ဩ ၁၂ ကမ္ဘာ့အထိမ်းအမှတ်နေ့ From Wikipedia, the free encyclopedia
ကမ္ဘာ့ဆင်နေ့ ကို ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်ဟူ၍ ဩဂုတ် ၁၂ တွင် နိုင်ငံတကာက နှစ်စဉ် ဆင်နွှဲသည်။ ၂၀၁၁ တွင် ကနက်ဝစ် ရုပ်ရှင်ကုမ္ပဏီမှ ကနေဒါလူမျိုး ရုပ်ရှင်ထုတ်လုပ်သူများ ဖြစ်သော ပတ်ထရစ်ရှာ ဆင်းမ်နှင့် မိုက်ကယ် ကလာ့ခ်၊ ထိုင်း ဆင်ပြန်ထွန်းကားရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးချုပ် စီဗာပွန်း ဒဒြနန္ဒတို့၏ စည်းရုံးမှုဖြင့် ၂၀၁၂ ဩဂုတ် ၁၂ ဝယ် တရားဝင် စတင်လုပ်ဆောင် ကျင်းပလေသည်။[1] ယင်းမှစ၍ ကမ္ဘာ့ဆင်နေ့ကို ပတ်ထရစ်ရှာ ဆင်းမ်က ဆက်လက်ဦးဆောင် ကျင်းပ လမ်းညွှန်လာရာ၊ ယခုအခါ သဘာဝအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြု လက်ခံ ကျင်းပလာကြပြီး၊[2] တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းမှ လူတဦးချင်းစီကပါ ပါဝင်ဆင်နွှဲသည်။[3][4][5][6][7][8][9][10]
ကမ္ဘာ့ဆင်နေ့ World Elephant Day | |
---|---|
ဆင်များ | |
Date(s) | ဩဂုတ် ၁၂ |
ကြိမ်နှုန်း | နှစ်စဉ် |
တည်နေရာ | ကမ္ဘာ့တဝှမ်း |
Established | ၁၂ ဩဂုတ် ၂၀၁၂ |
Founder | Patricia Sims and the Elephant Reintroduction Foundation |
ဝဘ်ဆိုဒ် | |
worldelephantday.org |
ကမ္ဘာ့ဆင်နေ့ ကျင်းပရသည့် ပန်းတိုင်မှာ အာဖရိကနှင့် အာရှရှိ ဆင်များ အတိဒုက္ခ ကြုံတွေ့နေရပုံကို သိရှိသဘောပေါက်စေရန်နှင့် နှောင်ဖွဲ ့ဆင်နှင့် ဆင်ရိုင်းများကို စီမံရာ၌ ပြုစုစောင့်ရှောက်ရာ၌ အကောင်းမြင်သော ဖြေရှင်းချက်များ၊ အသိပညာများ ဖလှယ်နိုင်ရန် ဖြစ်သည်။ မျိုးတုံးရန် ခြိမ်းခြောက်ခံရသော မျိုးစိတ်များ စာရင်း ဖြစ်သည့် IUCN RED LIST စာရင်းတွင် အာဖရိကန်ဆင်များကို ထိရှလွယ်သော စာရင်းထဲ သွင်းထားကာ၊ အာရှဆင်များကို မျိုးတုံးတော့မည့် စာရင်းထဲ ထည့်ထားသည်။[11][12] အာဖရိကန်နှင့် အာရှဆင်များသည် ၁၂ နှစ်အတွင်း မျိုးတုံးမှုကို ရင်ဆိုင်ရမည်ဟု သဘာဝမြတ်နိုးသူ တဦးက ဆိုသည်။[13] လက်ရှိဆင်ကောင်ရေအရ ခန့်မှန်းသည်မှာ အာဖရိကန်ဆင်များကို ရေကြည့်လျှင် ကောင်ရေ ၄၀၀,၀၀၀ ခန့်၊ အာရှဆင်များကို ရေကြည့်လျှင် ကောင်ရေ ၄၀,၀၀၀ ခန့် ရှိမည် ဖြစ်ရာ၊ ဤအရေအတွက်သည် များနေသေးသည်ဟု ငြင်းချက်လည်း ရှိသည်။[14]
