ကမ္ဘာ့အမွေအနှစ်နေရာ
From Wikipedia, the free encyclopedia
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ (UNESCO World Heritage Site) ဆိုသည်မှာ နေရာတစ်ခု (သစ်တော၊ တောင်၊ ကန်၊ ကျွန်း၊ ကန္တာရ၊ အထိမ်းအမှတ်နေရာ၊ အဆောက်အအုံ၊ စုပေါင်းထားသည့်နေရာ သို့မဟုတ် မြို့ စသည်) ဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ အထူးယဉ်ကျေးမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထင်ရှားအရေးပါမှုအရ (ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း ကို ကြည့်ရန်) စာရင်းသွင်းသတ်မှတ်ထားသည့် နေရာဖြစ်သည်။[1] ထိုစာရင်းကို အထွေထွေညီလာခံမှ ရွေးချယ်သည့် ယူနက်စကို အဖွဲ့ဝင် ၂၁ ခုဖြင့်ဖွဲ့စည်းထားသော ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ် မှ ထိန်းသိမ်းထားသည်။[2]
လူသားများ၏ ယေဘုယျအမွေအနှစ်အတွက် အရေးပါအရာရောက်သည့် ယဉ်ကျေးမှုအရ သို့မဟုတ် သဘာဝအရ ထင်ရှားပေါ်လွင်သည့် နေရာဒေသများကို အမည်စာရင်းပြုစုခြင်း နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ်မှ ဆောင်ရွက်သည်။ သတ်မှတ်ထားသည့် အခြေအနေများအရ စာရင်းဝင်နေရာဒေသများအတွက် ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေမှ ရန်ပုံငွေရရှိသည်။ အစီအစဉ်ကို ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ယူနက်စကို အထွေထွေတွေ့ဆုံဆွေးနွေးပွဲမှ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ ညီလာခံဖြင့် စတင်ခဲ့သည်။[3]
၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၀၇၃ နေရာကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ၁၆၇ နိုင်ငံရှိ ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။[4][5] နိုင်ငံအလိုက် နေရာများအရ အီတလီနိုင်ငံသည် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၅၃ ဖြင့် ထိပ်ဆုံးတွင်ရှိကာ၊ ယင်းနောက်တွင် တရုတ်နိုင်ငံ (၅၂)၊ စပိန်နိုင်ငံ (၄၆)၊ ပြင်သစ်နိုင်ငံ (၄၃)၊ ဂျာမနီနိုင်ငံ (၄၂)၊ အိန္ဒိယနိုင်ငံ (၃၆)၊ မက္ကဆီကိုနိုင်ငံ (၃၄) နှင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများမှ (၃၁)ခု အသီးသီးဖြစ်သည်။