From Wikipedia, the free encyclopedia
ငါးထီးသည် အံဩစရာကောင်းသော ရေသတ္တဝါတစ်မျိုး ဖြစ်သည်။ သို့သော် ငါးမဟုတ်ပေ။ ငါးထီး၏ တစ်ကိုယ်လုံး၌ ကော်ရည်တစ်မျိုးဖြင့် ကျိချွဲနေသည်။ ငါးထီးသည် ရေထဲ၌နေစဉ် ထီးသဖွယ်ကိုယ်ဝိုင်းကြီးကို ပိတ်ချည်ဖွင့်ချည်ပြုကာ သွားလာ လျက်နေသည်။ ပင်လယ်ကမ်းခြေတွင် နေပူမိနေသော ငါးထီးသည် ရိုးရိုးရေထဲတွင်ရှိသော ငါးထီးနှင့် ပုံဏ္ဌာန်ချင်း အလျင်းမတူတော့ချေ။ နေပူ၌ ငါးထီးသည် တဖြည်းဖြည်း အရည်ပျော်တတ်သည်။ ပင်လယ်၌ ငါးထီးများကို မျက်စိမဆုံးနိုင်အောင် တသီတတန်းကြီး တွေ့ရတတ်ပေသည်။ သို့ရာတွင် ငထီးကို ရုတ်တရက် မမြင်နိုင်ပေ။ သေချာစွာ ဂရုတစိုက်ကြည့်ရှုမှသာ အကောင်အထည် ကွဲပြားစွာ တွေ့မြင်နိုင်ပေသည်။ ထုတ်ချင်းပေါက်နီးပါးမျှ မြင်နိုင်သော ခန္ဓာကိုယ်ကလေးများသည် အရောင်အမျိုးမျိုးရှိ၍ လှပသည်။ ငါးထီးတို့သည် နေပူရှိန်ပြင်းသော နေ့အခါများတွင် အခြားသော ရေသတ္တဝါများနည်းတူ ရေအောက်ရှိ မြေသို့ဆင်းလေ့ရှိကြသည်။ နေဝင်သောအခါမှ ပင်လယ်ပြင်သို့ တက်လာတတ်ကြသည်။
ငထီး Temporal range: Cambrian–Recent | |
---|---|
Pacific sea nettles, Chrysaora fuscescens | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Cnidaria |
မျိုးပေါင်းစုသေး: | Medusozoa |
မျိုးစဉ်များ | |
|
ငါးထီးအမျိုးကွဲ အတော်ပင်များပြားသည့်အလျောက် အရွယ်မှာလည်း အစားစား ရှိလေသည်။ အချင်း ၇ ပေခန့်အထိကြီးသော ငါးထီးကြီးများကစ၍ မှန်ဘီလူးဖြင့်ကြည့်မှသာ မြင်နိုင်သော ငါးထီးငယ်ကလေးများအထိ အရွယ်အမျိုးမျိုးရှိသည်။ အချို့ငါးထီးတို့၌ ထီးသဖွယ် ပြန့်ကားနေသော ကိုယ်ရှိလျက် အချို့မှာမူ ခေါင်းလောင်းပုံသဏ္ဌာန် ကိုယ်ရှိသည်။ ထီးကဲ့သို့ဖြစ်သော ခန္ဓာကိုယ်တစ်ဝိုက်တွင် ဦးမှင်အမြောက်အမြား တွဲလောင်းကျလျက်ရှိသည်။ ထိုဦးမှင်များ၌ ရန်သူကို တုပ်နိုင်သော အင်္ဂါများပါရှိသည်။ အချို့ငါးထီးကြီးများသည် လူကို ကျွန်ုပ်တို့ထင်သလောက် ရန်မူခြင်းမရှိပေ။ အကယ်၍ မတော်တဆ အတုပ်ခံရလျှင်လည်း ထိုဝေဒနာမှာ ၁ နာရီ ၂ နာရီ အတွင်း ပြေသွားတတ်သည်။ သေးငယ်နူးညံ့သော ရေသတ္တဝါ ကလေးများမှာမူ ငါးထီး၏ အတုပ်ကိုခံရလျှင် မည်သို့မှ ပြန်လည်ခုခံရန်မတတ်နိုင်ကြဘဲ နောက်ဆုံး၌ ငါးထီး၏ခံတွင်းသို့ သက်ဆင်းကြရသည်။ အချို့ငါးထီးတို့သည် မိမိတို့ထက် ကြီးမားသော