From Wikipedia, the free encyclopedia
ပါဠိဘာသာ ကမ္မ[1] မှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ ကံ(လုပ်ရပ်)ကို အဆုံးအဖြတ်ပေးရာ အကြောင်းက စိတ်အတွင်း၌ မှတ်ဉာဏ်နှင့်အကျင့်တို့ကို နှိုးဆွလှုံ့ဆော်မိပုံများ ဖြစ်သည်ဟု ဗုဒ္ဓကမူ ဆို၏။[2]
ကမ္မသည် သာမညသဒ္ဒါ ဖြစ်သော်လည်း အရာဌာနအားလျော်စွာ အရကောက်ကွဲပြား ခြားနားသည်၊
ဤသို့ အရာဌာနအားလျော်စွာ တရားကိုယ် အရကောက် ကွဲပြား ခြားနား၏။ [11]
ထိုကံသည် (၁) သကကံ = ကိုယ်ပိုင်ဖြစ်သောကံ။ (၂) နောသကကံ = ကိုယ်ပိုင် မဟုတ်သော ကံဟု နှစ်မျိုးရှိသည်။
ထိုတွင် အကျိုးမဲ့ကို ဖျက်ဆီးတတ်သောကြောင့်လည်းကောင်း, အကျိုးစီးပွါးကို ဖြစ်စေတတ်သောကြောင့်၎င်း, ကုသိုလ်ကံသည် သကကံမည်၏၊
အကျိုးစီးပွါးကို ဖျက်ဆီးတတ်သောကြောင့်လည်းကောင်း, အကျိုးစီးပွါးမဲ့ကို ဖြစ်စေတတ်သောကြောင့်၎င်း အကုသိုလ်ကံသည် (ကိုယ်တိုင် ပြုသည်ဖြစ်စေ သူတစ်ပါးပြုသည်ဖြစ်စေ) နောသကကံ မည်၏။ [27][11]
ကမ္မနိယာမအရ ကောင်းသောကံသည် ကောင်းသောအကျိုးကို ပေး၏။ မကောင်းသော ကံသည် မကောင်းသော အကျိုးကို ပေး၏။ မည်သည့်အချိန်တွင် အကျိုးပေးမည်ကို ကြိုတင်မသိရှိရသော်လည်း နိယာမအတိုင်း အကျိုးပေးမည်က သေချာ၏။ အကျိုးပေးမည့် အချိန်ကို လိုက်၍ ကံလေးမျိုး ရှိသည်။ ၎င်းတို့မှာ -[2]
လက်ရှိဘဝ တစ်ချိန်ချိန်တွင် အကျိုးပေးတတ်၏။ မျက်မှောက်ဘဝမှာပင် အကျိုးကို ခံစားစေနိုင်သောအကျိုးရှိသည့် ကံဖြစ်၏။ အောက်ပါ အချက်လေးခုနှင့် ပြည့်စုံပါသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေး၏။
လက်ရှိ ပစ္စုပ္ပန်ဘဝတွင် အကျိုးမပေး။ နောက်ဘဝမှ အကျိုးပေး၏။ နောက်ဘဝမှ အကျိုးပေးမည့်ကံ ဖြစ်သည်။[2]
လက်ရှိ ဘဝ၌လည်း အကျိုးမပေး။ နောက်ဘဝ၌လည်း အကျိုးမပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးရန် ရင့်ကျက်သော အချိန်ကာလကို စောင့်နေရ၏။ တတိယဘဝမှ စ၍ နိဗ္ဗာန်မရောက်မချင်း ရင့်ကျက်သည့် တစ်ချိန်ချိန်တွင် ကံပိုင်ရှင်ကို အကျိုးပေး၏။[2]
အချို့သော ကံတို့သည် ရင့်ကျက်ချိန် မရဘဲ ပျက်စီးရသည့် ကံ ဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာ အကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သော ဖြစ်ရပ်ကဲ့သို့ ဖြစ်၏။[2]