ပထမဆုံးသော ကမ္ဘာ့ဆင်နေ့ကို ၂၀၁၂ ဩ ၁၂ မှာ ကျင်းပသည်။[15][16][17] ရုပ်ရှင်အနေဖြင့် ဝီလျံ ရှက်တနာ ဇာတ်ကြောင်းပြန်သည့် Return to the Forest (တောထဲသို့ အပြန်)နှင့် When Elephants Were Young (ဆင်ကလေး ငယ်ငယ်တုန်းက)ဟူ၍ နှစ်ကား ရိုက်ကူးထုတ်လုပ်ထားသည်။ ပထမကားမှာ နှောင်ဖွဲ ့ခံ အကျဉ်းကျ အာရှဆင်များကို တောတွင်း ပြန်လွှတ်ပေးရန် ရည်ညွန်း ရိုက်ကူးထားပြီး၊[18][19] ကမ္ဘာ့ဆင်နေ့ အခမ်းအနားတွင် ပြသသည်။[20] နောက်ဆက်လာသော ကားမှာ လုလင်တဦးနှင့် ထိုင်းဆင်ကလေးအကြား သံယောဇဉ်ကို ဖွဲ့သီ ဖော်ကျူးထားခြင်း ဖြစ်သည်။
တရုတ်တွင် ဈေးအကြီးဆုံး ဖြစ်သော ဆင်စွယ်ကို လိုအပ်သည်မှ[21][22][23][24][25]အာဖရိကန်နှင့် အာရှဆင်များကို တရားမဝင် အမဲလိုက်ခြင်းသို့ ဦးတည်လာသည်။ ဥပမာ၊ ကမ္ဘာ့အကြီးဆုံး ဆင်များထဲမှ တကောင် ဖြစ်သည့် စာထောင် (Satao)သည် သူ၏ ဝင့်ကြွားလှပသော အစွယ်များကို လိုသည့်အတွက် အသတ်ခံရသည်။[26][27] နောက် ထင်ရှားသော ကင်ညာဆင်တကောင် ဖြစ်သော မောင်တိန်ဘူး(Mountain bull)မှာလည်း ဆင်သူခိုးများ လက်ဖြင့် အသတ်ခံရသည်။ ဆင်စွယ်ဈေးမှာ လက်တန်းပြောလျှင်ပင် ရွှေဈေးထက် ကြီးသည်။[28][29] သို့ဖြစ်၍ အာဖရိကန်ဆင်များသည် ဆင်စောရများ လိုက်ခြင်းကို ကြုံတွေ့ရသည်။[30][31] ဆင်များကို အသားအလို့ငှာ၊ သားရေအလို့ငှာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအလို့ငှာ အမဲလိုက်ကြပြီး၊ မှောင်ခို သားရိုင်းဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ရာ၊ ဆင်များအတွက် အသက်အန္တရာယ် အလွန်များလာသည်။ ဤသည်မှာ စွန့်စားရနည်းပြီး အမြတ်အစွန်း မြင့်မားသည်ကို နှစ်ခြိုက်သော ငို့ဘများကို မက်မောစရာ ဆွဲဆောင်နေသည်။[32][33][34] ခန္ဓာကိုယ်ကြီးမားသော ဆင်များကို သယ်ဆောင်ရာ၌ ကိရိယာတန်ဆာပလာများစွာ လိုအပ်သည် ဖြစ်ရာ၊ ဆင်မုဆိုး (poacher) များသည် အမဲလိုက်ခြင်းကို ကျွမ်းကျင်ရန် လိုအပ်သည်ဟု ယူဆသည်။
