ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်
မြန်မာ နိုင်ငံရေး ပါတီ / From Wikipedia, the free encyclopedia
စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါ် ဖဆပလ ဖြစ်သည်။
Anti-Fascist People's Freedom League ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် | |
---|---|
ပါတီဥက္ကဋ္ဌ | ဦးနု |
တည်ထောင်ခြင်း | ၁ မတ် ၁၉၄၅ |
ဖျက်သိမ်းခြင်း | ဇွန် ၁၉၅၈ |
ယခင် | ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ |
ဆက်ခံ | သန့်ရှင်းဖဆပလ တည်မြဲဖဆပလ |
နိုင်ငံရေး သဘောတရား | ဖက်ဆစ်ဆန့်ကျင်ရေး မြန်မာအမျိုးသားရေး ပါလီမန်ဒီမိုကရေစီဝါဒ |
ရပ်တည်ချက် | လက်ဝဲ |
အရောင် | အနီရောင် |
ပါတီအလံ | |
ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော ဖက်ဆစ်ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုမှ တွန်းလှန်လိုသူတစ်စုသည် ဖဆပလအဖွဲ့ချုပ်ကြီးကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဥက္ကဋ္ဌ၊ သခင်သန်းထွန်းအား အတွင်းရေးမှူး တင်မြှောက်၍ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြသည်။
အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်မှာ ဖက်ဆစ်ဝါဒကို မြန်မာနိုင်ငံ၌သာမက ဖက်ဆစ်၏ မူရင်းဒေသများ၌ပါ အမြစ်ပြုတ်အောင် တိုက်ဖျက်ရန်နှင့် ပြည်သူလူထုက မျှော်မှန်းတမ်းတခဲ့ကြသည့် လွတ်လပ်ရေးကို ရရှိအောင် မနားမနေကြိုးပမ်းရန် တို့ဖြစ်သည်။ ယင်းကို အကြောင်းပြု၍ ထိုအဖွဲ့ကို ပထမတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဟု ခေါ်တွင်သည်။ အတိုကောက်အားဖြင့် ဖတပလဟု ဖြစ်သည်။ စစ်ပြီးနောက်တွင်မှ တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။