အထက်တွင် ဖော်ပြခဲ့သည်မှာ စေတနာကံ၏ အကျိုးပေးသည့် အချိန်ကာလနှင့် ပတ်သက်သည်များ ဖြစ်သည်။ ကံသည် ဆောက်ရွက်ချက် အနေဖြင့်လည်း လေးမျိုးကွဲပြား၏။[2][29]
အကျိုးတစ်ရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့်ကံ ဖြစ်၏။ စိတ်၊ ရုပ် တို့ကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့်ကံသည် ဇနကကံ ဖြစ်၏။[2]
မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားသောကံများ အကျိုးပေးစေရန် ကူညီသောကံ ဖြစ်၏။ ကုသိုလ်ကံသည် အခြားသော ကုသိုလ်ကံ အားကောင်းလာစေရန် ကူညီ၏။ အကုသိုလ်ကံသည် အခြားသော အကုသိုလ်ကံများ ရင့်သန်လာစေရန် ကူညီထောက်ပံ့၏။[2]
အချို့ကုသိုလ်ကံသည် အကုသိုလ်ကံများ အကျိုးမပေးအောင် ဟန့်တား၏။ အချို့အကုသိုလ်ကံသည် ကုသိုလ်ကံများ အကျိုးမပေးအောင် နှောင့်ယှက်ဟန့်တား၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက်ကံကို နှိပ်စက်ဟန့်တားသည့်ကံနှစ်မျိုးသည် ဥပပီဠကကံ ဖြစ်၏။[2]
အားကြီးသော ကုသိုလ်ကံသည် အကုသိုလ်ကံများကို ဖျက်ဆီး၏။ အားကြီးသော အကုသိုလ်ကံသည် ကုသိုလ်ကံများကို ဖျက်ဆီး၏။ ထိုကဲ့သို့ ကံများကို ဖျက်ဆီးသောကံသည် ဥပစ္ဆေဒကကံ ဖြစ်၏။[2]
လာမည့်ဘဝတွင် အလှည့်ကျအကျိုးပေးမှုနှင့် စပ်လျဉ်းကာ “ကံ” သည် လေးမျိုးခွဲသည်။
မိဘကို သတ်ခြင်းကဲ့သို့သော “ပဉ္စာနန္တရိယကံ”၊ ဈာန်ရခြင်းကဲ့သို့သော “မဟဂ္ဂုတ်ကံ” တို့သည် မည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကို အကျိုးပေးသည်။ “ဂရုကကံ” သည် အင်အားစွမ်းရည် ကြီးသောကံဟု အဓိပ္ပာယ်ရသည်။[2]
ကြီးလေးသောကံမရှိသူတို့တွင် သေခါနီးတွင် ပြုလုပ်သော၊ ပေါ်လာသော ကံက ဘဝအသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုကံသည် “အာသန္နကံ” ဖြစ်၏။ [2]
သေခါနီး၌ ထူးထူးခြားခြား အာသန္နကံ မရှိခဲ့သော် တစ်ဘဝလုံး ပြုလုပ်ခဲ့သည့် ကံတစ်မျိုးမျိုးသည် ဝင်လာပြီး ဘဝအသစ်ကို အကျိုးပေး၏။ ထိုကံသည် “အာစိဏ္ဏကံ” ဖြစ်၏။[2]
အထက်ပါကံသုံးမျိုးလုံးမှ လွတ်သောကံကို “ကဋတ္တာကံ” (ပြုကာမတ္တဖြစ်ကာမတ္တကံ) ဟုခေါ်၏။ အထက်ပါကံသုံးမျိုး အကျိုးပေးခွင့်မကြုံပါက ကဋတ္တာကံများ အကျိုးပေးကြသည်။[2]
