ကိန်း
From Wikipedia, the free encyclopedia
ကိန်းဆိုသည်မှာ ရေတွက်ရန်နှင့် တိုင်းတာရန် အတွက် အသုံးပြုသော သင်္ချာဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ သင်္ချာပညာတွင် ကိန်းဂဏန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တဖြည်းဖြည်း ချဲ့ကားလာခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် သုည၊ အနုတ်ကိန်းများ (negative numbers)၊ ရာရှင်နယ်ကိန်း (rational number) ခေါ် အပိုင်းကိန်းများ၊ အီရာရှင်နယ်ကိန်း (irrational number) ခေါ် အပိုင်းကိန်းမဟုတ်သောကိန်းများ နှင့် ကိန်းထွေး (complex number) များ စသည်ဖြင့် ပါဝင်လာကြသည်။
သင်္ချာဆိုင်ရာ တွက်ချက်မှုများ (mathematical operations) တွင် ဂဏန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂဏန်းများကို အဝင်ကိန်းအဖြစ် လက်ခံကြပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ပြန်ထုတ်ပေးသည်။ ယူနရီ တွက်ချက်မှု (unary operation) ခေါ် တစ်လုံးသွင်းတွက်ချက်မှုတွင် ဂဏန်းတစ်ခုကို အဝင်ကိန်း အဖြစ် လက်ခံပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ထုတ်ပေးသည်။ ဆပ်ဆက်ဆာ တွက်ချက်မှု ( successor operation) ခေါ် နောက်ဆက်တွဲတွက်ချက်မှုမှာ တစ်လုံးသွင်းတွက်ချက်မှု တစ်ခုဖြစ်သည်။ ယင်းတွက်ချက်မှုတွင် အဝင်ကိန်းတိုင်းကို ၁ ပေါင်းပေးရာ သာဓကဆိုသော် ၄ ထည့်လိုက်ပါက ၅ ပြန်ထွက်လာသည်။ ဘိုင်နရီ တွက်ချက်မှု (binary operation) ခေါ် နှစ်လုံးသွင်းတွက်ချက်မှုတွင် အဝင်ကိန်းနှစ်ခုကို လက်ခံပြီး အထွက်ကိန်းတစ်ခုကို ပြန်ထုတ်ပေးသည်။ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ပါဝါ (အထပ်ကိန်း) တင်ခြင်းတို့သည် ဘိုင်နရီ တွက်ချက်မှုများ ဖြစ်သည်။ ထိုသို့ အခြေခံဂဏန်းများ၏ တွက်ချက်မှုကို လေ့လာခြင်းအား အရစ်သ်မတစ် (arithmetic)၊ သို့မဟုတ် ဂဏန်းတွက်ခြင်း၊ သို့မဟုတ် ဂဏန်းသင်္ချာဟု ခေါ်သည်။
ကိန်းများတွင် အသုံးပြုသော သင်္ကေတများကို နျူမရယ် (numeral) သို့ နံပါတ်ဟု ခေါ်ကြသည်။ နံပါတ်များကို ရေတွက်ရန်နှင့် တိုင်းတာရန် အတွက်သာ မကဘဲ အမှတ်အသား ပြုလုပ်ရန် (ဖုန်းနံပါတ်)၊ စီစဉ်ရန် (နံပါတ်စဉ်) နှင့် ကုတ်ဒ်သင်္ကေတ (ISBN နံပါတ်) စသည် တို့အတွက်လည်း အသုံးပြုကြလေ့ ရှိသည်။