သစ်တောပြုန်းတီးခြင်း၊ မိုင်းတွင်းများ ပေါလာခြင်းနှင့် စိုက်ပျိုးမြေ ချဲ့ထွင်လာခြင်းတို့ကြောင့် စားကျက်ပျောက်ခြင်းသည် အထူးသဖြင့် အာရှဆင်များအတွက် ပြဿနာ ခြောက်သောင်း ဖြစ်လာသည်။[35][36] အတူတကွ နေထိုင်ကျက်စားလေ့ရှိသော စားကျက် ပြိုပျက်သွားခြင်းက အုပ်လိုက် စုစည်းနေထိုင်သော ဆင်များကို တကွဲတပြား ဖြစ်စေပြီး၊ ဆင်များ ထီးတည်း ဖြစ်လာသည်။ ယင်းသို့ ဖြစ်လျှင် ဆင်များအတွက် မိတ်လိုက်၊ သားပေါက်ရန် ခက်ခဲလာပြီး၊ ဆင်သူခိုးများအတွက်မူ ဆင်များကို ရှာဖွေရန်နှင့် ထောင်ချောက်ဆင်ရန် ပိုမို လွယ်ကူသွားသည်။[37] အာရှဆင်များသည် ၎င်းတို့ စားကျက် ၃၀-၄၀% နီးပါးကို ဆုံးရှုံးခဲ့ပြီး၊ ယင်းအတွက် သူတို့၏ သားသမီးများ၊ မျိုးဆက်များကို ပြုစုစောင့်ရှောက်ရန် မဆိုထားနှင့်၊ သူတို့ကိုယ်တိုင် နေထိုင် စားသောက်ဖို့ပင် ပင်ပန်း ဆင်းရဲလာသည်။
လူဦးရေ တိုးလာပြီး၊ သစ်တောဖုံးလွှမ်းမှု နည်းလာခြင်းကြောင့် လူတို့ နေထိုင်ရာအနီး ဆင်များ ပေါ်ထွက် နီးကပ်လာခြင်းတို့ကို ကြည့်လျှင်၊ လူ-ဆင် ပဋိပက္ခမှာ စိုးရိမ်ဖွယ်ပင် ဖြစ်သည်။[38] ထိုသို့ဖြစ်လျှင်၊ ကောက်ပဲသီးနှံများ ပျက်စီးခြင်း၊ စီးပွားရေးအရ ဆုံးရှုံးခြင်းတင်မက ဆင်နှင့် လူပါ သေကြေခြင်းများ ဖြစ်ပွားသည်။[39]
တိရစ္ဆာန်ရုံများ၊ ဆပ်ကပ်များနှင့် ခရီးသွားလုပ်ငန်းများတွင် ဆင်များကို ပြုစုစောင့်ရှောက်ရန်အတွက် တရားဥပဒေ ပြုပြဋ္ဌာန်း ကာကွယ်ပေးရန် ပျက်ကွက်လျှင်၊ သူတို့ကို နှိပ်စက်ရာ ရောက်သည်။[40][41][42] ကျုံးသွင်း ထူးခတ်ညဉ်းဆဲထားခြင်းသည် ဆင်များ ဆင်းရဲပင်ပန်းခြင်း ကြီးစွာ ဖြစ်ရသည်။ အာရှဆင်များသည် တောတွင်း၌ တရားမဝင် ဖမ်းဆီးခံရပြီး အမြတ်များသော ခရီးသွားလုပ်ငန်းများသို့ မှောင်ခို ရောင်းချခြင်း ခံရလေ့ ရှိနေသည်။[43][44]
နာမည်ကျော် ဆယ်လီအများအပြားက ဆင်များကို ကာကွယ်ရန် အရေးကြီးကြောင်း ထုတ်ဖော် ပြောဆိုကြသည်။ ယင်းထဲတွင် လီယိုနာဒို ဒီကာပရီယို၊[45] ခရစ္စတင်း ဒေးဗစ် (Kristin Davis)၊[46] ဝီလျံ ရှက်တနာ (William Shatner)၊[47] ယောင်မင် (Yao Ming)၊[48] ဝီလျံမင်းသား(Prince William)၊[49] ဂျော်ဇာ ဖောက်စ် (Jorja Fox)၊[50] အဲလစ် ဘောဒွင်း (Alec Baldwin)၊[51] စတီဖင် ဖရိုင်း (Stephen Fry)၊[52] အက်ရှလေ ဂျု (Ashley Judd)၊[53] ဂျဒ ပင်ခက် စမစ် (Jada Pinkett Smith)၊[54] ကက်သရင် ဘဂလို (Kathryn Bigelow)[55]တို့နှင့်တကွ နိုင်ငံရေးသမားမျ ဖြစ်ကြသော ဘားရက် အိုဘားမား[56] ဟီလာရီ ကလင်တန်နှင့် ချဲလ်စီး ကလင်တန်တို့ပါ ပါဝင်သည်။[57][58]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.