From Wikipedia, the free encyclopedia
ဒန်းညာ ဂျုံးဇ် (အင်္ဂလိပ်: Daniel Jones[မှတ်စု 1]) သည် ဗြိတိသျှသား သဒ္ဒဗေဒပညာရှင်တစ်ဦးဖြစ်သည်။ ဆောဘောန် (ပဲရစ်တက္ကသိုလ်) ရှိ École des Hautes Études တွင် သဒ္ဒဗေဒ ပါမောက္ခ "ပေါလ် ပါစီ"၏ လက်အောက်တွင် လေ့လာသင်ကြားခဲ့သည်။ လန်ဒန်ရှိ တက္ကသိုလ်ကောလိပ်ကျောင်း (University College, London]) ၏ သဒ္ဒဗေဒဌာနမှ ဌာနမှူးလည်းဖြစ်သည်။
၁၉၀၀ တွင် ဂျာမနီနိုင်ငံ၊ ဝီလျံ တစ်လီ မားဘာ့ဂ် ဘာသာစကားတက္ကသိုလ်တွင် ခေတ္တမျှ ပညာသင်ကြားခဲ့ရာ ထို၌ သဒ္ဒဗေဒ (phonetics) ပညာရပ်ကို စတင်ထိတွေ့ခဲ့သည်။ ၁၉၀၃ တွင် ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သင်္ချာဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၀၇ တွင် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၁၉၀၅ မှ ၁၉၀၆ အထိ နိုင်ငံတကာ သဒ္ဒဗေဒအသင်းတည်ထောင်သူတစ်ဦးဖြစ်သည့် ပေါလ် ပါစီထံ၌ လေ့လာသင်ယူခဲ့သည်။ ၁၉၁၁ ၌ ပါစီ၏ တူမ Cyrille Motte နှင့်ဘအိန်ထောင်ပြု၏။ ထို့နောက် ဗြိတိသျှ ဟန်နရီ ဆွိ ထံတွင် သီးသန့်သင်ခန်းစားများကို သင်ယူခဲ့သည်။
လန်ဒန် တက္ကသိုလ်ကောလိပ်ကျောင်းတွင် အချိန်ပိုင်း ကထိကအဖြစ် လုပ်ကိုင်ခဲ့ကာ နောက်ပိုင်း၌ အချိန်ပြည့် ရာထူးဖြင့် တာဝန်ယူခဲ့သည်။ ၁၉၁၂ ၌ သဒ္ဒဗေဒဌာန၏ ဌာနမှူးဖြစ်လာကာ ၁၉၂၁ တွင် ပါမောက္ခရာထူး တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ပါမောက္ခရာထူးကို ၁၉၄၉ အငြိမ်းစားယူသည်အထိ ထမ်းဆောင်းခဲ့သည်။ ၁၉၀၆ မှစတင်ကာ ဂျုံးဇ်သည် နိုင်ငံတကာ သဒ္ဒဗေဒအသင်း၏ တက်ကြွစွာလုပ်ဆောင်သော အသင်းဝင်ဖြစ်၍ ၁၉၀၇ မှ ၁၉၂၇ အထိ လက်ထောက်အတွင်းရေးမှူး၊ ၁၉၂၇ မှ ၁၉၄၉ အထိ အတွင်းရေးမှူး၊ ၁၉၅၀ မှ ၁၉၆၇ အထိ ဥက္ကဋ္ဌ တာဝန်စသဖြင့် ထမ်းဆောင်ခဲ့သည်။