ငါးကြီးများကိုပင် ဖမ်းယူစားသောက်နိုင်ကြလေသည်။ ငါးထီးကြီးများသည် အချို့ငါးကလေးများကို မိမိတို့ ကိုယ်အောက်တွင် ခိုအောင်းလျက်နေစေသည်မှာ အံ့ဩဖွယ်ကောင်း၏။ မြောက်ပင်လယ်၌ ငါးထီးကြီးများ၏ ကိုယ်အောက်တွင် ငါးအုပ်များမှီခိုနေကြသည်ကို မကြာခဏ တွေ့ရတတ်သည်။ ဘေးအန္တရာယ် တစ်ခုခုကို ရှောင်တခင်ကြုံတွေ့သည့်အခါ ထိုငါးကလေးများသည် ငါးထီး၏ ကိုယ်အဝိုင်းကြီးထဲသို့ ပြေးဝင်ခိုအောင်းနေတတ်ကြလေသည်။ ခံတွင်းဝသို့ အဆင်သင့်ရောက်လာသော ငါးကလေးများကို ငါးထီးကြီးက စားမည်ဆိုလျှင် လွယ်ကူစွာစားနိုင်ပေ၏။ သို့ရာတွင် ငါးထီးသည် မည်သို့မှ ရန်မမူသည်မှာလည်း အံ့ဩစရာပင်ဖြစ်ပေသည်။
ငါးထီးကိုနေ့အခါ၌ကြည့်လျှင် ထင်ရှားစွာ မြင်ရခဲသော်လည်း ညဖက်တွင်မူ အထူးပင် ထင်ရှားစွာမြင်နိုင်ပေသည်။ အချို့အကောင်ကြီးများသည် အမှောင်ထဲတွင် မီးလုံးကြီးများကဲ့သို့ ထွန်းတောက်ပြောင်လက်နေသည်။ အချို့ငါးထီးသည် အရောင်အမျိုးမျိုးတောက်နေသောကြောင့် ရေထဲတွင် အတော်ကြည့်၍ ကောင်းပေသည်။ အချို့အကောင်များသည် တစ်ကိုယ်လုံး ပြိုးပြိုးပြောင်ပြောင် တောက်ပလျက်ရှိကြသည်။ အချို့မှာမူ ဦးမှင်အနီးအနားတစ်ဝိုက်နှင့် ကိုယ်အဝိုင်းကြီးပေါ်၌သာ ထွန်းလင်းတောက်ပလျက် ရှိကြသည်။ ညအခါတွင် စုန်းမီးများကဲ့သို့ ပြိုးပြိုးပြက်ပြက်ရှိပြီး တစ်ခါတစ်ရံတွင်မူ ရွှေရောင်များ ဖြာထွက်နေသည်ကိုပင် တွေ့ရတတ်၏။ ငါးထီးများ ရေထဲ၌ ဟိုဟိုသည်သည် သွားလာကူးသန်းနေနိုင်ခြင်းမှာ အများအားဖြင့် ပင်လယ်ရေစီးကြောင်းက သယ်ဆောင်သွားသောကြောင့်ဖြစ်သည်။ ငါးထီးတို့ ရေကူးပုံမှာ အခြားသတ္တဝါများ ရေကူးပုံနှင့်မတူဘဲ ခေါင်းလောင်းပုံ သို့မဟုတ် ထီးပုံ ရှိသော ကိုယ်ကို ရှုံ့ချည်ပွချည်ပြု၍ကူးကြ၏။
ငါးထီးရိုးရိုးတို့အပြင် ဆန်းကြယ်သော ငါးထီးများလည်း ရှိသေး၏။ ထိုငါးထီးတို့သည် “ဆိုင်ဖွန်နိုဖိုရာ (Siphonophorae)”ခေါ် မျိုးစုကြီးတွင် ပါဝင်၍ အအုပ်လိုက် ပင်လယ်ထဲ၌ နေတတ်ကြသည်။ “ဖီဆယ်လီယား (အင်္ဂလိပ်: Physalia)” ငါးထီးမျိုး(အင်္ဂလိပ်: Portuguese man o' war)၏ ကိုယ်တွင် တွဲလောင်းကျနေသော ဦးမှင်တစ်မျိုးရှိ၏။ ထိုဦးမှင်နှင့် ထိမိသောသတ္တဝါတို့မှာ သေကြေပျက်စီးကြသည်။ ဤအကောင်မျိုး၏အဆိပ်မှာ ပြင်းလှသဖြင့် လူကိုပင် သေစေနိုင်လောက်ပေသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.