တရုတ်လူမျိုး
From Wikipedia, the free encyclopedia
တရုတ်လူမျိုးများသည် တရုတ်နှင့် မျိုးရိုးအရ၊ လူမျိုးအရ၊ နိုင်ငံသားအရ၊ သို့မဟုတ် အခြားသော နှီးနွယ်မှုများ ရှိသော လူမျိုးစုများဖြစ်သည်။[1]
ဟန်တရုတ်လူမျိုးသည် တရုတ်တွင် အကြီးဆုံးသော လူမျိုးစုတစ်ခု ဖြစ်ပြီး တရုတ်ပြည်မကြီး စုစုပေါင်းလူဦးရေ၏ ၉၂% ခန့် ရှိသည်။[2] ဟန်တရုတ်လူမျိုးများသည် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် စင်ကာပူတို့တွင် စုစုပေါင်း လူဦးရေ၏ ၉၅%၊ ၉၂%၊ ၈၉% နှင့် ၇၄% အသီးသီးရှိသည်။[3][4][5][6][7][8]
တရုတ်လူမျိုးများသည် ကမ္ဘာ့လူဦးရေ၏ ၁၈% ခန့်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး လူမျိုးစုလည်း ဖြစ်သည်။[9][10]
ဟန်တရုတ်လူမျိုးသည် တရုတ်နိုင်ငံတွင် အင်အားကြီး လူမျိုးစု ဖြစ်သည့်အတွက် တရုတ်နိုင်ငံပြင်ပတွင် ဟန်တရုတ်လူမျိုး နှင့် တရုတ်လူမျိုးဟူသော ဝေါဟာရတို့ကို ရောနှောအသုံးပြုလေ့ရှိသည်။[11][12] တရုတ်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၅ ခု ရှိပြီး ယင်းတို့ကို "တရုတ်လူမျိုး"ဟု သတ်မှတ်နိုင်သည်။
ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အဆိုပါဒေသနှစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည်။ ဟောင်ကောင်နှင့် မကာအိုတို့ကို "တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်" နှင့် "တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်" ကဲ့သို့သော နိုင်ငံတကာစာချုပ်များအရ အသီးသီး အုပ်ချုပ်သည်။ အဆိုပါ ဒေသနှစ်ခုတွင် နေထိုင်သူများအနေဖြင့် အမျိုးမျိုးသော နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။
တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်တွင်သော ထိုင်ဝမ်နိုင်ငံသားများကိုလည်း ရံဖန်ရံခါတွင် "ထိုင်ဝမ်လူမျိုး"ဟု ခေါ်ဆိုလေ့ရှိသော်လည်း ယင်းတို့ကို "တရုတ်လူမျိုး"ဟုလည်း ရည်ညွှန်းနိုင်သည်။ ထိုင်ဝမ်၏ နယ်မြေပိုင်ဆိုင်မှုသည် အငြင်းပွားဖွယ်ရာများ ရှိနေသလို တရုတ်သမ္မတနိုင်ငံအားလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကန့်အသတ်ဖြင့်သာ အသိအမှတ်ပြုကြသည်။
ထို့အပြင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများဟု ခေါ်ဆိုသော အခြားနိုင်ငံများတွင် အခြေချနေထိုင်သော တရုတ်လူမျိုးလည်း ရှိသေးသည်။