အလောင်းစည်သူ
ပုဂံဧကရာဇ် / From Wikipedia, the free encyclopedia
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၅၄-၅၂၉ အေဒီ (၁၀၉၂-၁၁၆၇) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ ကျန်စစ်သားမင်း၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ မြန်မာဘုရင်များတွင် ''စည်သူ" ဘွဲ့ ကို ပထမဆုံး ခံယူခဲ့သည့် ဘုရင်ဖြစ်လည်းဖြစ်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ ပုဂံခေတ် ဂူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော သဗ္ဗညုစေတီတော်ကြီး၏ ဒါယကာလည်းဖြစ်၍ ထိုမင်းလက်ထက်တွင် ပုဂံစေတီ ပုထိုးများ၏ ဂူကျောင်းလက်ရာပုံစံများ ခေတ်ဦးပုံစံမှ ခေတ်လယ်ပုံစံသို့ စတင်တိုးတက်ပြောင်းလဲခဲ့သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း[1] ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။ အလောင်းစည်သူမင်းကြီးသည် သူ၏လက်ထက်တွင် နိုင်ငံအနှံ့ လှည့်လည်ကာ ကန်၊ ချောင်း၊ ဆည်မြောင်းများတူးဖော်စေခဲ့၍ လယ်၊ ယာများ တိုးချဲ့ လုပ်ကိုင်စေခဲ့သည့်အပြင် ခရိုင်၊ မြို့ပြများလည်း တည်ထောင်စေခဲ့သည်။ စီးပွားကူးသန်းရေး ပိုမိုတွင်ကျယ်စေရန် အလေး၊ အချိန်အတွယ်၊ အတိုင်းအတာများကိုလည်း တသမတ်တည်းဖြစ်စေခဲ့သည်။ နိုင်ငံနယ်နိမိတ်များတွင်လည်း ကင်းတို၊ ကင်းရှည်စောင့်ကြပ်စေခဲ့သည်။ ရောက်ရှိရာဒေသများတွင် သိမ်နှင့်ဘုရား၊ ကျောင်းနှင့်စည်းခုံ၊ ပုထိုးနှင့်ဂူ စသည်တို့ကိုလည်း များစွာတည်ထားခဲ့သည်။ ကုန်းကြောင်း၊ ရေကြောင်းခရီးများစွာသွားလာခဲ့သည့်အတွက် အလောင်းစည်သူမင်း လက်ထက်တွင် တိုင်းပြည်အတွင်း သူပုန်သူကန်များပေါ်ပေါက်ခဲ့ရာ ကိုယ်တိုင်သွားရောက် နှိမ်နင်းခဲ့ကြောင်းတွေ့ ရသည်။
အလောင်းစည်သူ | |
အေဒီ ၁၀၉၂-၁၁၆၇ | |
နန်းသက် | ၇၄ |
အမည်အပြည့်အစုံ | အလောင်းစည်သူ |
ငယ်မည် | သီရိဇေယျသူရ |
ဘွဲ့အမည် | သီရိ တြိဘု၀နာဒိတျာပ၀ရ ဓမ္မရာဇာ |
အမည်ကွဲ | ရွှေဂူဒါယကာ၊ သက်တော်ရှည် |
နံတော် | ကြာသပတေး |
မွေးဖွားသည့်နေ့ | မြန်မာသက္ကရာဇ် ၄၂၈ အေဒီ ၁၀၉၀ |
မွေးရာဇာတိ | ပုဂံ |
ဖခမည်းတော် | စောယွန်း |
မယ်တော် | ရွှေအိမ်စည် |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ကြင်ရာတော် | ရတနာပုံမိဖုရား |
နန်းစံရာ နေပြည်တော် | ပုဂံ |
နတ်ရွာစံသည့်နေ့ | မြန်မာသက္ကရာဇ် ၅၂၉
အေဒီ ၁၁၆၇ ( သက်တော် ၁၀၁နှစ် ) |
နတ်ရွာစံသည့်နေရာ | ရွှေဂူကြီးဘုရား |
မြှုပ်နှံရာနေရာ | {{{မြှုပ်နှံရာနေရာ}}} |
ဆက်ခံခဲ့သောမင်း | ကျန်စစ်သား |
ဆက်ခံမည့်မင်း | နရသူ (ပုဂံ) |
မင်းဆက် | ပုဂံမင်းဆက် |