ထိုကံလေးမျိုးတို့တွင် ဂရုကကံသည် ကျန်ကံသုံးမျိုးတို့၏ ရှေးဦးစွာ အကျိုးပေးသည်၊ ဂရုကကံမရှိသော် အာသန္နကံ အကျိုးပေးသည်၊ အာသန္နကံ မရှိသော် အာစိဏ္ဏကံ အကျိုးပေးသည်၊ ထိုအာစိဏ္ဏကံမရှိသော် ကဋတ္တာကံအကျိုးပေးသည်။[30]
ဂရုကကံသည် ကျန်ကံသုံးပါးတို့၏ ရှေးဦးစွာ အကျိုးပေးသည်၊ ဂရုကကံမရှိသော် အာစိဏ္ဏကံ အကျိုးပေးသည်၊ အာစိဏ္ဏကံ မရှိသော် အာသန္နကံအကျိုးပေးသည်၊ အာသန္နကံမရှိသော် ကဋတ္တာကံ အကျိုးပေးသည်။[31] [32]-တို့၌ (၁) ယဂ္ဂရုကကံ, (၂) ယဗ္ဗဟုလကံ, (၃) ယဒါသန္နကံ (၄) ကဋတ္တာကံဟု လာသည်။ ယဂ္ဂရုကကံဟူသည် ဂရုကကံပင်ဖြစ်သည်။ ယဗ္ဗဟုလကံ ဟူသည် အာစိဏ္ဏကံပင် ဖြစ်သည်။ ယဒါသန္နကံ ဟူသည် အာသန္နကံပင် ဖြစ်သည်။ ဤကံလေးပါး၏ ရှေ့နောက် စီစဉ်ပုံမှာလည်း မြတ်စွာဘုရား၏ မဟာကမ္မဝိဘင်္ဂဉာဏ်အရာသာ ဖြစ်သည်၊ သာဝကတို့၏ ဉာဏ်အရာ မဟုတ်။[33]ထို့ကြောင့် [34]-တို့၌ ရှေ့နောက်တမျိုး စီစဉ်၍ အဘိဓမ္မတ္ထသင်္ဂဟ၌ တမျိုးစီစဉ်သည်။ [35]
(၁) အကုသိုလ်ကံ (၂)ကာမာဝစရကုသိုလ်ကံ (၃) ရူပါဝစရကုသိုလ်ကံ (၄) အရူပါဝစရကုသိုလ်ကံဟု လေးမျိုးရှိ၏။[35]
ကုက္ကုရဝတိကသုတ်၌ အဖြူကံ အမည်းကံ စသည်ဖြင့် ကံ (၄)မျိုးကို ဟောကြားတော်မူခဲ့သည်။
(ပဋိသမ္ဘိဒါမဂ်လာ ကံ ၁၂-ပါးနှင့်ဝိဘင်းပါဠိတော်လာ ကံ ၁၆-ပါးတို့သည် ဇနကစသောကံများသို့ သက်ဝင်ကြသည်၊ ဇနကစသောကံများကိုလည်း အကျဉ်းချုံးလျှင် ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယာယဝေဒနီယကံဟု ၃-မျိုးသာ ကျန်သည်၊ ထိုဒိဋ္ဌဓမ္မဝေဒနီယစသော ကံ ၃-ပါးကား အကျိုးပေးရာကာလ မပြောင်းရွှေ့ကြ၊ မိမိအကျိုးပေးရမည့်ကာလ၌သာ အကျိုးပေးကြ တော့သည်။[40]
သစ်ပင်တို့သည် တပင်နှင့်တပင် တူကြသည်မဟုတ်၊ အချို့သစ်ပင်က ချိုသော အရသာရှိသော သစ်သီးကို သီး၍ အချို့သစ်ပင်က ချဉ်သောအရသာရှိသော သစ်သီးကို သီးကြသည်၊ အကြောင်းရင်းကို ရှာဖွေစိစစ်ကြည့်လျှင် မျိုးစေ့မတူသောကြောင့်ဟု တွေ့ရပေသည်၊ ကံဆိုသည်မှာလည်း မျိုးစေ့နှင့် သဘောတူပင်ဖြစ်သည်၊ မျိုးစေ့ဟူသော ကံ မတူကြခြင်းကြောင့် မင်းပုဏ္ဏား သူဌေး သူကြွယ်, ကုန်သည်, လယ်လုပ်, အရာရှိ, မင်းစေဟု လူတန်းစားများ ကွဲပြားခြားနားလာရသည်။[41]
