ဖာပွန်မြို့
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ မြို့ / From Wikipedia, the free encyclopedia
ဖာပွန်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း၌ တည်ရှိသော ဖာပွန်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ ယခင်က တနင်္သာရီတိုင်း၊ သံလွင်ခရိုင်၏ ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကရင်ပြည်နယ်ကို ခွဲခြားသတ်မှတ်လိုက်သောအခါ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အတွင်းသို့ ပူးပေါင်းလိုက်ရ၍ ဖာပွန်မြို့နယ်သည် ယခင်ဗြိတိသျှအစိုးရ လက်ထက်က ခရိုင်ရုံးစိုက်မြို့ပင် ဖြစ်ခဲ့သော်လည်း လူနေအိမ်ခြေ မများပြားလှသော မြို့ငယ်ကလေးမျှသာ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့၏ နယ်စပ်တွင် တည်ရှိ၍ အရေးပါသော မြို့ကလေး ဖြစ်ပေသည်။
ဖာပွန်မြို့ | |
---|---|
မြို့ | |
ဖာပွန်မြို့ တည်နေရာ | |
ကိုဩဒိနိတ်: 18°03′53″N 97°26′42″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဖာပွန်ခရိုင် |
မြို့နယ် | ဖာပွန်မြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၅၀၉ ပေ (၁၅၅ မီတာ) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဖာပွန်မြို့သည် ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က ကေအင်ဒီအို သောင်းကျန်းသူများ လက်တွင်း ဖြစ်၍ အိမ်ခြေနှင့် လူဦးရေစာရင်းကို မကောက်ယူနိုင်ခဲ့ချေ။ ယခုလက်ရှိ ခန့်မှန်းခြေအားဖြင့် ဖာပွန်မြို့တွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး၊ လူဦးရေ ၂၀၀၀ ကျော်မျှ ရှိမည် ဖြစ်လေသည်။ မြို့၏ လူဦးရေ အများစုသည် ဗုဒ္ဓအယူဝါဒီများ၊ အစ္စလာမ်အယူဝါဒီများ ဖြစ်ကြသည်။
ဖာပွန်မြို့သည် သံလွင်မြစ်၏ လက်တက်တစ်ခု ဖြစ်သော ယွန်းဇလင်းချောင်း၏ အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ မြို့ကို တောင်ရိုးတောင်စဉ် နှစ်ခုကြားတွင် တည်ထားသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ဖာပွန်မြို့သည် ရွာသိမ်ရွာငယ်လေးမျှသာ ဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် ယိုးဒယား-မြန်မာနယ်စပ်တွင် တည်ရှိသောကြောင့် ဖာပွန်သည် ခရိုင်ဝန်ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ဖာပွန် ဟူ၍ ခေါ်တွင်ရခြင်းမှာ ရှေးက ထိုနေရာတွင် ရှမ်းယွန်း၊ မွန် နှင့် ကရင်လူမျိုးများ နေထိုင်ကြသည်။ ထိုနေရာတွင် ကျောက်တုံးများ ပေါများသည်ကို အစွဲပြု၍ ရှမ်းယွန်းဘာသာဖြင့် ဖားပွန်း (ဖား=ကျောက်၊ ပွန်း=တုံး) ဟုခေါ်ဝေါ်ရာမှာ ကာလကာမြင့်သော် ဖာပွန် ဖြစ်လာသည်ဟု ဆိုကြသည်။