From Wikipedia, the free encyclopedia
ဂျွန် အာဒမ်းဇ် (John Adams; ၃၀၊ အောက်တိုဘာ၊ ၁၇၃၅ - ၄၊ ဇူလိုင်၊ ၁၈၂၆) သည် အမေရိကန်ပြည်ထောင်စု၏ ဒုတိယမြောက် သမ္မတ (၁၇၉၇–၁၈၀၁)၊ ပထမမြောက် ဒုတိယ သမ္မတ (၁၇၈၉–၁၇၉၇) ဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၁ ဒီဇင်ဘာ ၂၀၁၈) |
ဂျွန် အာဒမ်းဇ် | |
John Adams | |
|
|
အမေရိကန် သမ္မတ ၂ ကြိမ်မြောက် |
|
ယခင် | ဂျော့ချ် ဝါရှင်တန် |
ဆက်လက် | ထောမတ်စ် ဂျက်ဖာဆင် |
ကိုယ်ရေး အချက်အလက် | |
အမည်ရင်း | ဂျွန် အာဒမ်းဇ် |
မွေးနေ့ | အောက်တိုဘာ ၃၀၊ ၁၇၃၅ |
မွေးရပ်ဇာတိ | ကွင်ဆီ၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန် |
နိုင်ငံသား | အမေရိကန် |
အလုပ်အကိုင် | ရှေ့နေ၊ သံအမတ်၊ ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ၊ အမေရိကန် ဒုသမ္မတ |
ကွယ်လွန်ရက် | ဇူလိုင် ၄၊ ၁၈၂၆ |
ကွယ်လွန်ရာဒေသ | ကွင်ဆီ၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန် |
လက်မှတ် |
အမေရိကန် လွတ်လပ်ရေးအတွက် ဦးဆောင်ရေးသားလှုံ့ဆော်သူ နှင့် အခြေခံဥပဒေရေးဆွဲရေးအဖွဲ့၏ အကြီးအကဲ၊ ဒုတိယမြောက် အမေရိကန်သမ္မတဖြစ်လာမည့် ဂျွန်အဒမ်ကို ၁၇၃၅၊ အောက်တိုဘာ၊ ၃၀တွင် မက်ဆာချူးဆက်ပြည်နယ်၊ ကွင်ဆီအရပ်တွင် ဖွားမြင်သည်။ လယ်သမားမျိုးရိုးမှဆင်းသက်လာပြီး ငယ်စဉ်ကတည်းက စာပေထူးချွန်သည့် လူဂုဏ်တန်ဖြစ်သည်။ ဟားဗက် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် အသက်မွေးရင်း တစ်ဖက်မှ ရှေ့နေစာမေးပွဲဖြေဆို အောင်မြင်သည်။ ထို့နောက် ဘော်စတွန်တွင်ရှေ့နေအဖြစ် အေးအေးလူလူနေထိုင်ခဲ့သည်။ သို့သော် သမိုင်း၊ အခြေခံဥပဒေ၊ လူ့အခွင့်အရေးနှင့် အခြား ဥပဒေပြုရေးဆိုင်ရာများကို စိတ်ဝင်စားမိရာမှ အမြစ်တွယ်စပြုနေသည့် အင်္ဂလိပ်ဆန့်ကျင်ရေး၊ ကိုလိုနီဘဝမှ လွတ်မြောက်ရေးကို တစိုက်မက်မက် လုပ်ရှားလာသည်။