သရက်စေ့ကိုစိုက်ပျိုးမူ သရက်ပင်ပေါက်၍ သရက်သီးကို စားကြရပေသည်၊ သံပုရာစေ့ကို စိုက်မူ သံပုရာပင်ပေါက်၍ သံပုရာသီးကို စားရ ပေသည်၊ ထို့အတူ ကုသိုလ်ကံကို ပြုလုပ်သူသည် ကောင်းသော အကျိုးကိုသာ ခံစားရမည်မှာ ယုံမှားဖွယ်မရှိ၊ အကုသိုလ်ကံကို ပြုလုပ်သူသည်မကောင်းသော အကျိုးကို ခံစားရမည်မှာယုံမှားဖွယ်မရှိ။[42] မှန်၏—ကုသိုလ်ကံသည် ကုသိုလ် ပြုလုပ်သူနောက်သို့ အကျိုးပေးဘို့အတွက် အစဉ်လိုက်နေသည်၊ အကုသိုလ်ကံသည် အကုသိုလ် ပြုလုပ်သူနောက်သို့ အပြစ်ပေးဘို့အတွက် အစဉ်အမြဲ လိုက်လျက်နေသည်။
ဓမ္မ၊၃၁-၌ အနည်းငယ်သော မကောင်းမှု (အကုသိုလ်ကံ)သည် ငါ့အား အပြစ်ဖြစ်လိမ့်မည်မဟုတ်ဟု မကောင်းမှု (အကုသိုလ်ကံ)ကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှု(အကုသိုလ်ကံ)ကိုပြုဆည်းပူးဖန် များလတ်သော် မကောင်းမှု (အကုသိုလ်ကံ)ဖြင့် ပြည့်၏ဟု ဆိုသည်။
ဓမ္မ၊၃၁-၌ အနည်းငယ်သော ကောင်းမှု (ကုသိုလ်ကံ)သည် ငါ့အားအကျိုးပေးလိမ့်မည်မဟုတ်ဟု ကောင်းမှု(ကုသိုလ်ကံ)ကို မထီ မဲ့မြင် မအောက်မေ့ရာ၊ မိုးရေသည် ကျဖန် များလတ်သော် ရေအိုးပြည့်သကဲ့သို့ ပညာရှိ (လူလိမ္မာ)သည် အနည်းငယ် အနည်းငယ် မျှသော ကောင်းမှု(ကုသိုလ်ကံ)ကို ပြုဆည်း ပူးဖန်များလတ်သော် ကောင်းမှု(ကုသိုလ်ကံ)ဖြင့် ပြည့်၏ဟုဆိုသည်။ ဘုရားသခင်သည် ကံကို အရင်းမူလပဓာနအဖြစ်ဖြင့် ဟောတော်မူ၏၊ သို့သော် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ရေးနှင့် တိုင်းပြည်ကြီးပွား တိုးတက်ရေး အတွက်ကား ကံ ကိုချည်းအားမကိုးရ၊ ဉာဏ်ဖြင့်လည်း တီထွင်ကြံဆရပေသည်၊ မလျော့သော လုံ့လဥဿာဟဖြင့်လည်း ကြိုးစား၍ အလုပ်လုပ်ကြရပေသည်၊ သို့မှသာ ကြီးပွားတိုးတက်နိုင်၏။ မှန်၏ ... လူ့ဘုံသည် ကံ၏ အကျိုးသက်သက်ကို မှီခို၍ အသက်မွေးရသော (ကြီးပွားတိုးတက်နိုင်သော) ကမ္မဖလူပဇီဝီဘုံမျိုးမဟုတ်၊ လုံ့လဥဿာဟ၏ အကျိုးကို မှီခိုအားထား၍ အသက်မွေးရသော (ကြီးပွားတိုးတက်နိုင်သော) ဥဋ္ဌာနဖလူပဇီဝီဘုံသာ ဖြစ်သည်။[43]
