် လှည်းယဉ်ဟု ခေါ်သည်။
အဓိကအားဖြင့် မြက်နှင့် ကောက်ရိုး ကြိုက်သော နွားကို အသားနှင့် နို့အလို့ငှာ ခြံ၊ မြက်ခင်းပြင်များတွင် မွေးမြူကြသည်။ နို့စားနွားခြံ ဟူ၍ ရှိသည်။ နိုင်ငံခြားတွင် နွားနို့ကို အများနည်းတူ သမားရိုးကျ လက်ဖြင့် ညှစ်သည်လည်း ရှိသကဲ့သို့ စီးပွားဖြစ် နွားရုံများမှာ စက်ဖြင့် အလိုအလျောက် ညှစ်ယူ၍ သန့်စင်ပြီး၊ ပြန်လည် ရောင်းချကြသည်။ နို့စားနွားမသည် တရက်လျှင် ရေ ၉၀ ပိဿာထိ သောက်သုံးရပါက သားပေါက်နှုန်းနှင့် နို့ထွက်နှုန်း ကောင်းမွန်စေသည်။[3] နွားချေးသည် မြေဩဇာနှင့် လောင်စာအတွက် အသုံးဝင်သည်။ နွားသားရေကို အဝတ် ချုပ်ခြင်း မဟုတ်ပါက စာအုပ်ဖုံး ချုပ်ရာတွင် သုံးသည်။ နွားရှင်သည် မိမိနွားကို အငှားကျောင်းပေးရန် နွားကျောင်းသား cowboy ကို အလုပ်ပေးနိုင်သည်။ သိုးထိန်းခွေး ရှိသကဲ့သို့ နွားထိန်းခွေးလည်း ရှိသည်။ မြန်မာတင်မက ကမ္ဘာ့တိုင်းပြည်များ၌ နွားနှင့် ပတ်သက်သော ဆိုရိုးစကား များစွာရှိသည်။
ကြန်အင်လက္ခဏာအနေဖြင့် နွား တကောင်သည် ထိပ်ကွက်လျှင် မြီးစွတ်များပြီး၊ ဆီးကြားလျှင်လည်း၊ ဝမ်းကြားတတ်သည်။ အလှမောင်း၊ ပြိုင်ပွဲဝင်၊ တောင်ယာလုပ်၊ ဆီဆုံတပ်ရာ၌ ကောင်းမွန်သော နွားပြာစိမ်းသည် ဦးချို အညိုများပြီး၊ နှင်တံလွတ်သော နွားပြာနက်သည် မျက်ကွင်း အညိုများသည်။
နွားအညံ့ဆုံးမှာ အဝါမွေးပါသော နွား ဖြစ်ပြီး၊ နီဝါမွေး၊ အနီမွေး နွားမျိုးသည် နွားကောင်းလက္ခဏာ မပြည့်စုံချေ။ တောင်သူဦးကြီးများ သတိထားရမည့် နွားမှာ တင်ပါးနိမ့်လျှောသော နွားမျိုး ဖြစ်ကာ၊ အစားအလွန် ရွေးသည်။ အလုပ်ခွင်၌ ပေကတ်နေတတ်ပြီး၊ ခိုင်းလျှင် အင်အားချည့်နဲ့သည်။
ဝါစေ့ပြောက် ပါသော နွားကား နွားသမင်ဟုလည်း ခေါ်ပြီး၊ အစာရွေးသည်။ မတ်တတ် အိပ်တတ်သည်။ အမြဲတမ်း စားမြုံ့ပြန်နေတတ်သည်။ ဝန်ပေါ့သာ ခိုင်းကောင်းပြီး၊ ဝန်လေး ခိုင်းမကောင်းချေ။ အသားပွသော နွားမှာ အကောင်ကြီးသော်လည်း၊ အားမသန်လှ။ ရေငန်ဆားငန်နှင့် အစာကျွေးလျှင် အလွန်သဘောကျကာ၊ နှာခေါင်းနစ်အောင် စားတတ်သည်။ ခိုင်းလျှင် ဝပ်တတ်သည်။
ရိုးရိုးလှမ်းသည့်အခါ ရှေ့လက်ခြေကို နောက်ခြေက မကျော်နိုင်သော နွားကို ခြေခွင်နွားဟု ခေါ်ကာ၊ တောင်ယာခိုင်းရာ၌ အသုံးမကျချေ။ ရှေ့သွားရှစ်ချောင်းသည် အဖျားတုတ်ပြီး အရင်းသေးနေသော နွားကို သွားကြားရေယိုနွားဟု ခေါ်သည်။ ဦးချို လှုပ်လီလှုပ်လဲ့ ဖြစ်နေလျှင် ရန်လိုတတ်သည့် ချိုတယ်လူးနွား ဖြစ်သည်။ နွားကောင်းသော်လည်း ရှောင်ကြသည်။ အစာကျွေးရာ၌ တဖက်နွားကို လုစားခြင်း၊ နွားချင်းဝှေ့ခြင်း ပြုတတ်သည်။ ခြေခါလက်ခါ နွားသည် နေရာသန့်ကြိုက်၍ လူကိုလည်း ကန်တတ်သည်။ ခြေလက်ဆာနွားမျိုးသည် ကုန်းတက်ဆင်း၊ တောင်တက်ဆင်း မထိန်းတတ်ပါက လူရောနွားပါ ဒုက္ခဖြစ်တတ်သည်။ ဦးခေါင်းတိုနွားသည် မိုးရိပ်လေရိပ်ကျလျှင် မြူးထူးခုန်ပေါက် ပြေးလွှားတတ်ကာ ထိန်းကျောင်းရ ခက်ခဲသည်။ ခရီးဝေးသွားလျှင် နှာခေါင်းကို ရေမှုတ်ပေးရသှ်။ နှာပွနွားသည် ကြိုးကိုက်၊ ကြိုးဖြတ်တတ်သည်။ လည်တိုနွားသည် စိတ်ရူးပေါက်လျှင် ထမ်းပိုးချိုးသည်။ အကြောင်းမသိသူ ခိုင်း၍ မရ။ လည်ရှည်နွားသည် သဲတော၊ ရွှံ့တော ခိုင်းရာ၌ သက်လုံမကောင်း၍ ရှောင်ကြသည်။[1]
နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားသည်။ Bos taurus; Bos indicus နှင့် မျိုးတုံးသွားပြီဖြစ်သော Bos primigenius တို့ ဖြစ်သည်။ Bos taurus မှာ ဥရောပနွားမျိုးဖြစ်ပြီး၊ အာရှနှင့် အာဖရိကမှ အလားတူနွားမျိုးလည်း ပါဝင်သည်။ Bos indicus မှာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်သည်။ ဘင်္ဂလားနွားသည် ဘို့ပါသော အိန္ဒိယနွားလည်း ဟုတ်သည်။ Bos primigenius မှာ အော်ရို့စ် နွား ဖြစ်သည်။ အော်ရို့စ်သည် ဇီဘူနှင့် တော်ရင်းနွားတို့၏ ဘိုးအေ ဖြစ်သည်။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ယခုအခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲတို့အဖြစ် ပြန်ခွဲခြားထားလိုက်သည်။
အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနှင့် အာရှ အတော်များများတလျှောက် တည်ရှိသည်။ သမိုင်းတလျှောက် တဖြည်းဖြည်းနှင့် ဥရောပတိုက်တွင်သာ တွေ့ရှိရတော့သည်။ နောက်ဆုံးကျန်သော အကောင်ဟု သိရသော နွားမှာ ၁၆၂၇ ခုနှစ်လောက်တွင် ပိုလန်၊ မဇိုဗီယာ၌ သေဆုံးသွားသည်။[4] သားဖောက်သူများသည် အော်ရို့နွားနှင့် ဆင်တူသော နွားမျိုးရအောင် အခြား ရိုးရာမွေးမြူရေးနွားများကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နွားများ Heck cattle ဖွားမြင် ပေါ်ပေါက်လာသည်။
နွားမ (အချို့ဒေသများဝယ် နမဟုဖတ်) ကို cow, နွားထီးကို bull, နွားကို ခြုံ၍ ခေါ်လျှင် cattle ဖြစ်သည်။ cattle သည် ကျွဲနွား အစုကို ရည်ညွှန်းသည်။ နွားကို တရုတ်လို 牛 niú နျို၊ ဂျပန်လို うし, ushi, အုရှိ၊ ကိုရီးယားလို 가축 ဂါချု ထိုင်းလို วัว ဝွော၊ မလေးလို lembu လင်းဘူ၊ ဟင်ဒီလို पशु ပရှူး ဟု ခေါ်သည်။
နာမ် cattle သည် အများကိန်း ဖြစ်ကာ၊ အနည်းကိန်းမဟုတ်ချေ။ အထီးအမ လိင်နှစ်မျိုးစလုံး ပါဝင်သည်။ အနည်းကိန်းအနေနှင့် cow သည် နွားမ ဖြစ်ကာ၊ bull သည် နွားထီးကို ဆိုလိုသည်။ အများကိန်း cows သည် အရပ်ပြောတွင် နွားအုပ်ထဲ၌ ရှိသော နွားထီးနွားမ အားလုံးကို ခြုံညွှန်းသည်။ ထို့ကြောင့် ပြောဆိုသူက အမများကိုသာ ညွှန်းဆိုလိုသည့်အခါ လွဲမှားမှု ဖြစ်လာသည်။