၁၉၀၉ တွင် ဂျုံးဇ်သည် အင်္ဂလိပ်စကား အသံထွက် (Pronunciation of English) ဟူသော စာအုပ်အသေးတစ်ခုကို ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ထိုစာအုပ်ကို အသေးစိတ်ပြန်လည် ပြင်ဆင်ခဲ့သည်။ ဤသို့ရလဒ်အနေဖြင့် "အင်္ဂလိပ် သဒ္ဒဗေဒ အကျဉ်းချုပ်" (An Outline of English Phonetics) စာအုပ် ၁၉၁၈ ၌ ထွက်ပေါ်ခဲ့လေသည်။ ထိုစာအုပ်သည် ဗြိတိသျှတို့၏ အများအသိအမှတ်ပြု လက်ခံထားသော အသံထွက်ကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားဖော်ပြထားသည့် ပထမဆုံးစာအုပ်ဖြစ်လေသည်။ ထို့အပြင် ဘာသာစကားများအားလုံးအနက်မှ စံစနစ်ကျကျ အသံထွက်ကို ရေးသားထားသည့် ပထမဆုံး စာအုပ်လည်း ဖြစ်၏။
၁၉၁၇ သည် ဂျုံးဇ်အတွက် များစွာသောပုံစံဖြင့် အရေးပါသည့် ကာလဖြစ်ခဲ့သည်။ အနောက်ကမ္ဘာ၌ လက်ရှိသိရှိနေသော အဓိပ္ပာယ်ဖြင့် phoneme (သံရင်း) ကို ပထမဆုံး စတင်သုံးစွဲသည့် ဘာသာဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့၍ ထိုဝေါဟာရကို ၎င်း၏ စာအုပ် "The phonetic structure of the Sechuana Language" (ဆတ်ရွှားနာ ဘာသာစကား သဒ္ဒဗေဒ တည်ဆောက်ပုံ) တွင် သုံးနှုန်းခဲ့သည်။[1] အသံထွက် အဘိဓာန်တစ်ခုကို ပြုစုရန် ယခင်က သိသိသာသာ ကြိုးပမ်းခဲ့ဖူးသည်။[2] သို့သော် ၁၉၁၇ ၌ပင် ၎င်း၏ နာမည်ကြီး "English Pronouncing Dictionary" (အင်္ဂလိပ်အသံထွက် အဘိဓာန်) ကို ထုတ်ဝေခဲ့လေသည်။[3] ထိုစာအုပ်သည် ယခုအထိတိုင် ပြင်ဆင်တည်းဖြတ်သည့်မူဖြင့် ပြန်လည်ထုတ်ဝေနေဆဲဖြစ်သည်။[4] ယင်းအဘိဓာန်တွင် "အခြေခံအကျဆုံး သရ ပုံကားချပ်" စတင်ပါဝင်လာခဲ့သည်။[5]
သရများကို သဒ္ဒဗေဒနည်းလမ်းဖြင့် ဖော်ပြမှုများ၏ ပြဿနာသည် ရှည်လျားစွာတည်ရှိခဲ့ပြီး ရှေးခေတ် အိန္ဒိယဘာသာဗေဒပညာရှင် ခေတ်ကတည်းကဟု ဆိုရမည်ဖြစ်သည်။ ၁၉ရာစု ဗြိတိသျှအသံထွက်ပညာရှင်သုံးဦးတို့က ဤပညာရပ်အပေါ် လုပ်ဆောင်ခဲ့ကြသည်။ အလက်ဇန္ဒား မဲလ်ဗစ်လ် ဘဲလ် (ဂရေဟမ်ဘဲလ် ၏ ဖခင်) က "လျော်ကန်သော သင်္ကေတ သဒ္ဒဗေဒအက္ခရာ" ကို တီထွင်ခဲ့ကာ ယင်း၌ သရများအတွက် အသေးစိတ်စနစ်ပါဝင်လေသည်။ အလက်ဇန္ဒားအဲလစ်သည်လည်း ၎င်း၏ သဒ္ဒဗေဒအက္ခရာများအတွက် သရသင်္ကေတ များက်ု အကြံဉာဏ်များပေခဲ့၏။ ဟန်နရီဆွိ သည် သင်္ကေတများစွာပါဝင်သော အသေးစိတ်ပြုထားသည့် သရစနစ်တစ်ခု