မတော်တဆ အသက်ဘေးနှင့် ကြုံတွေ့ရာ၌လည်း “ကံကောင်းလျှင် ဤဘေးမှ လွတ်မြောက်မှာပဲ”ဟု ကံကိုချည်း ပုံ၍ အားမကိုး ရ၊ ဘေးမှလွတ်ရာလွတ်ကြောင်းကို ဉာဏ်ဖြင့် ကြံဆ၍ လွတ်မြောက်အောင်လည်း လုံ့လ ဥဿာဟဖြင့် အားထုတ် ကြိုးပမ်း ရပေသည်၊ အလောင်းတော် မဟာဇနကမင်းသည်ပင် လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် တွေ့ကြုံခဲ့၏၊ သို့သော် ၇-ရက် ပတ်လုံး မလျှော့သော လုံ့လဝီရိယဖြင့် ကြိုးစား ကူးခတ်နေစဉ် မေခလာနတ်သမီး ကယ်သဖြင့် အသက်ဘေးမှ လွတ်မြောက် ပြီးနောက် မင်းအဖြစ် စိုးစံရလေသည်၊ အလောင်းတော်နှင့်အတူပါသော သင်္ဘောသား များကား လုံ့လမကူကြသဖြင့် ရေတွင်နစ်၍ ငါးစာဖြစ်ကြရ၏။ ဤဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် ကံကိုချည်း အားကိုးအားထား ပြု၍နေမူ အသက်ဘေးမှ မလွတ်မြောက်နိုင်ရာ၊ ဉာဏ်ဝီရိယ ကူမ၍သာ အသက်ဘေးမှ လွတ်မြောက်လာရခြင်း ဖြစ်၏။ ထီးနန်း အုပ်ချုပ်၍ မင်းလုပ်ရခြင်းကား ကံ၏ ကိစ္စသာတည်း။[44] ဝီရိယစိုက်ထုတ်ရာ၌လည်း ဉာဏ်ယှဉ်၍ ဝီရိယစိုက်ထုတ်ရသည်၊ ဉာဏ်မပါသော ဝီရိယသည် အကျိုးမပြီးသည့်ပြင် အချည်းနှီးပင် ဖြစ်တတ်သေး၏၊ ဉာဏ်ဝီရိယမဖက် ကံ, သက်သက်ကိုသာ ယုံကြည်မူကား ပို၍အကျိုးမပြီးအချည်းနှီး ဖြစ်လေသည်၊ အခါတပါး၌ ငါးသုံး ကောင်သည် တံငါသည် အဖမ်းခံကြရ၏၊ ကံကို ယုံကြည်သော ငါးသည် “ကံကောင်းလျှင် လွှတ်မှာပဲ”ဟု မလှုပ်မရှက် ငြိမ်သက်စွာပင် နေ၏၊ ဉာဏ်မဖက် ဝီရိယသက်သက်ကိုသာ အားကိုးသော ငါးကလည်း တံငါသည်၏ လက်တွင်းမှ လွတ်ကင်းရန် အားထုတ် ကြိုးပမ်းရှာ၏၊ သို့သော် ထိုငါးနှစ်ကောင်စလုံး တံငါသည် အသတ်ခံကြလေသည် ကံ, ဉာဏ်, ဝီရိယ သုံးပါးလုံး စုံသော ငါးကမူ တံငါသည်အလစ်ကို ချောင်း၍ ရေထဲသို့ တဟုန်ထိုး ဆင်းပြေးလေသည်၊ ထိုငါးတကောင်သာ အသက်ဘေးမှ ချမ်းသာရာရ၏။ ကံကိုယုံ၍ မီးပုံအတွင်း ခုန်ဆင်းမူ မီးလောင်မည်မှာ သေချာ၏၊ ကျားသောင်းကျန်းနေသော အရပ်သို့ သွား၍ ကျားကိုက် ခံရလျှင်လည်း ကံမကောင်း၍”ဟု ကံကြမ္မာကို မရိုးစွပ်ရာ၊ မည်သည့် အလုပ်မဆို ကံ, ဉာဏ်, ဝီရိယသုံးပါးစုံမှ အကျိုးပြီးမြောက်နိုင်သည်ကို သတိပြုရာ၏။ “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပ္ပါးရန်၊ ဤလူထံ၌၊ ဉာဏ်, ဝီရိယ, ပယောဂတည့်” [45] [35]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.