မုန်းချောင်း
From Wikipedia, the free encyclopedia
မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင် (ခေါ်) ခေါနုသုမ် (ခေါ်) နတ်မတောင်ထိပ်၏ အနောက်ဘက်နှင့် မြောက်ဘက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဘက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဘက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။
မဲဇလီရွာမှ ဧရာဝတီမြစ်နှင့် ဆုံရာအထိ အတည့်တိုင်းလျှင် မိုင် ၃ဝ ကျော် ရှိ
သည်။ မြစ်ရိုးတစ်လျှောက်မှ တိုင်းလျှင် မူကားနှစ်ဆမျှရှိပေမည် ။
မုန်းချောင်းကမ်းဘေးမှာထက် မြို့ရွာများ ပိုမို တည်ရှိသည်။ မုန်းချောင်းဘေးတွင်
မဲဇလီအောက်ဘက်မှစ၍ ရွာပေါင်း ၁ဝဝကျော်ရှိ၍ မြစ်ချောင်း၏ တစ်ဖက်တစ်ချက်
အမျှပင် တည်ရှိသည်။ သို့ရာတွင် ပြောပလောက်သည်တို့ကား စေတုတ္တရာ၊
ပွင့်ဖြူစသည်တို့သာလျှင်ဖြစ်၏။ မဲဇလီရွာအထက် ၄၅ မိုင်အထိ လှေများ
တစ်နှစ်ပတ်လုံး ကူးလူးသွားလာနိုင်သည်။ မိုးအခါတွင် လှေများဖြင့်သာ
ဖြတ်ကူးနိုင်သော်လည်း နွေအခါ၌ အချို့နေရာများတွင် ကျောက်ဆောင်များကို
ကျော်ဖြတ်၍ ကူးသန်းနိုင်သည်။
မုန်းချောင်း မြစ်ဝှမ်းရှိ မြေသည် မန်းချောင်း မြစ်ဝှမ်းမှာထက် ပို၍ ပွသည်။
ဆည်မြောင်းများ ဖောက်လုပ်၍ ရေသွယ်မည်ဆိုပါက မန်းချောင်းမှာကဲ့သို့ပင်
တောင်ခြေ တစ်လျှောက်မှသည် ဧရာဝတီမြစ်ဝှမ်းအထိ စိုက်ပျိုးနိုင်သည်။ မဲဇလီ
အောက်ဘက်ဆီတွင် မုန်းချောင်းမြစ်ဝှမ်းသည် ၁ မိုင်မျှ ကျယ်ဝန်းသည်။
ထိုမှအောက်ဘက် ၁၈ မိုင် အကွာ ကျွဲတဲသို့ရောက်လျှင် ၆ မိုင်ရှိ၍ ထိုမှလွန်ပြန်
သော် အလျား ၁၃ မိုင် အနံ ၇ မိုင်ခန့်ရှိသော မြေပြန့်ရှိ၏။ မြေလည်းကောင်းမွန်
သည်။
မဲဇလီရွာ အထက် မြောက်ဘက်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးမြောင်း
တစ်ခု တူးဖောက်ခဲ့သည့် အထောက်အထားများ တွေ့ရသည်။ အခြား
တူးမြောင်းတစ်ခုမှာ မဲဇလီ၏ အောက်ဘက် ၁ဝ မိုင်ခန့် အကွာ တောင်ဘက်ကမ်းမှ
ပြည်လုံးကျော်၏ အနောက်ယွန်းယွန်းတွင် ရှိခဲ့သည်။
အချို့နေရာများတွင် မုန်းမြစ်ကြောင်း ပြောင်းသည့် လက္ခဏာများ ရှိသည်။
၁၉ဝ၈ ခုနှစ်ခန့်က မုန်းမြစ်ဝနှင့် ၃၄ မိုင်ကွာဝေးသော မဲဇလီရွာတွင်
ရေလွှဲဆည်ကို စတင် ပြုလုပ်၍ ယခုအခါ မုန်းတူးမြေင်းစုဖြင့် ရေသွယ်ကာ
လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ မုန်းတူးမြောင်းစုသည်ကား
မင်းဘူးခရိုင်ရှိ တူးမြောင်းစု ၃ စု အနက် အလယ်တူးမြောင်းစု ဖြစ်၏။
အခြား တူးမြောင်း ၂စုမှာ ကား စလင်းတူးမြောင်းစုနှင့် မန်း တူးမြောင်းစုတို့
ဖြစ်သည်။ မုန်းတူးမြောင်းကို အမှီပြုလျက်ရှိသည့် ရေသောက်မြေ ဧကပေါင်း
မှာ ၇၉,၁၄ဝ ဖြစ်လေသည်။[1]