အင်ဂလို-ပြင်သစ် စစ်ပွဲများအပြီးတွင် အင်္ဂလိပ်တို့အနေဖြင့် အမေရိကတွင် ပြိုင်ဖက်မရှိ အုပ်စိုးနိုင်ပြီဖြစ်၍ အခွန်အတုပ်များတိုးမြှင့်ရန်ကြိုးပမ်းလာမှုကို ဆန့်ကျင်ခဲ့ရာ ဂျွန်အဒမ်၏ လှုပ်ရှားဟောပြောမှုများမှာ အလွန်အဓိကကျခဲ့သည်။ တံဆိပ်ခေါင်းခွန် ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ကိုလိုနီဘဝဖြင့်ရှိနေသည့် ကွန်တီနယ်တယ် ကွန်ဂရက် (ခေါ်) လက်အောက်ခံလွှတ်တော် (၎င်းအထက်တွင် အင်္ဂလန်ပါလီမန်ကအုပ်ချုပ်သည်) သို့ မက်ဆာချူးဆက်လွှတ်တော်ကိုယ်စားလှယ်(အမတ်) အဖြစ်ရွေးကောက်ခံရပြီး သူ၏လှုပ်ရှားမှုများ ပို၍အားကောင်းလားသည်။ ထို့နောက် လွတ်လပ်ရေးကြေညာစာတမ်း ရေးဆွဲရေးအဖွဲ့၏ သဘာပတိ၊ စစ်မှုရေးရာကော်မတီ အကြီးအကဲ စသည်ဖြင့် အရေးပါလှသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
အင်္ဂလန်သို့ သံအမတ်အဖြစ်ရောက်သွားသေးသော်လည်း အင်္ဂလိပ်တို့၏ အလေးပေးဆက်ဆံခြင်းမခံရပေ။ သို့သော် သူစိတ်ဝင်စားသည့် ဥပဒေပညာရပ်နှင့် သမိုင်းဆိုင်ရာ စာအုပ်စာပေများကို ဥရောပမြေတွင် အလျှံပယ်လေ့လာခွင့်ရခဲ့သည်။ ထိုမှ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းဖက်မှ ခုခံကာကွယ်ခြင်း အမည်ရှိကျမ်းကိုရေးသားခဲ့သည်။
ရွေးကောက်ပွဲတွင် ထောမတ်စ် ဂျက်ဖာဆင်အား မဲအပြတ်အသတ်ဖြင့် အနိုင်မရခဲ့သည့် ဂျွန် အာဒမ်းဇ်၏ သမ္မတဘဝသည် ချောမွေ့ခြင်းမရှိလှပေ။ ထိုစဉ်က ဖွဲ့စည်းပုံအရ အနိုင်ရသူ ဂျွန် အာဒမ်းဇ်က သမ္မတ၊ ရှုံးနှိမ့်သူ ဂျက်ဖာဆင်က ဒုတိယ သမ္မတဖြစ်လာသည်။ ထူးခြားချက်မှာ မြို့တော်ကို နယူးယော့ခ်မှ ဖီလာဒဲဖီးယားသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။(ထိုစဉ်က ဝါရှင်တန် ဒီစီမှာ တည်ဆောက်ဆဲဖြစ်သည်။)အဒမ်၏ပုံသဏ္ဍန်မှာ ပုပျက်ပျက်ဖြစ်ပြီး ဟိတ်ဟန်လည်းမကောင်းလှသဖြင့် ခန့်ခန့်ညားညားမရှိသည့် အပြင် စကားပြောကောင်းသူလည်း မဟုတ်ချေ။ ထို့ပြင် ဂျော့ချ် ဝါရှင်တန်၏ ဝန်ကြီးအဖွဲ့ကိုသာ ဆက်လက်ခန့်ထားသဖြင့် အတိုက်အခံများနှင့် ကြုံလာရသည်။ ဒု သမ္မတ သောမက် ဂျက်ဖာဆန်သည် ပြိုင်ဖက် ဒီမိုကရက်တစ်-ရီပက်ပလစ်ပါတီ၏ အသိအမှတ်ပြုခံခေါင်းဆောင်ဖြစ်နေပြီး မိမိပါတီမှ ဝန်ကြီးများမှာလည်း ပါတီတွင်းပြိုင်ဖက်ဖြစ်သည့် အလက်ဇန္ဒား ဟာမီတန် ၏ဩဇာကို လိုလိုလားလားခံယူကြသူများဖြစ်သည့်အတွက် များစွာပင် ခက်ခဲခဲ့သည်။ ဂျော့ချ် ဝါရှင်တန်ကဲ့သို့ သမ္မတမျိုးအနေဖြင့် ဂျက်ဖာဆင်၊ ဟာလ်မီတန် တို့လူတစ်စုအား ကောင်းစွာဩဇာလွှမ်းမိုးနိုင်သည်ဖြစ်သော်လည်း ဂျွန်အဒမ်မှာမူ ထိုသူများနှင့် တန်းတူဘဝမှ လာသူဖြစ်၍ ဩဇာမလွှမ်းနိုင်သည်ကလည်း တစ်ကြောင်းပင်ဖြစ်သည်။
အိမ်ဖြူတော်၏ နောက်ဆုံးနှစ်များတွင် ပြင်သစ်တို့နှင့် ကွင်စိစစ်ပွဲ ဖြစ်ပွားသည်။ စစ်ပွဲအတွက် အကြီးအကျယ်အင်အားဖြည့်တင်းပြီးမှ စစ်ပြေငြိမ်းရန် သဘောတူလိုက်သဖြင့် နိုင်ငံရေးနယ်ပယ်တွင် အဖတ်ဆယ်မရလောက်အောင်ပင် သိက္ခာကျဆင်းသွားခဲ့ရသည်။ ဂျွန် အဒမ် အနေဖြင့် ဂျော့ချ် ဝါရှင်တန် ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း နိုင်ငံသစ်ကလေးကို စစ်ပွဲများမှ ဝေးရာဆွဲခေါ်ခဲ့ခြင်း ဖြစ်သော်လည်း အများ၏ ရှုံ့ချခြင်းခံရပြီး သက်တမ်းတစ်ဆက်သာခံကာ နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် ဂျက်ဖာဆင် နှင့် ကြားလူ အာရွန်ဘားအား ရှုံးနှိမ့်ကာ ရာထူးလက်လွတ် လိုက်ရသည်။ ဂျက်ဖာဆင် နှင့် အာရွန်ဘားတို့ မဲအရေအတွက် တူညီနေသဖြင့် လွှတ်တော်တွင်း မဲအကြိမ်ကြိမ်(၃၆ကြိမ်) ပေးဆုံးဖြတ်ပြီးမှ ဂျက်ဖာဆင် အနိုင်ရသဖြင့် ဂျက်ဖာဆန်က သမ္မတ၊ အာရွန်ဘားက ဒုသမ္မတဖြစ်သွားကြသည်။
ပင်ကိုအားဖြင့် လွတ်လပ်မှုကို တန်ဖိုးထားသူ တစ်ဦးဖြစ်သည်နှင့်အညီ ကိုယ်ထင်ရာမြင်ရာ အတွေးအမြင်တို့ကို အတားအဆီးမဲ့ ပြောဆိုရေးသားတတ်သူ အဖြစ်နာမည်ကြီးသည်။ ဆူပူဆန္ဒပြမှုများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် ဘော်စတွန်လူသတ်ပွဲတွင် ပြစ်ခတ်ခဲ့သည့် စစ်သားများဖက်မှ ရပ်တည်ခဲ့ဖူးသည်။ ဒုသမ္မတရာထူးရပြီးနောက်တွင်လည်း “ဒုသမ္မတရာထူးဆိုသည်မှာ လူတို့တီထွင်ကြံဆသမျှထဲတွင် အသုံးမဝင်ဆုံးရာထူးဖြစ်သည်”ဟု ဝေဖန်ခဲ့သည် (သို့သော် ဒုသမ္မတအဖြစ်နှင့် လွှတ်တော် သဘာပတိရာထူးအရ နိုင်ငံရေးရာများကို ဆုံးဖြတ်ရာတွင် မဲပေးအများဆုံး ဒုသမ္မတအဖြစ် မှတ်တမ်းဝင်သည်)။ ပြင်သစ်ရောက် ကျမ်းပြုသူ အကျော်အမော် တွမ်ပိန်း (သောမက်စ် ပိန်း)ကို “လင်းလက်တောက်ပသော်လည်း အဖျက်အားကြီးသည့် ဥက္ကာပျံ”ဟု ကဲ့ရဲ့ခဲ့ဖူးသည်။ ထို့ပြင် သားစဉ်မြေးဆက် ထီးနန်းဆက်ခံခြင်းက မကြာခဏ ရွေးကောက်ပွဲကျင်းပရသည့် ဒုက္ခကိုဝေးစေသည် ဟုဆိုရာ ဂျက်ဖာဆန်က“နိုင်ငံရေးဓာတ်ကြောင်သည်”ဟုပင် ကဲ့ရဲ့ခြင်းခံရပြန်သည်။
အာဒမ်းဇ်၏ ဘဝတွင် အဓိကကျသည့် မိတ်ဆွေကြီးနှစ်ဦးရှိသည်ဟု ဆိုကြသည်။ ပထမတစ်ဦးမှာ ဇနီးဖြစ်သူ အဘီဂေးလ် ဖြစ်သည်။ သူတို့နှစ်ဦး၏ အပြန်အလှန်ပေးစာများတွင် ကြည်နူးဆွတ်ပျံ့ဖွယ်များကို ဝေဝေဆာဆာတွေ့နိုင်သည်။ ထိုစာများထဲတွင် အာဒမ်းဇ်က အဘီဂေးလ်ကို ဒိုင်ယာနာ (ဂရိဒဏ္ဍာရီလာ အလှနတ်သမီးအမည်) ဟုခေါ်တွင်ပြီး အဘီဂေးလ်ကလည်း အာဒမ်းဇ်အား လိုင်စင်ဒါ (ဂရိ စစ်သူကြီးအမည်) ဟုပြန်လည်ခေါ်ခဲ့သည်။
နောက်တစ်ဦးမှာ ထောမတ်စ် ဂျက်ဖာဆင် ဖြစ်သည်။ နိုင်ငံရေးလှိုင်းတံပိုးများကြောင့် ရန်သူသဖွယ်ဖြစ်ခဲ့ပြီး ၁၈၀၀ပြည့်နှစ်ရွေးကောက်ပွဲအပြီးတွင် အခေါ်အပြောမရှိတော့သည် အထိဖြစ်သွားခဲ့သေးသော်လည်း နောက်ပိုင်းမကြာမီ ဂျွန်ရှက် ဆိုသူ၏ မနေမနား စေ့စပ်ပေးမှုကြောင့် ပြေလည်သွားပြီး စာများအပြန်အလှန်ရေးသားပေးပို့ကြရာ ထိုစာများသည် အမေရိကန်တို့၏ ယဉ်ကျေးမှု၊ဘာသာရေး၊ နိုင်ငံရေး နှင့် စာပေရေးရာများအထိ ကျယ်ပြန့်စွာပါဝင်သည့်အတွက် အလွန်ပင်အဖိုးတန်လှသည်။ “ဒို့နှစ်ယောက်ဟာ ပြောစရာတွေ မကုန်သေးပဲနဲ့ သေမသွားသင့်ဘူး။” ဟုဂျွန်အာဒမ်းဇ်ကပင်ရေးခဲ့သည်။ ထူးခြားတိုက်ဆိုင်စွာပင် အမေရိကန်လွတ်လပ်ရေး၏ ရွှေရတုနှစ်ပတ်လည်ဖြစ်သည့် ၄၊ ဇူလိုင်၊ ၁၈၂၆တွင် သူတို့နှစ်ဦးလုံး တစ်နေ့ထဲ ကွယ်လွန်သွားကြသည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.