မိုးသစ်တော
သစ်တောအမျိုးအစားတစ်ခု / From Wikipedia, the free encyclopedia
မိုးသစ်တောများသည် တစ်နှစ်လျင်အနည်းဆုံး မိုးရေချိန် ၁၇၅၀-၂၀၀၀ မီလီမီတာ (၆၈-၇၈ လက်မ) ရရှိသည့် မိုးများသည့် သစ်တောများဖြစ်သည်။ အီကွေတာနှင့်နီးသော အပူပိုင်းမုတ်သုန်ဒေသသည် မိုးသစ်တောများ ဖြစ်ပေါ်လာရေးအတွက် အရေးပါသည်။
ဇီဝသက်ရှိအားလုံး၏ ၄၀ မှ ၇၅ ရာနှုန်းသည် မိုးသစ်တောများမှ စတင်ဖြစ်ပေါ်လာသည်။ ဖော်ထုတ်မတွေ့ရှိရသေးသည့် သန်းပေါင်းများစွာသော အပင်၊ အင်းဆက်နှင့် အနုဇီဝသက်ရှိများသည် မိုးသစ်တောများတွင် ရှိနေသည်ဟု ခန့်မှန်းကြသည်။ လေးပုံတစ်ပုံမျသော သဘာဝဆေးဝါးများကို တွေ့ရှိရသဖြင့် အပူပိုင်းမိုးသစ်တောများကို "ကမ္ဘာ့ရတနာ" သို့ "ကမ္ဘာ့အကြီးဆုံးဆေးဝါး" ဟုခေါ်ကြသည်။ မိုးသစ်တောများသည် ကမ္ဘာပေါ်ရှိ ၂၈ ရာနှုန်းသော အောက်ဆီဂျင်ပြောင်းလဲပေးမှုအတွက် ပင်တိုင်ဖြစ်သည်။ နေရောင်ခြည်ကိုအသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုက်မှ အစာချက်လုပ်သည့်ဖြစ်စဉ်တွင် အောက်ဆီဂျင်ကို ထုတ်လွှတ်သည်။
နေပြောက်မဝင်အောင် ထူထဲလှသော မိုးသစ်တောနေရာအများအပြားတွင် မြေပြင်အနီး၌အပင်ပေါက်ရောက်မှု နည်းပါးသည်။ ထိုအခါ သက်တမ်းရင့် မိုးသစ်တောများအတွင်းတွင် လွယ်လင့်တကူ လမ်းလျှောက်သွားလာနိုင်သည်။ သစ်ရွက်ကြားမှ မြေပြင်သို့ နေရောင်ခြည်ကျရောက်မှုရှိပါက မကြာခင်ပင် မြက်ပင်နွယ်ပင်များ ထူထဲစွာ ပေါက်ရောက်၍ တောရိုင်းဖြစ်ပေါ်လာသည်။ မိုးသစ်တောများကို အပူပိုင်းမိုးသစ်တောနှင့် သမပိုင်းမိုးသစ်တောဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။