သန်းခေါင်စာရင်း
From Wikipedia, the free encyclopedia
တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသောလူဦးရေအားလုံးကို တစ်ယောက်စီ တစ်ယောက်စီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောက်ျား၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာ အစုံအလင်မှတ်သားထားသောစာရင်းကို သန်းခေါင်စာရင်းဟု ခေါ်၏။ တစ်နည်းအားဖြင့် သန်းခေါင်စာရင်းကို လူဦးရေစာရင်းဟုလည်း ဆိုနိုင်၏။ သန်းခေါင်စာရင်းကောက်ယူရေး ဝန်ထမ်းတို့ကအိမ်များတွင်လူစုံရှိတတ်သည့်ညဉ့်အချိန်များ၌ တစ်အိမ်တက်ဆင်းလှည့်လည်ကောက် ယူခဲ့သောကြောင့် သန်းခေါင်စာရင်းဟုခေါ်တွင်ခဲ့ဟန်တူသည်။ သို့ရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ တဖြည်းဖြည်းတိုးတက်ကောင်းမွန်၍ လွယ်ကူမှုရှိလာသောကြောင့် ညဉ့်အချိန် တစ်အိမ် တက်ဆင်းလှည့် လည်ကောက်ယူသောစံနစ် မရှိတော့သလောက်ဖြစ်နေပေပြီ။ ယခုအခါတွင် သန်းခေါင်စာရင်းကောက်ယူ ရန်အတွက်ခန့်ထားသော ဝန်ထမ်းများသည် သက်ဆိုင်ရာ ကျေးရွာနယ်မြေများသို့ သွားရောက်ကာဆိုင်ရာ ရွာသူကြီးအကူအညီဖြင့် သန်းခေါင်စာရင်းကို ညွှန်ကြားချက်အတိုင်းကောက် ယူမှတ်သားကြရသည်။ အိမ်တိုင်းအိမ်တိုင်းသို့ မိမိတို့၏ အမည်၊ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောက်ျား၊ မိန်းမ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့် သက်ဆိုင်သမျှအကြောင်းအရာအစုံအလင်ကို ဖြေဆိုရန် မေးခွန်းပုံစံ စာရွက်များဝေငှ၍ နေထိုင်သူတို့ကထိုပုံစံများကိုဖြည့်သွင်းပေးကြရသည်။
ထိုအခါတွင်ဝန်ထမ်းက ထိုစာရင်း မှန်မမှန်ကို ကိုယ်တိုင်စစ်ဆေးပြီးမှ ကျေးရွာအလိုက် စာရင်းချုပ်ပြုလုပ်ရသည်။ ယင်းသို့ဝန်ထမ်းများက ကောက်ယူပေးသော စာရင်းများကို မြို့ပိုင်ရုံးမှတစ်ဖန် စစ်ဆေးပြီးလျှင်မြို့နယ်အလိုက်စာရင်းချုပ်ပြုလုပ်၍ ဆိုင်ရာနယ်ပိုင်ရုံးသို့တင်ရ၏။ နယ်ပိုင်ရုံးမှလည်းထိုအတူစစ်ဆေးကာ စာရင်းချုပ်အဆင့်ဆင့်ပြုလုပ်ရ လေသည်။ ဤသို့ဖြင့်စာရင်းကောက်ယူခြင်းပြီးစီးသောအခါ သန်းခေါင်စာရင်းစစ်ဆေးရေးအထူးအရာရှိများ ခန့်ထား၍ သေချာသည်ထက်သေချာအောင် စစ်ဆေးရပြန်သည်။ ယင်းသို့စစ်ဆေးပြီး၍ သေချာသောအခါတွင် သန်းခေါင်စာရင်းမှာ အတည်ဖြစ်သဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မပြုရတော့ချေ။