From Wikipedia, the free encyclopedia
ကင်းတား ရေလှောင်တမံ ဘက်စုံစီမံကိန်းကို မန္တလေးတိုင်းရှိ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနှင့် ဝမ်းတွင်းမြို့နယ်များအတွက် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနက ဆောင်ရွက်အကောင်အထည် ဖော်ရွက်ခဲ့သည်။
ကင်းတား တာတမံ | |
---|---|
မြန်မာနိုင်ငံတွင်းရှိ ကင်းတား တာတမံ၏ တည်နေရာ | |
တည်နေရာ | မြစ်သားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
ကိုဩဒိနိတ် | 21°09′37″N 96°19′14″E |
အခြေအနေ | လည်ပတ် |
စတင် ဆောက်လုပ်ခြင်း | ၁၉၈၁ |
ဖွင့်လှစ်သည့်နေ့ | ၁၉၈၅ |
တမံနှင့်ရေပိုလွှဲများ | |
တမံ အမျိုးအစား | ကျောက်သားဖြည့် တမံ |
အမြင့် | ၁၈၃.၇ ft (၅၆.၀ m) |
ရေပိုလွှဲအမျိုးအစား | ungated spillway |
မြစ်/ချောင်း | ပန်းလောင်မြစ် |
ဓာတ်အားပေးစက်ရုံ | |
ပိုင်ဆိုင်သူများ | မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း |
အော်ပရေတာများ | JM.Voith, MbH (Germany) |
ကော်မရှင် နေ့ရက် | ၁၉၈၅ |
တာဘိုင်များ | ၂ x ၂၈ MW (၃၈,၀၀၀ hp) Francis-type |
တပ်ဆင်အင်အား | ၅၆ MW (၇၅,၀၀၀ hp)[1] |
နှစ်စဉ် ထုတ်လုပ်နိုင်မှု | ၁၆၅ GWh (၅၉၀ TJ) |
ပန်းလောင်မြစ်သည် မြန်မာမင်းများလက်ထက်ကတည်းက လယ်ယာစိုက်ပျိုးရေးအတွက် အားကိုးအားထား ပြုခဲ့ရသော မြစ်ဖြစ်သည်။ ရှေးအခါကပင် ပန်းလောင်မြစ်ပေါ်၌ ရေလွှဲဆည်များ တည်ဆောက်ကာ ရေပေးတူးမြောင်းများ ဖောက်သွယ်၍ ဆည်ရေသွင်းစိုက်ပျိုးခဲ့ကြသည်။၁၈၉၁-၉၂ ခုနှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်၍ ပန်းလောင်မြစ်ပေါ်၌ အဆင့်ဆင့် တည်ရှိနေသော ကင်းတားဆည်၊ နတ်လွှဲဆည်၊ ကျီမဲဆည်နှင့် ထုံးကြီးဆည်တို့မှ ပေးဝေသော ရေတို့ကို ယနေ့တိုင်အောင်ပင် အသုံးပြုနေရပေသည်။ သို့သော် ထိုရေလွှဲဆည်တို့သည် မြစ်အတွင်း ရေစီးရေလာကောင်းမှသာ ထိရောက်စွာရေပေးဝေနိုင်သည်။
ထို့ကြောင့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ ဝမ်းတွင်းမြို့နယ်များအတွင်းမှ လယ်မြေများကို သီးထပ်သီးညှပ် စိုက်ပျိုးနိုင်သည်အထိ တစ်နှစ်ပတ်လုံး ရေသွင်းပေးနိုင်မည့် ကင်းတား ရေလှောင်တမံကြီးကို မြစ်သားမြို့နယ်မှ လက်ရှိကင်းတားရေလွှဲဆည်အထက် ကိုးမိုင်ခန့်အကွာ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက် အကောင်အထည် ဖော်နေခြင်းပင်ဖြစ်သည်။ ထိုသို့ ရေသွင်းစိုက်ပျိုးရေအတွက်သာမက ကင်းတားရေလှောင်တမံသည် လက်ရှိရေသောက်ဧရိယာအတွင်းမှ မြေဧရိယာအချို့ကို ရေကြီးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်မည့်အပြင် ရေအား လျှပ်စစ် ထုတ်လုပ်ပေးရန်ကိုပါ ရည်ရွယ်ထားလေသည်။ ရေဆင်းဧရိယာ ၈၆၅ စတုရန်းမိုင်ရှိမည့် ကင်းတား ရေလှောင်တမံသည် အမြင့် ၂၃၆ ပေ၊ အလျား ၂ဝ၃၄ ပေ ရှိမည်ဖြစ်ပြီး၊ ကန်ရေပြည့်အနက် ၂၁၆ ပေ၊ ရေလှောင် ပမာဏ ၇၈၆ဝဝဝ ဧကပေနှင့် ရေပြင်ကျယ်ဧရိယာ ၈၉ဝဝ ဧက ရှိမည်ဖြစ်၏။ ရေလှောင်တမံမှ အချင်း ၂၄ ဒသမ ၆ ပေ ရှိ၍ ရေထုတ်အားနှုန်း တစ်စက္ကန့်လျှင် ၄ဝ၂၄ ကုဗပေ ရှိသော ဥမင်လိုဏ်ခေါင်း ရေထုတ်ပြွန် အလျား ၁၅၂၅ ပေကို တည်ဆောက်ခဲ့သည်။
