အာဏာရှင်
တိုင်းပြည်အာဏာကိုချုပ်ကိုင်ခြယ်လှယ်နိုင်သူ From Wikipedia, the free encyclopedia
အာဏာရှင် (အင်္ဂလိပ်: Dictator) ဟူသည် နိုင်ငံတော်၏ အာဏာရပ်အားလုံးကို ချုပ်ကိုင်ထားသော ခေါင်းဆောင်ဖြစ်သည်။ အာဏာရှင်စနစ်တွင် နိုင်ငံကို အာဏာရှင်တစ်ဦးတည်းကသော်လည်းကောင်း အဖွဲ့အသေးတစ်ဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်သည်။[၁] ဤဝေါဟာရကို ရောမခေတ်ကာလ နိုင်ငံတော်အရေးပေါ်အခြေအနေတွင် အုပ်ချုပ်ရသည့်သူအားခေါ်ဆိုရန် စတင်သုံးနှုန်းခဲ့သည်။[၂]

"Dictator" ဟူသောစကားလုံးအစား "tyrant" နှင့် "autocrat" တို့ကိုလည်းသုံးနှုန်းနိုင်သည်။ ယခုအခါတွင် "အာဏာရှင်" အခေါ်အဝေါ်ကို အလွန်များသည့်အာဏာကိုပိုင်ဆိုင်သည့်သူကို ရည်ညွှန်းရာ၌သုံးနှုန်းကြသည်။ အာဏာရှင်စနစ်၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်။[၃][၄]
- ရွေးကောက်ပွဲဖျက်သိမ်းခြင်း
- နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာခြင်း
- နိုင်ငံရေးပြိုင်ဖက်များအားဖိနှိပ်ခြင်း
- ဥပဒေကိုမလိုက်နာခြင်း
- ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (cult of personality)
ဝေါဟာရရင်းမြစ်

အစပိုင်းကာလတွင် အာဏာရှင်ဆိုသည်မှာ ရောမ၌ နိုင်ငံတော်အရေးပေါ်အခြေအနေကာလတွင်း အုပ်ချုပ်သူတစ်ဦး၏ ရာထူးတစ်ခုဖြစ်သည်။[၅] အာဏာရှင်သည် သတ်မှတ်ထားသောကာလအတွင်း တိုင်းပြည်၏အာဏာအားလုံး ချုပ်ကိုင်ခွင့်ကိုရရှိသည်။ ထိုသတ်မှတ်ကာလလွန်သောအခါ ထိုအာဏာရှင်သည် အာဏာများကိုပြန်လည်မျှဝေရသည်။
ရောမဗိုလ်ချုပ် ကော်နဲလ်လိယပ်စ် ဆူလာ (Cornelius Sulla) သည် ဒုတိယပြည်တွင်းစစ်အပြီး၌ မိမိအားအာဏာရှင်အဖြစ်သတ်မှတ်ခဲ့သည်။ ထို့အပြင်အာဏာရှင်၏သတ်မှတ်ကာလကို ဖျက်သိမ်းရန်လည်း ကြိုးပမ်ခဲ့သည်။ သို့သော်ဥပဒေအရအရေးယူမခံလိုသဖြင့် တစ်နှစ်ကြာပြီးနောက်ရာထူးမှအနားယူခဲ့သည်။ ဂျူးလိယက်ဆီဇာသည် ဗိုလ်ချုပ်ဆူလာအတိုင်း ဥပဒေများကိုပြင်ဆင်ဆောင်ရွက်ခဲ့ရာ ၄၄ ဘီစီ ဖေဖော်ဝါရီလတွင် မိမိကိုယ်ကို "Dictator perpetuo" ခေါ် "တစ်သက်တာအာဏာရှင်" ဟူ၍ခေါ်တွင်စေခဲ့သည်။ သို့သော်မတ်လတွင် ဂျူးလိယက်ဆီဇာသည် လုပ်ကြံခြင်းခံခဲ့ရသည်။
ဂျူးလိယက်ဆီဇာနတ်ရွာစံပြီး နောက်ဆက်ခံသူဩဂတ်စတက်ဆီဇာသည် အာဏာရှင်အခေါ်အဝေါ်ကိုသုံးနှုန်းရန် ငြင်းဆိုခဲ့သည့်အပြင် အခြားသောဆက်ခံသူတို့သည်လည်း အာဏာရှင်ဘွဲ့ကိုအသုံးမပြုလိုခဲ့ပေ။ သို့ဖြစ်ရာ ဗိုလ်ချုပ်ဆူလာ၏အဖြစ်မှစ၍ အာဏာရှင်၏အဓိပ္ပာယ်မှာ အဆိုးသဘောသို့သက်ရောက်ခဲ့လေသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ



အာဏာရှင်များသည်လူ့အခွင့်အရေးများကို ချိုးဖောက်လျက်ရှိကြသည်။ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇတ် စတာလင်သည် ဂူလက် (Gulag) ဟူသော ချွေးတပ်စခန်းများကိုဆောက်လုပ်ခဲ့သည်။ ဂူလက်စခန်းအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများကိုလည်း တွေ့ရှိခဲ့ရသည်။ ဆိုဗီယက်မှတ်တမ်းအရ ဂူလက်အတွင်းသေဆုံးသူ ၁,၀၅၃,၈၂၉ ရှိကြောင်းသိရသည်။[၉] ဆိုဗီယက်ပြည်၏အခြားသောလူအခွင့်အရေးချိုးဖောက်မှုများမှာ လူများအားအဆိပ်ခတ်စမ်းသပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်ဖျက်ဆီးခြင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကိုပိတ်ပင်ခြင်း စသည်တို့ဖြစ်သည်။
၁၉၇၅ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ပိုပေါ့ သည် အာဏာရှင်ခေါင်းဆောင်ဖြစ်ခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် လူဦးရေ ၇ သန်းအနက် ၁.၇ သန်းသေဆုံးခဲ့ကြသည်။[၁၀] သို့ဖြစ်ရာပို့ပေါ့အား "ကမ္ဘောဒီယား၏ ဟစ်တလာ" ဟူ၍ပင်မှတ်တမ်းတင်ခဲ့သည်။[၁၁]

နိုင်ငံတကာရာဇဝတ်မှုများတရားရုံးသည် ဆူဒန်နိုင်ငံ၏ စစ်အာဏာရှင် အိုမာအဲလ်ဘာရှီယာ (Omar al-Bashir) အား စစ်ရာဇဝတ်မှုကြောင့် ဖမ်းဝရမ်းထုတ်စေခဲ့သည်။[၁၃]

မြန်မာအာဏာရှင်များ
မြန်မာနိုင်ငံသည်လည်း အာဏာရှင်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုအာဏာရှင်များမှာ–
ဒေါက်တာဘမော် (၁၉၄၃–၁၉၄၅)
ဂျပန်ခေတ်မြန်မာပြည်၏ နိုင်ငံတော်အဓိပတိ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ဝင်ရိုးတန်းနိုင်ငံများနှင့် ပူပေါင်းခဲ့ရာ မဟာမိတ်နိုင်ငံများအား စစ်ကြေညာခဲ့သည်။
ဦးနေဝင်း (၁၉၆၂–၁၉၈၈)
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စစ်အာဏာရှင်ဖြစ်ခဲ့သည်။ ၁၉၅၈ တွင် နိုင်ငံကိုစစ်အုပ်ချုပ်ရေးဖြင့် ခေတ္တအုပ်ချုပ်ခဲ့သည်။ ၁၉၆၂ တွင် နိုင်ငံတော်၏ အခြေအနေယိုယွင်းမှုကို အကြောင်းပြု၍ ဦးနုအစိုးရအားဖြုတ်ချပြီး အာဏာသိမ်းပိုက်ခဲ့ကာ စတင်အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ တွင် ဆိုရှယ်လစ်စနစ်သို့ပြောင်းခဲ့၍ ဆိုရှယ်လစ်မြန်မာနိုင်ငံ၏ သမ္မတအဖြစ်အုပ်ချုပ်ခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံအဖြစ် မှတ်တမ်းအတင်ခံခဲ့ရသည်။ ၁၉၈၈ တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံးအရေးအခင်းကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရမှာ ပြိုကွဲခဲ့လေသည်။
ဦးစောမောင် (၁၉၈၈–၁၉၉၂)
၁၉၈၈-ခုနှစ်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား ပြိုလဲနေသည့်ကြားမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲစည်းပြီး အာဏာပြန်လည်သိမ်းပိုက်ခဲ့သည်။ ဗိုလ်ချုပ်စောမောင်လက်ထက်တွင် နိုင်ငံတော်၏အင်္ဂလိပ်အမည်ကို ဘားမား (Burma) မှ မြန်မာ (Myanmar) သို့ပြောင်းလဲခဲ့သည်။ ၁၉၉၀ တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း ရလဒ်များကို အသိအမှတ်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ၁၉၉၂-ခုနှစ်တွင် ကျန်းမာရေးအရ ရာထူးမှ နုတ်ထွက်ခဲ့လေသည်။
ဦးသန်းရွှေ (၁၉၉၂–၂၀၁၀)
နဝတအဖွဲ့မှ ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။ ၂၀၀၇-ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးကို ဖိနှိပ်ခဲ့သူလည်းဖြစ်သည်။ နာဂစ်မုန်တိုင်းဖြစ်ရပ်ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်အဖြစ် မှတ်တမ်းအတင်ခံရသူဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် တိုင်းပြည်အာဏာကို ဆက်လက်ဆုပ်ကိုင်စေနိုင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ၂၀၁၀-ခုနှစ်တွင် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းခဲ့သည်။
မင်းအောင်လှိုင် (၂၀၂၁–လက်ရှိ)
၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲလိမ်ထားသည်ဟု အကြောင်းပြုစွပ်စွဲ၍ အာဏာသိမ်းပိုက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲစည်းပြီး မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အတွင်း ပြန်လည်သွတ်သွင်းရန် ဆောင်ရွက်ခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်း၏ အဆင့်သတ်မှတ်ချက်များအရ သူ၏လက်ထက်မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအာဏာရှင်အဆန်ဆုံးနိုင်ငံဖြစ်ခဲ့သည်။[၁၄]
အခြားဖတ်ရှုရန်
- အာဏာရှင်စနစ်
- စစ်အာဏာရှင်စနစ်
- အော်တိုကရေစီ
- မဟာခေါင်းဆောင်ကြီး
မှတ်စု
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.