တီထွင်လျှက် သရနှင့်ပတ်သက်၍ စနစ်ကျသော ဖော်ပြမှုများတွင် အတော်ကြိုးစားလုပ်ကိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဂျုံးတစ်ဦးတည်းသာ ၎င်း၏ Cardinal Vowels (အခြေခံအကျဆုံး သရ) ပုံစံဖြင့် လက်တွေ့ကျသော ဖြေရှင်းမှုမှတဆင့် ယေဘုယျအားဖြင့် ၎င်းကို ဂုဏ်ပြချီးကျူးရမည်ဖြစ်သည်။ အခြေခံအကျဆုံး သရပုံစံအစီအစဉ်မှာ ဗြိတိသျှ ရိုးရာစဉ်ဆက်သဘောနယ်ပယ်အတွင်း နှစ်ကာလများစွာ စနစ်တကျသင်ကြားခဲ့ရသည့် ရည်ညွှန်းမည့် သရများအတွက် ရိုးရှင်းသော စနစ်တစ်ခုဖြစ်သည်။ ဤသရအစီအစဉ်အတွက် စေ့ဆော်မှု အများအပြားကို ပေါလ် ပါစီ၏ အစောပိုင်းထုတ်ဝေမှုများတွင် တွေ့ရှိနိုင်၏။
အခြေခံအကျဆုံး သရသံများ၏ မူလပုံစံတွင် ဂျုံးဇ်သည် နှုတ်ခမ်းပုံစံနှင့်အတူ လျှာ(အပေါ်မျက်နှာပြင်)အခုံး၏ အမြင့်အနေအထားဆိုသည်ကို အခြေခံ၍ သင်္ကေတနှစ်ခုပါသော ဖော်ပြချက်တစ်ခုကို အသုံးပြုခဲ့သည်။ သရတစ်ခု (အသံထွက်ရန်) မည်သို့ ပြုမူလှုပ်ရှားရမည်ဆိုသည်ကို အမြင်ပိုင်းဆိုင်ရာ သရုပ်ဖော်ကူညီရန်အတွက် ရိုးရှင်းသော လေးထောင့်ပုံစံ ကားချပ်အဖြစ်သို့ ရောက်သည်အထိ (အဆင့်များ) လျှော့ချလုပ်ဆောင်ခဲ့သည်။ လျှာ၏ အမြင့် (နှုတ်ခမ်း အဖွင့် နှင့် အပိတ်) ကို ထောင်လိုက်ဝင်ရိုးဖြင့် ဖော်ပြထားကာ ရေပြင်ညီဝင်ရိုးမှ အရှေ့နှင့် အနောက် (front vs. back) သည် ထိုဝင်ရိုးမှ (အသံထွက်ရန်)ဖြစ်လာသော လျှာ၏ အပိုင်းကို ညွှန်းဆိုသည်။ နှုတ်ခမ်းဝိုင်းခြင်း၊ မဝိုင်းခြင်း(ပုံစံ) ကိုလည်း ဤစနစ်အတွင်း ထည့်သွင်းထား၏။ ထို့ကြောင့် ရှေ့ပိုင်း သရများဖြစ်သော အီ၊ အေ၊ အာ (i, e, a) ၌ ဖြန့်ကျက်သော (သို့) ပုံမှန်အတိုင်းဖြစ်သော နှုတ်လမ်းအနေအထားကို တွေ့နိုင်ပြီး နောက်ပိုင်း သရများဖြစ်သည့် အို၊ အူ (o, u) များ၌ သရမြင့်တက်လာလေလေ နှုတ်ခမ်းပုံစံ ဝိုင်းလာလေလေဖြစ်သည်။ ထို့ကြောင့် ဂျုံးဇ်းသည် "မူလအခြေခံအကျဆုံး သရသံ ရှစ်ခု" အစုံလိုက်စနစ်ကို တီထွင်ခဲ့၍ ၁၉၁၇ တွင် HMV လုပ်ငန်းအတွက် ထို(သရသံများကို) ဓာတ်ပြားသွင်းယူခဲ့သည်။
