From Wikipedia, the free encyclopedia
ဂရိဒဏ္ဍာရီတွင် ပရာမီးသီးယပ်စ် (ရှေးဟောင်းဂရိ: Προμηθεύς; အင်္ဂလိပ်: Prometheus, /prəˈmiːθiəs/; ဖြစ်နိုင်သည့်အနက်-အမြော်အမြင်)[1] သည် တိုက်တန်မီး နတ်ဘုရားဖြစ်သည်။[2] ပရာမီးသီးယပ်စ်သည် လူသားများကို ရွံ့မှ ဖန်ဆင်းခြင်း၊ နတ်ဘုရားများကို အာခံ၍ မီးကို ခိုးယူကာ လူ့လောကတိုးတက်စေရန်အတွက် ပေးသနားခဲ့သူအဖြစ် ဖော်ပြကြကာ ၎င်း၏ ဉာဏ်ပညာ၊ လူသား၊ လူ့အကျိုးကို ရပ်တည်ကာကွယ်သူအဖြစ်လည်း ကျော်ကြားပေသည်။[3] ပရာမီးသီးယပ်စ်ကို ကမ္ဘာဦးကာလ ရေကြီးမှုဇာတ်လမ်း၏ သူရဲကောင်းဖြစ်သော ဒြူးကေးလီယန်၏ ဖခင်အဖြစ် ရေးသားမှုများလည်း ရှိကြပေသည်။[4][5][6]
မီးကို ခိုးယူ၍ လူ့လောကသို့ ပေးအပ်ခြင်းအတွက် ပရာသီးမီးယပ်စ်အား အပြစ်ပေးခြင်းသည် ရှေးခေတ်၊ ယနေ့ခေတ် ယဉ်ကျေးမှုများတွင် အလွန်ရေပန်းစားသော အကြောင်းအရာတစ်ခုဖြစ်၏ ။ အိုလံပတ်တောင်နတ်ဘုရားများ၏ အရှင် ဇုစ်သည် ပရာမီးသီးယပ်စ်ကို စည်းကမ်းစဉ်လာဖောက်ဖျက်သည့်အတွက် ထာဝရညှဉ်းပန်းမှုဒဏ်ကို အပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းသည် ကျောက်ဆောင်တစ်ခုနှင့် တွဲချည်ထားခြင်းခံရကာ သိမ်းငှက်တစ်ကောင်ကို လွှတ်၍ ၎င်း၏အသဲ(နှလုံး)ကို စားစေသည်။[မှတ်စု 1][7])[8] ထိုအစားခံရသော အသဲနှလုံးသည် ညတွင်းချင်း ပြန်လည်ပေါက်ဖွားပြန်၍ နောက်တစ်နေ့တွင် ထပ်မံ အစားခံရသည်။ ဤသို့ဖြင့် ၎င်းခံစားရသော သံသရာမှာ အဆုံးမသတ်ပေ။[8] နောက်ဆုံးတွင် ဂရိသူရဲကောင်း ဟဲရာခလီးဇ်က လွတ်မြောက်စေခဲ့သည်။[9]သရုပ်ဖော်တင်စားမှုအဖြစ် ပရာမီးသီးယပ်စ် ပြစ်ဒဏ်သင့်နေရာကို အချို့က ရှာဖွေကြရာ ကော့ကေးဆပ်စ် (ကော့ကာဆပ်စ်) တောင်တန်း၏ မီးတောင်ကြီးနှစ်ခုဖြစ်သော အီလ်ဘရပ်စ်တောင် (သို့) ကာ့ဇ်ဘက်တောင် ဟူ၍ ဆိုကြပြီး အကြောင်းမှာ ရှေးခေတ်ဂရိသားများသည် အရိုင်းလူများကို ထိုတောင်တန်းအလွန်ဒေသများ၌ နေထိုင်စေခဲ့ကြသည်။[10]
ထိုရှေးခေတ်က ယုံကြည်ကိုးကွယ်မှုတွင် ပရာမီးစီးယပ်စ်ကို ကိုးကွယ်မှုပြုသည့် သက်သေအထောက်အထားကို များစွာမတွေ့ရပေ။ ရှေးခေတ် အေသင်သားများ၏ ဘာသာရေးရာဆောင်ရွက်ချက်များတွင် အာရုံစိုက်စရာတစ်ခုအဖြစ် ပရာမီးသီးယက်စ်ကို ထားရှိ၍ ၎င်းကို ကျွမ်းကျင်မှုအတတ်ပညာ၊ ဖန်တီးမှုဆိုင်ရာ နတ်များဖြစ်သော အသီးနာနှင့် ဟစ်ဖီးစတပ်စ်တို့နှင့် ဆက်စပ်ပေးမှုများ ရှိခဲ့ကြသည်။[11][12]
အနောက်တိုင်း ဂန္ထဝင်ပညာရပ်အယူအဆ၌ ပရာမီးသီးယပ်စ်သည် လူသားတို့၏ လောကဓာတ်ဆိုင်ရာအသိရစေရန် ကြိုးပမ်းမှု၊ အလွန်အကျွံဆောင်ရွက်ခြင်း (သို့) ရည်ရွယ်မှုမရှိသော အကျိုးဆက်များ စသည်တို့၏ ပြယုဂ်ဖြစ်လာခဲ့သည်။ အထူးအားဖြင့် ရိုမန့်တစ်ခေတ် (အရိုင်းသဘာဝဖော်ကျူးမှုဝါဒခေတ်) တွင် လူ့လောကအတွက် တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်သော တစ်ဦးတည်းသော ပါရမီရှင်၊ သို့သော် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများသည် ကြေကွဲဖွယ်ရာ၊ ကံဆိုးမိုးမှောင်ကျသည့် အဖြစ်သနစ်များကိုသာ ဖြစ်စေသည့် သရုပ်သကန်အဖြစ် ယူဆသတ်မှတ်ခဲ့ကြ၏ ။ ဥပမာပေးရလျှင် မယ်ရီ ရှယ်လီက သူမ၏ ဝတ္ထုဖြစ်သော "ဖရန်ကန်စတိုင်း" ကို ခေါင်းစဉ်ခွဲအဖြစ် "ခေတ်သစ် ပရာမီးသီးယပ်စ်" ဟု ပေးခဲ့လေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.