ဂရိဒဏ္ဍာရီ
ရှေးခေတ်ဂရိလူမျိုးများပြောခဲ့သောဒဏ္ဍာရီများ / From Wikipedia, the free encyclopedia
ဂရိဒဏ္ဍာရီ (အင်္ဂလိပ်: Greek mythology) သည် ရှေးခေတ်ဂရိလူမျိုးများ မူလအနေဖြင့် ပြောဆိုခဲ့ကြသော ဒဏ္ဍာရီ အစုအဝေးတစ်ခုဖြစ်၍ ရှေးဂရိရိုးရာပုံပြင်ဇာတ်လမ်း အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤဇာတ်လမ်းပုံပြင်များတွင် ကမ္ဘာလောက၏ မူလအစနှင့် သဘောသဘာဝ၊ နတ်ဘုရားများ၊ သူရဲကောင်းများ၊ ဒဏ္ဍာရီလာသတ္တဝါများ စသည်တို့၏ ဘဝနှင့် ဆောင်ရွက်မှုများ၊ ရှေးခေတ်ဂရိလူမျိုးတို့၏ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ကျင့်ထုံးတို့၏ မူလဇာစ်မြစ်များနှင့် အရေးပါမှုတို့ ပါဝင်ကြသည်။ ရှေးဂရိလူမျိုးတို့၏ ဘာသာရေး၊ နိုင်ငံရေး အလေ့အထများနှင့် ၎င်းတို့၏ လူမှုယဉ်ကျေးမှုဆိုင်ရာများကို မီးမောင်းထိုး ဖော်ပြရန်နှင့် ဒဏ္ဍာရီဖြစ်ပေါ်လာခြင်း (ပုံပြင်များစွာမှ ကိုယ်တိုင် ဒဏ္ဍာရီဖန်တီးခြင်း/ဖြစ်ပေါ်သွားခြင်း) သဘောသဘာဝကို နားလည်ရန်အလို့ငှာ ခေတ်သစ်ပညာရှင်များက ဒဏ္ဍာရီများကို လေ့လာကြသည်။[1]
၁၈ ရာစု ဘီစီ (ဘီစီ ၁၈၀၀) မှ ဖြစ်နိုင်ခြေအများဆုံးမှာ မိုက်ဆီးနီးယန်လူမျိုး နှင့် မစ်နိုးယန်လူမျိုး သီဆိုသူများ၏ နှုတ်တက် ကဗျာလင်္ကာရွတ်ဆိုမှု ဓလေ့များမှ မူလအရင်းခံသဘောအားဖြင့် ပြန့်ပွားလာခဲ့ကာ[2] အဆုံးသတ်၌ ထရိုဂျန်စစ်ပွဲနှင့် စစ်ကြီးအပြီးခေတ်က သူရဲကောင်းများနှင့် ပတ်သက်သော ဒဏ္ဍာရီများသည် ဟိုးမား၏ ကဗျာလင်္ကာရှည်များဖြစ်သော အစ်လိယဒ် နှင့် အော့ဒဆီ (ဂရိ - အိုဒိဆီယား)တို့၏ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသည့် အလေ့အထတို့၏ အစိတ်အပိုင်းများဖြစ်လာခဲ့ကြသည်။ ဟိုးမားခေတ်နီးပါးကာလက ကဗျာဆရာ ဟီးဆီးယဒ်၏ သီယိုဂန်နီ (ဂရိ - သီယိုဂေါနီးယား) နှင့် 'အလုပ်များနှင့် နေ့ရက်များ' စသည့် ကဗျာကြီးနှစ်ပုဒ်တွင်လည်း ကမ္ဘာဦးကာလအကြောင်းတရားများ၊ တန်ခိုးစွမ်းအားရှိသူ မင်းလုပ်အုပ်စိုးသူများ၊ လူသားခေတ်၊ လူတို့၏ ပူဆွေးသောကဗျာပါဒများ၏ မူလအကြောင်းခံများနှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ကျင့်ထုံးများ၏ ဇာစ်မြစ်များ ပါဝင်သည်။ ဟိုးမားဓမ္မတေးသီချင်းများ၊ ကဗျာလင်္ကာပေါင်းစုမှ ကဗျာရှည်များ၏ အစိတ်အပိုင်းများ၊ စကားပြောပုံစံရှိ ကဗျာများ၊ ဘီစီငါးရာစုခန့်က အလွမ်း အသောများ ရေးသောဇာတ်ဆရာများ လက်ရာများ၊ ဟဲလင်နစ်စတစ်ခေတ်က ပညာရှင်များနှင့် ကဗျာဆရာများရေးဖွဲ့သော လက်ရာများ၊ ရောမအင်ပါယာခေတ်က ပလူးတာ့ခ် နှင့် ပေါ်ဆန်းနိယာစ် ကဲ့သို့သော စာရေးဆရာများ၏ စာပေများ စသည်တို့တွင် ဒဏ္ဍာရီများကို မပျောက်မပျက်စေရန် ထိန်းသိမ်းထားရှိခဲ့ကြသည်။
ရှေးခေတ်ဂရိစာပေတွင် မပျောက်မပျက် ကျန်ရစ်သော ဤဇာတ်လမ်းများအပြင် နတ်ဘုရားများ၊ သူရဲကောင်းများကို ရုပ်ပုံဖော်ပြမှုများနှင့် ဒဏ္ဍာရီလာဇာတ်ခန်းများကို ရှေးခေတ်မြေအိုးပန်းချီများ၊ ပူဇော်သကာရဆိုင်ရာ တင်လှူပူဇော်သော ပစ္စည်းများနှင့် အခြားများစွာသော အနုပညာလက်ရာပစ္စည်းများတွင် ထင်ထင်ရှားရှား ဖော်ပြထားကြ၏။ ရှစ်ရာစု ဘီစီ (ဘီစီ ၈၀၀)က အိုးများပေါ်ရှိ မျဉ်ဖြောင့်၊ မျဉ်းကွေးကဲ့သို့သော ပုံစံများသည် ထရိုဂျန်စစ်ပွဲကာလတစ်ခုလုံးမှ ဇာတ်အခန်းများကို သရုပ်ဖော်ထားသည့်အပြင် ဟဲရာကလီးဇ်၏ စွန့်စားခန်းများကိုလည်း ဖော်ပြမှုန်းချယ်ထားသည်။ ထို့နောက်ပေါ်ပေါက်လာသော ရှေးဟောင်းဂရိခေတ်၊ ဂန္ထဝင်ဂရိခေတ်၊ ဟဲလင်နစ်စတစ်ဂရိခေတ်များ၌ ကဗျာဆရာ ဟိုးမားရေးဖွဲ့သော ဒဏ္ဍာရီလာ ပြကွက်နှင့် အခြားပြကွက်များ ပေါ်ပေါက်လာကြကာ ထိုစဉ် ရှိနေပြီးဖြစ်သော စာပေဆိုင်ရာ ထင်ရှားမှုများကို အားဖြည့်ကူညီရာရောက်ခဲ့သည်။[3]
အနောက်တိုင်း လူမှုအဖွဲ့အစည်း၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများအပေါ် ကြီးကြီးမားမား ဩဇာညောင်းခဲ့သည့်အပြင် အနောက်တိုင်း၏ (ယဉ်ကျေးမှု၊ သမိုင်း.. ) အမွေအနှစ် နှင့် ဘာသာစကားတို့၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်လျက် ရှိသည်။ ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် ကဗျာဆရာများနှင့် ပန်းချီဆရာများသည် ဂရိဒဏ္ဍာရီမှ စေ့ဆော်မှုများ ရရှိခဲ့ကြကာ ဤအကြောင်းအရာထုထည်ကြီးတွင် ခေတ်သစ်သဘော အရေးပါအရာရောက်ခြင်းနှင့် ဆီလျော်လိုက်ဖက်မှုရှိခြင်းတို့ကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ကြသည်။[4]:43