နောက်ပိုင်း၌ ၎င်း၏သီအိုရီကို ပြုပြင်မှုများက နောက်ထပ် "ဒုတိယ အခြေခံအကျဆုံး သရသံ" ရှစ်ခု ကိုဖြစ်ပေါ်စေခဲ့၍ နှုတ်ခမ်းပုံစံမှာ မူလသရများထွက်ရှိပုံနှင့် ပြောင်းပြန်ဖြစ်သည်။ ထို့ကြောင့်လည်း "ဒုတိယ အခြေခံအကျဆုံး သရသံ" ရှစ်ခု၏ တင်ဆက်ခြင်းပုံစံပေါ်ပေါက်လာခဲ့သည် (အရှေ့ နှုတ်ခမ်းဝိုင်း နှင့် အနောက် နှုတ်ခမ်းမဝိုင်း ပုံစံ) ။ နောက်ဆုံး၌ ဂျုံးဇ်သည် အဓိကသရများအတွက် သင်္ကေတများကို တီထွင်ဖန်တီးခဲ့ကာ ထိုပုံကားချပ်၌ ယင်းသရသင်္ကေတများကို နေရာချထားခဲ့နိုင်သည်။ နောက်ထပ် အသံသွင်းမှုနှစ်ခုကို လင်ဂွာဖုန်းလုပ်ငန်းအတွက် ၁၉၄၃ နှင့် ၁၉၅၆ တို့တွင် လုပ်ကိုင်ခဲ့သည်။
နှစ်ကာလကုန်ဆုံးလာသည်နှင့်အမျှ သရသံများအပေါ် ဂျုံးဇ်၏ အဆိုများစွာတို့၏ တိကျမှန်ကန်မှုသည် မေးခွန်းထုတ်ဖွယ်အနေအထားများရှိလာခဲ့သည်။ ယခုအခါ၌ ဘာသာဗေဒပညာရှင်အများစုက ထောင့်လေးထောင့်ပုံစံ သရသံတည်ဆောက်မှုကို ဂျုံးဇ်မျှော်မှန်းသည့် ဘောင်ကျဉ်းသော အသံထွက်ခြင်းဆိုင်ရာအစီအစဉ် ထက်ပို၍ အကြား(သောတ)နယ်ပယ် နည်းလမ်းကို အမြင်ပိုင်းဆိုင်ရာပုံစံဖြင့် သရုပ်ဖော်နည်းအဖြစ် ယူဆကြသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ သဒ္ဒဗေဒအသင်းကြီးက ဂျုံးဇ်တည်ဆောက်ထားသည့်ပုံစံတစ်ခုကို ယခုထိတိုင်အသုံးပြုလျက် ရှိ၍ ထိုအသင်းကထုတ်ဝေသော "နိုင်ငံတာက သဒ္ဒဗေဒအသင်း လက်စွဲ" စာအုပ်၌ ပါဝင်သော ဩဇာသက်ရောက်သော နိုင်ငံတကာ သဒ္ဒဗေဒ အက္ခရာ လပ်ကမ်းစာရွက်၌ ဂျုံးဇ်၏ သရသံပုံစံကားချပ်ကို ထည့်သွင်းဖော်ပြထားသည်။ များစွာသော သဒ္ဒဗေဒပညာရှင်များ (အထူးသဖြင့် ဗြိတိသျှအုပ်စုမှ လေ့ကျင့်ထားသောသူများ) သည် ဂျုံးဇ်ပုံစံမူကို လျင်မြန်လွယ်ကူသော ကိုးကားမှုပုံစံအဖြစ် အဆက်မပြတ် အသုံးချကြရလေသည်။
