တွင်းနက်
ဆွဲငင်အားအလွန်ကြီးမားသော ရူပနက္ခတ္တဆိုင်ရာ ရုပ်ဝတ္ထု / From Wikipedia, the free encyclopedia
တွင်းနက် (အင်္ဂလိပ်: Black Hole) ဆိုသည်မှာ အာကာသအတွင်း အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးရာတွေထဲက တစ်ခုဖြစ်သည်။ သူတို့သည် သိပ်သည်းဆ အလွန်များပြားသောအရာများ ဖြစ်သည်။ အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ (Relativity Theory) အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေ ဖြစ်သည်။ ဒြပ်ဆွဲငင်အားအလွန်ကြီးမားသောကြောင့် စကြဝဠာထဲတွင် အမြန်ဆုံးဟုဆိုသော အလင်းတောင် ပြန်မထွက်နိုင်ပေ။[5] တွင်းနက်က ထွက်လာသည့် အလင်းမရှိသောကြောင့် တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးအနားမှာရှိသော ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ဝိသေသလက္ခဏာတွေကတဆင့် တွင်းနက်ရဲ့ တည်ရှိမှုကို သိရှိနိုင်သည်။
တွင်းနက်များ၏ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်းက အဲလ်ဘတ် အိုင်းစတိုင်းက သူ၏ ဂန္ထဝင် ယေဘုယျနှိုင်းရသီအိုရီတွင် ခန့်မှန်းပြီးသားဖြစ်သည်။ တွင်းနက် (Black Hole) ဆိုသည့် အခေါ်အဝေါ်ကိုမူ ၁၉၆၇ ခုနှစ်တွင် အမေရိကန်နက္ခတာရာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော ဂျွန်ဝီလာ(John Wheeler)က မှည့်ခေါ်ခဲ့ပြီး တွင်းနက်ကို ၁၉၇၁ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။
တွင်းနက်အကြောင်းကို ပြောမယ်ဆိုပါက ကြယ်များအကြောင်းကို အရင်သိဖို့လိုသည်။ ကြယ်များသေဆုံးသွားပြီဆိုလျင် နောက်ဖြစ်နိုင်ခြေ သုံးမျိုးရှိသည်။ ပထမတစ်ခုမှာ ကြယ်ဖြူပု ခေါ် White Dwaf ဖြစ်ပြီး နေ၏ ထုထည်ထက် ၁.၂ ဆ အောက်မှာရှိသော ကြယ်များသေဆုံးလျင် ဖြစ်ပေါ်လာသည်။ အက်တမ်တွေကို မယိုယွင်းစေတဲ့ ကွမ်တန်အားတွေနဲ့ ဆွဲငင်အားပြိုပျက်မှုရန်ကနေ ကာကွယ်ပြီးသား ဖြစ်နေသော ကြယ်လေးတွေကို ခေါ်ခြင်းဖြစ်သည်။ အဲဒီ ၁.၂ဆ ဆိုတဲ့ ကန့်သတ်ချက်ကို ချန်ဒရေ့စ် ကန့်သတ်ချက် (Chandrasekhar Limit) ဟုခေါ်ပါသည်။
ဒုတိယတစ်ခုကတော့ နယူထရွန်ကြယ် (Neutron Star) ပါ။ နေရဲ့ Mass ထက် ၁.၂ နဲ့ ၃ ဆအကြားမှာရှိတဲ့ ကြယ်တွေသေရင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အက်တမ်ရဲ့ နျူကလိယက်စ်တွေ မပြိုပျက်အောင် လုပ်ပေးထားတဲ့အားကြောင့် ဖြစ်ပေါ်လာရသည် ဆိုသော်လည်း အတိအကျမဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သိပ်သည်းမှုအရမ်းများပြားလှတဲ့အချိန်မှာရှိတဲ့ နူကလိယအားတွေအကြောင်းကို ရေရေရာရာမသိရသေးတဲ့အတွက်ကြောင့်ဖြစ်သည်။ နေရဲ့ Mass ထက် ၃ ဆနဲ့အထက်ရှိတဲ့ ကြယ်တွေ သေဆုံးရင်တော့ တွင်းနက်တွေဖြစ်သွားကြပါတယ်။ ဒီလိုကြယ်တွေဟာ စကြဝဠာထဲမှာ အများတည်ရှိနေတာကြောင့် တွင်းနက်တွေဟာလဲ အများကြီးရှိပြီးသားလို့ ဆိုနိုင်သည်။
တွင်းနက်များကို အမျိုးအစား (၄)မျိုးခွဲခြားနိုင်သည်။
- စတယ်လာတွင်းနက် (Stellar Black Holes)
- မဟာတွင်းနက်ကြီး (Supermassive Black Holes)
- အလယ်အလတ်တွင်းနက် (Intermediate Black Holes)
- အသေးစားတွင်းနက် (Miniature Black Holes)