ထို့ပြင် ရေတံခါးတပ် ရေပိုလွှဲဆည် အလျား ၁၄၂ ဒသမ ၇ ပေကို တည်ဆောက်မည်ဖြစ်ပြီး၊ အကျယ် ၂၉ ဒသမ ၅ ပေ၊ အမြင့် ၃၄ ဒသမ ၄ ပေရှိသော ရေတံခါးလေးခုကို တပ်ဆင်ခဲ့သည်။ အရေးပေါ် ရေပိုလွှဲဆည် အလျား ၆၈၉ ပေ ကိုလည်း တည်ဆောက်ခဲ့သည်။ရေအားလျှပ်စစ်ထုတ်လုပ်ရန် ၂၈ မီဂါဝပ်အားစက်နှစ်လုံး တပ်ဆင်မည့် ရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ခဲ့သည်။[2]
စီမံကိန်းတွင် ကျောက်ဖြည့်တမံ အပါအဝင် ရေလှောင်တမံ ဆိုင်ရာ ရေအားအဆောက်အအုံများ တည်ဆောက်ခြင်း၊ လက်ရှိဆည်ရေသောက် ဧရိယာအတွင်းမှ ရေပေးမြောင်း၊ ရေနုတ် မြောင်းနှင့် ရေအား အဆောက်အအုံများ ပြုပြင်ခြင်း၊ လက်ရှိ မိုးကောင်းသောက် ဧရိယာကို ရေပေးသွင်းနိုင်ရန် ရေသွင်းရေနုတ်မြောင်းများနှင့် ရေအားအဆောက်အအုံများ အသစ်တည် ဆောက်ခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် အဆောက်အအုံများ တည်ဆောက်ခြင်း၊ စိုက်ပျိုးမှုတိုးချဲ့ရေး လုပ်ငန်းရပ်များ၊ စိုက်ပျိုးမှု သုတေသနလုပ်ငန်းများ၊ သွင်းအား စုဆိုင်ရာ ကိစ္စရပ်များနှင့် စက်မှုလယ်ယာစနစ်များကို တိုးချဲ့အင်အား ဖြည့်တင်းပေးခြင်း လုပ်ငန်းများစသည်ဖြင့် အဆင့်ဆင့် ပါဝင်သည်။
လက်ရှိ တူးမြောင်းများ ပြုပြင်ခြင်း လုပ်ငန်းတွင် မြောင်းမကြီးနှင့် မြောင်းလက်တံအလျား ၂၁၅ ဒသမ ၇ မိုင်ရှိ၏။ ရေ သောက်ဧရိယာ အသစ်တည်ဆောက်မှုလုပ်ငန်းတွင် မြောင်းမကြီး အလျား ၇၈ မိုင်၊ မြောင်းခွဲ မိုင် ၁၄ဝ၊ မြောင်းလက်တံမိုင် ၂၈ဝ စုစုပေါင်း ၄၉၈ မိုင်ပါဝင်သည်။
ယခုအခါ လက်ရှိ ဆည်ရေသောက် ဧရိယာသည် ၈၈ဝဝဝ ဧက ရှိသည်ဖြစ်၍ စီမံကိန်းပြီးဆုံးချိန်တွင် ရေသောက်ဧရိယာ အသစ် ၁၁၃၅ဝဝ ဧက တိုးတက်လာမည်ဖြစ်ရာ ထိုဒေသတွင် စုစုပေါင်း ဆည်ရေသောက် ဧရိယာ ၂ဝ၁၅ဝဝ ဧကရှိလာမည် ဖြစ်သည်။ သီးနှံစိုက်ဧကသည်လည်း ၃၂၂၄ဝဝ ဧကအထိ တိုး တက်မြင့်မားလာပြီး ရေကြီးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် ဧရိယာဧက တစ်သောင်းရှိလာမည်ဟု မျှော်မှန်းထားပေသည်။[3] စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဆည်မြောင်း ကဏ္ဍအတွက် ခန့်မှန်းကျပ်ငွေ ၁ဝ၆ဝ ဒသမ ၄ သန်းကုန်ကျမည်ဖြစ်ပြီး လျှပ်စစ်၊ စိုက်ပျိုးရေး၊ စက်မှုလယ်ယာနှင့် အခြား ကဏ္ဍများအပါအဝင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၁၅၈၆ ဒသမ ၇ သန်းရှိမည်ဖြစ်သည်။
စီမံကိန်း၏ ရေအားလျှပ်စစ်ကဏ္ဍအတွက် လိုအပ်သော ချေးငွေ ဒီမတ် ၈၁ သန်းကိုလည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းအတွက် လိုအပ်သော ချေးငွေ ဒီမတ်သန်း ၇ဝ ကိုလည်းကောင်း ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ ကေ အက်ဖဒဗလျူဘဏ်နှင့် လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့ ငွေချေးစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ ကင်းတား ရေလှောင်တမံ ဘက်စုံစီမံကိန်းကာလကို ၁၉၈၁-၈၂ ခုနှစ်မှ ၁၉၈၆-၈၇ ခုနှစ်အထိ သတ်မှတ်ထားသည်။ စီမံကိန်းကို စတင် အကောင်အထည်ဖော်လျက်ရှိရာတွင် ၁၉၈၁ ခုနှစ် နှစ်လယ်ပိုင်း၌ တမံအဝင် ဆက်သွယ်ရေး လမ်း ၂၂ ဒသမ ၂ မိုင်ပြီးစီး၍ စခန်းဝန်ထမ်းနေအိမ်၊ ရုံး၊ ဂိုဒေါင် စသောအဆောက်အအုံ ၂၈၅ လုံး တည်ဆောက် ပြီးစီးခဲ့သည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.