![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d7/Holy_bible_book.jpg/640px-Holy_bible_book.jpg&w=640&q=50)
သမ္မာကျမ်းစာ
ကျမ်းဂန် / From Wikipedia, the free encyclopedia
သမ္မာကျမ်း သည် ခရစ်ယာန်ဘာသာ ဝင်များ၏ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်သည်။
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
![](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/Holy_bible_book.jpg/640px-Holy_bible_book.jpg)
သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော်မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကက်သလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။
မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေပညတ်တရား ၅ကျမ်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ မောရှေ၏ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျေရုဆလင်မြို့ကို ဘေဘီလုံသားများ ဖျက်ဆီးပြီးနောက် ပရောဖက် နေဟမိ နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့အချိန် ဘီစီ ၄၃၂ အချိန်ခန့်တွင် ဓမ္မဟောင်းကျမ်းစာ နောက်ဆုံးကျမ်းကို ရေးသားခဲ့သည်။ နှစ်ပေါင်း ၄၀၀ ကျော် မည်သူမျှ ကျမ်းမရေးခဲ့ဘဲ ခရစ်တော်ယေရှုကို ဖွားမြင်သည့် ဘီစီ ၆ - ၅ ခန့်တွင် ဓမ္မသစ်ကျမ်းအတွက် ရေးသားရန်ဖြစ်လာခဲ့သည်။ ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့သည့် အေဒီ ၃၀ နောက်ပိုင်းတွင် ဓမ္မသစ်ကျမ်းစာများကို တမန်တော်များက ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလု၏ သက်သာလောနိ ပထမ စာစောင်ကျမ်းသည် ဓမ္မသစ် ပဌမဆုံးကျမ်းဖြစ်နိုင်သည်ဟုဆိုကြသည်။ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော် ရှင်ယောဟန် သေဆုံးသည့် အေဒီ ၉၅ခန့်တွင် ရေးသားသည်ဟု ဆိုသည်။
ဥရောပအနောက်ခြမ်းခရစ်ယာန်ဘာသာ တွင် ဂိုဏ်းပေါင်းများစွာရှိသည့်အနက် အဓိကအားဖြင့် မူလပထမ ခရစ်ယာန်များဟုခေါ်ဆိုသည့် ရိုမင်ကက်သလစ် (Roman Catholic) များနှင့် မာတင်လူသာနောက်ပိုင်းတွင် ပုပ်ရဟန်းမင်း ကိုတော်လှန်ပြီး ဖြစ်ပေါ်လာသော ပရိုတက်စတင့် ဟူ၍ နှစ်မျိုးရှိသည်။ အရှေ့ဥရောပမှာ အောက်သိုဒေါ့ ခရစ်ယာန်များလည်း အစဦးခရစ်ယာန်များဖြစ်သည်။ အရှေ့ဥရောပရှိ ပုပ်ရဟန်းမင်းကို အသိအမှတ်ပြုသော အရှေ့ဥရောပကက်သလစ်များလည်းရှိသည်။ သို့သော် အဓိကအားဖြင့် ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ၂ မျိုးတို့တွင် ပုပ်ရဟန်းမင်းကို ဦးသျှောင်ထားသော ရိုမန်ကက်သလစ်များနှင့် အောက်သိုဒေါ့ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ကျမ်းပို (apocrypha) များပါရှိသည်။
သမ္မာကျမ်းစာကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီး အေဒိုနီယံယုဒသန် က ဂရိ(ဟေလသ)နှင့် ဟီးဘရူးဘာသာ(ဟေဗြဲ) တို့မှ မြန်မာဘာသာသို့ပြန်ဆိုခဲ့သည်။ ၎င်းသမ္မာကျမ်းစာသည် ယနေ့တိုင် အသုံးပြုနေသော တစ်ခုတည်းသော သမ္မာကျမ်းစာ ဖြစ်နေသည်။ သိမ်းငှက် တည်းဖြတ်မှုဟူသော ကျမ်းစာမူသစ်တစ်မျိုးကို ပြန်လည် တည်းဖြတ်ခဲ့သော်လည်း ခရစ်ယာန်အများက ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ ခေတ်သုံးမြန်မာစာ ဟူ၍ မူသစ်တစ်ခု ပြုစုထုတ်ဝေထားသော်လည်း အသုံးပြုမှုတွင်ကျယ်ခြင်း မရှိပါ။
သမ္မာကျမ်းသည်စင်စစ်အားဖြင့် စာတစ်အုပ်တည်းမဟုတ်၊ အုပ်တွဲပေါင်း ၆၆ အုပ်တွင်တစ်ပေါင်းတည်းပြုစုထားသော ဗဟုသုတပေါင်းစုံသည့်ကျမ်းစာ တစ်ခုဟု ဆိုလောက်သည်။ ခရစ်ယာန်အယူဝါဒရောက်ရှိသွားသောနိုင်ငံမှန်သမျှ၌သမ္မာကျမ်းကို တိုင်းရင်းဘာသာဖြင့် ဘာသာပြန်ပြီးရှိ၏။ သမ္မာကျမ်းသည် ကမ္ဘာ့စာပေလောက၌ ဘာသာအမျိုးအစုံဆုံးဖြင့် ပြန်ဆိုခြင်းခံခဲ့ရသော ကျမ်းဖြစ်သည်ဟုဆိုရပေမည်။ သမ္မာကျမ်းတစ်ခုလုံးကို ဘာသာပေါင်း ၁ဝ၈ မျိုးဖြင့် ပြန်ဆိုထား၍ တစ်စိတ်တစ်ဒေသကိုမူ ဘာသာပေါင်း ၅ဝဝ ကျော်ဖြင့်ပြန် ဆိုထားလေသည်။ ၁၃၈၂ ခုနှစ်ကဂျွန်ဝစ်ကလစ်ဆိုသူသည် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးပြန်ဆိုခဲ့လေသည်။ သူ့နောက်မှ အထပ်ထပ်ပြင်ဆင်ပြန် ဆိုကြသည်မှာလည်း အများအပြားပင် ဖြစ်သည်။ နောက်ဆုံး ၁၉ ရာစုနှစ်လောက်ကစတင်၍သမ္မာကျမ်း၌ပါရှိသော ကဗျာလင်္ကာများကိုအနေ အထားမပျက်အောင် စီစဉ်ပုံနှိပ်ကြသည်။