Cattle သည် bovine ဆိုသော အခေါ်မှ ဆင်းသက်မလာချေ။ ၎င်းကို အင်ဂလို-နော်မန် catel မှ ယူငင်သည်။ ထို catel သည်လည်း အလယ်ခေတ် လက်တင် capitale (ငွေပေါင်း)မှ လာသည်။ capitale သည်လည်း ခေါင်းဆိုသော caput မှ လာသည်။ Cattle ၏ မူရင်းအဓိပ္ပာယ်သည် ရွှေ့ပြောင်းနိုင်သော တကိုယ်ရေဥစ္စာ၊ အထူးသဖြင့် ကျွဲနွားသိုးဆိတ်ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကာ၊ အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်သော မြေယာ၊ ကြက် (ကြက်သည် မြေ၏ တစိတ်တပိုင်းအဖြစ် ရောင်းနိုင်သောကြောင့် အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်) တို့နှင့် ဆန့်ကျင်ဘက် ယူသည်။ Chattel (ပိုင်ဆိုင်မှု ယူနစ်) ၏ မူကွဲ ဖြစ်ကာ၊ စီးပွားရေးအမြင်အရ capitale နှင့် ပိုနီးစပ်သည်။ အင်္ဂလိပ်ဟောင်းတွင် feoh (cattle, property) နှင့် အစားထိုးခဲ့ပြီး၊ ယနေ့အခါ fee ဖြစ်လာသည်။
Cow စကားလုံးသည် အများသုံး အင်ဒို-ဥရောပ gous မှ၊ အင်္ဂလို-ဆက်ဆွန် cu (အများကိန်း cy)မှတဆင့် လာသည်။ ပါရှန်း gav သက္ကတ go- ဝေလ် buwch တို့နှင့် နှိုင်းယှဉ်နိုင်သည်။ အများကိန်း cy သည် အလယ်ခေတ်အင်္ဂလိပ်တွင် ki or kie ဖြစ်လာကာ၊ အများကိန်း အဆုံးသတ်အပိုကို ထည့်ပေါင်းကြရာမှ kine, kien, kies, kuin စသဖြင့် ပွားလာသည်။ ဤသည်မှာ ယခုပေါရာဏအင်္ဂလိပ် kine ၏ မူလအစ ဖြစ်လေသည်။ စကော့ဘာသာ အနည်းကိန်းမှာ coo or cou ဖြစ်ကာ၊ အများကိန်းမှာ kye ဟူ၏။
သမ္မာကျမ်းစာ၏ ဂျိမ်းဘုရင်ဗားရှင်းကဲ့သို့ ပိုရှေးကျသော အင်္ဂလိပ်စာအရင်းမြစ်တွင် cattle သည် မွေးမြူရေးနွားများကို ညွှန်းကာ၊ အရိုင်းကို ညွှန်းသော သမင်နှင့် ဆန့်ကျင်ဘက် သတ်မှတ်သည်။ Wild cattle သည် ငယ်မွေးခြံပေါက်မဟုတ်သည့် Bos အုပ်စုဝင် နွားရိုင်းများကို ညွှန်းပေမည်။ ယနေ့အခါ မည်သည့် မျိုးပြပစ္စည်းမှ မသုံးသောအခါ၊ cattle ၏ ခေတ်ပေါ်အဓိပ္ပာယ်သည် ခြံမွေးနွား bovines များကို အများအားဖြင့် ညွှန်းလေသည်။
ယေဘုယျအားဖြင့် စကားလုံးတလုံးတည်းပင် ကမ္ဘာအနှံ့အပြား သုံးကြသော်လည်း အဓိပ္ပာယ်အားဖြင့် မဆိုစလောက်နှင့် မတိမ်းမယိမ်း ကွဲပြားသေးသည်။ ဗြိတိန်နှင့် ဗြိတိန်လွှမ်းမိုးသော ကမ္ဘာ၏ အခြားအစိတ်အပိုင်းများ ဖြစ်သည် ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်နှင့် အမေရိကန်တို့နှင့် အသုံးအနှုန်း ကွာခြားထွေပြားမှုကို ဤနေရာတွင် ဖော်ပြထားသည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.