ဂျုံးဇ်ကို အင်္ဂလိပ်ဘာသာစကား စကားသံလေ့လာမှုပညာ (ဝါစဿရဗေဒ - phonology) ၊ အသံထွက်လေ့လာပညာရပ် (သဒ္ဒဗေဒ - phonetics) များအတွက် အမှတ်တရဖြစ်ကြသော်လည်း ၎င်း၏ လုပ်ဆောင်မှုမှာ ယင်းထက်ပိုမို ကျယ်ပြန့်ခဲ့သည်။ ထိုကာလများအဖို့ အထက်တန်းကျကျ သဒ္ဒဗေဒ/ဝါစဿရဗေဒ တည်ဆောက်မှု၊ ဖြေရှင်းမှုများကို တရုတ်ဘာသာ (Cantonese) ၊ တဆွားနာဘာသာ (Tswana: ယင်းကာလက ဆတ်ရွှားနာဟု သိရှိကြ ) ၊ ဆင်ဟာလိဇ် (Sinhalese - သီဟိုဠ်ဘာသာစကား) ၊ ရုရှား (Russian) စသည်တို့အပေါ်တွင်လည်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဆတ်ရွှားနာဖတ်စာ သည် အလွန်ကောင်းမွန်သော အာဖရိကလေသံရှိ ဘာသာစကား ဖော်ပြရေးသားချက်တစ်ခုဖြစ်၍ ပထမဆုံးထုတ်ဝေသော သဒ္ဒဗေဒပညာရှင်မှာ ဂျုံးဇ်ဖြစ်၏။ ထိုစာအုပ်၌ သံဆင်းနှစ်ခု သဘောတရား (downstep) ကို ထည့်သွင်းထားလေသည်။ အာဖရိကဘာသာစကားများအတွက် အက္ခရာအသစ်များဖြစ်ပေါ်လာစေရန်လည်း အကူညီပေးခဲ့သည်။ အိန္ဒိယဘာသာစကားများနှင့် ဂျပန်ဘာသာစကားအတွက် လက်တင်အက္ခရာဖလှယ်မှုစနစ်များကိုလည်း အကြံပြုပြောဆိုခဲ့၏။ "ရိုးရှင်းသည့်စယလုံးပေါင်း ဆောင်ရွက်မှုအသင်း" (Simplified Spelling Society) မှတဆင့် အင်္ဂလိပ်ဘာသာ၏ စာလုံးပေါင်းပြင်ဆင်မှုများအတွက် တရစပ် ထောက်ခံအားပေးခဲ့သည်။
ဤသို့မြောက်မြားစွာ စာအုပ်/စာတမ်း ထုတ်ဝေမှုများအပြင် ဂျုံးသည် နောင်ပိုင်း၌ သူ့နည်းသူ့ဟန်ဖြင့် ထင်ရှားလာမည့် ဘာသာဗေဒပညာရှင်များအတွက် ပြုစုလေ့ကျင့်ပေးခဲ့သော သူလည်းဖြစ်သည်။ တက္ကသိုလ်ကောလိပ်ကျောင်း၏ ၎င်းဌာနသည် သဒ္ဒဗေဒဖွံ့ဖြိုးတိုးတက်မှု နှင့် ထိုဌာန၏ ရှာဖွေတွေ့ရှိချက်များကို ကမ္ဘာသိစေရန်လုပ်ဆောင်မှု စသည်တို့တွင် ဆယ်စုနှစ်အချို့ကြာညောင်းသည်အထိ အရေးပါအရာရောက်ခဲ့လေသည်။ ကောလင်းဇ် နှင့် မီးစ် (၁၉၉၈) တို့က Pygmalion ပြဇတ်တွင် စာရေးဆရာ ဂျော့ဂျ် ဘားနာ့ဒ်ရှော ကို စိတ်ကူးယဉ်ဇာတ်ကောင် ဟန်နရီ ဟစ်ဂင်ဇ် အားထောက်ပံ့ဖြစ်စေခဲ့သူမှာ အများထင်သလို ဟန်နရီဆွိမဟုတ်ဘဲ ဂျုံးဇ်ဖြစ်သည်ဟု ဆိုကြသည်။[6]
အငြိမ်းစားယူပြီးနောက် ဂျုံးဇ်သည် ၎င်း၏ဘဝနိဂုံးပိုင်းအထိ စာအုပ်စာပေထုတ်ဝေခြင်းများကို ဇွဲနဘဲဖြင့် လုပ်ကိုင်ခဲ့၍ ၁၉၆၇ ဒီဇင်ဘာ ၄ တွင် ဂျရဒ်စ် ခရော့စ်တွင် ကွယ်လွန်ခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.