ကမ္ဘောဒီးယားနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ From Wikipedia, the free encyclopedia
အရှေ့တောင်အာရှနိုင်ငံ From Wikipedia, the free encyclopedia
ကမ္ဘောဒီးယားနိုင်ငံ/kæmˈboʊdiə/ ( ) [၈]အား ကမ္ဗောဇ ဟုလည်း သိကြပြီး တရားဝင်အမည်မှာ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ ဖြစ်ကာ အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆယ် တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်း ကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်) ရှိပြီး အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ တို့နှင့် ထိစပ်လျက် တည်ရှိသည်။
ကမ္ဘောဒီယား ဘုရင့်နိုင်ငံ
မဟာကမ္ဗောဇဘုရင့်နိုင်ငံ | |
---|---|
ဆောင်ပုဒ်: ជាតិ សាសនា ព្រះមហាក្សត្រ Chéatĕ, Sasna, Preăh Môhaksătrâ "Nation, Religion, King" "ဇာတိ၊ သာသနာ၊ ရှင်ဘုရင်" (ဇာတိ၊ သာသနာ၊ မဟာက္ၑတြ) | |
နိုင်ငံတော် သီချင်း: បទនគររាជ Nôkôr Réach "Majestic Kingdom" "တော်ဝင်တိုင်းပြည်" (ပဒနဂရရာဇ) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဖနွမ်းပင်မြို့ 11°33′N 104°55′E |
ရုံးသုံးဘာသာစကား နှင့် အမျိုးသားဘာသာစကား | ခမာ[၁] |
ရုံးသုံးအက္ခရာ | ခမာအက္ခရာ[၂] |
လူမျိုးစု (၂၀၁၉) | |
ကိုးကွယ်မှု | |
လူမျိုး | အင်္ဂလိပ်: Cambodian ခမာ: ខ្មែរ, Khmêr [kʰmae] |
အစိုးရ | ပြည်ထောင်စု တစ်ပါတီ ပါလီမန်စနစ်နှင့် ရွေးကောက်ခံ စည်းမျဉ်းခံဘုရင်စနစ် |
• Monarch | နရောတ္တမ သီဟမုနီ |
• ဝန်ကြီးချုပ် | ဟွန်မာနက် |
• အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဟန် ဆမ်ရင် |
• ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ | ဆေးချွန်း |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ် | |
အမျိုးသားလွှတ်တော် | |
တည်ထောင်ခြင်း | |
• ဖူနန်နိုင်ငံ | ၆၈–၆၂၇ |
• ချန်လနိုင်ငံ | ၆၂၇–၈၀၂ |
• ခမာအင်ပါယာ | ၈၀၂–၁၄၃၁ |
• အလယ်ခေတ် | ၁၄၃၁–၁၈၆၃ |
၁၈၆၃ ခုနှစ် ဩဂုတ်လ ၁၁ ရက် | |
၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက် | |
၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် | |
၁၉၉၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက် | |
၁၉၉၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက် | |
၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၁၈၁,၀၃၅ km2 (၆၉,၈၉၈ sq mi) (အဆင့်: ၈၈) |
• ရေထု (%) | ၂.၅ |
လူဦးရေ | |
• ၂၀၁၉ သန်းခေါင်စာရင်း | ၁၅,၅၅၂,၂၁၁[၄] (အဆင့် - ၇၃) |
• သိပ်သည်းမှု | ၈၇/km2 (၂၂၅.၃/sq mi) (အဆင့် - ၉၆) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၇၆.၆၃၅ ဘီလီယံ[၅] |
• Per capita | $၄,၆၄၅[၅] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၂၆.၆၂၈ billion[၅] |
• Per capita | $၁,၆၁၄[၅] |
Gini (၂၀၁၃) | ၃၆.၀[၆] အလယ် |
HDI (၂၀၁၉) | ၀.၅၉၄[၇] အလယ် · ၁၄၄ |
ငွေကြေး | ရီယယ် (៛) (KHR) |
အချိန်ဇုန် | ICT (UTC+7) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | right |
တယ်လီဖုန်းကုဒ် | +855 |
Internet TLD | .kh |
အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေအားဖြင့် ၁၅ သန်းကျော် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာအဖြစ်ပြဋ္ဌာန်းထားကာ လူဦးရေ၏ ၉၇% ကျော် ကိုးကွယ်ကြသည်။[၉] ကမ္ဘောဒီးယားရှိ လူနည်းစု လူမျိုးများမှာ ဗီယက်နမ်၊ တရုတ်၊ချမ် နှင့် တောင်ကုန်းနေ လူမျိုးစု ၃၀ တို့ ဖြစ်ကြသည်။[၁၀] မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖနွမ်းပင်မြို့ ဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနလည်း ဖြစ်သည်။ နိုင်ငံသည် ရွေးကောက်ခံ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန် ဆီဟာမိုနီ ဖြစ်ကာ တော်ဝင်ပလ္လင်ကောင်စီမှ နိုင်ငံ၏ အကြီးအမှူး အဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ်မှာ ဟွန်မာနက် ဖြစ်သည်။
အေဒီ ၈၀၂ ခုနှစ်တွင် ဒုတိယ ဂျာယာဗာမန် က သူ့ဘာသာ ဘုရင်အဖြစ် ကြေညာခဲ့ပြီး စစ်တိုက်နေကြသော ချန်လာ ခမာမင်းသားများကို "ကမ်ဘူဂျာ" အမည်အောက်တွင် စုစည်းခဲ့သည်။[၁၁] ထိုအချိန်သည် ခမာ ဧကရာဇ်နိုင်ငံတော် စတင်ပေါ်ထွန်းခဲ့သော အချိန်ဖြစ်ပြီး နှစ်ပေါင်း ၆၀၀ ကျော်အောင် စည်ပင်ထွန်းကားခဲ့ကာ ဘုရင်မင်းဆက် ဆက်တိုက်တို့အား အရှေ့တောင်အာရှတစ်ဝှမ်းအား ထိန်းချုပ် ဩဇာလွှမ်းမိုးနိုင်စေခဲ့ပြီး တန်ခိုးအာဏာနှင့် စည်းစိမ် အမြောက်အမြားကို စုစည်းနိုင်ခဲ့သည်။ အိန္ဒိယပုံသဏ္ဌာန် တိုင်းပြည်မှာ အရှေ့တောင်အာရှ နေရာ အများစုအား ပထမဦးစွာ ဟိန္ဒူဘာသာ နောင်တွင် ဗုဒ္ဓဘာသာ ပျံ့နှံ့စေခဲ့ပြီး ဒေသတဝှမ်းတွင် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း အမြောက်အမြားကို အကောင်အထည်ဖော်ခဲ့ကာ အန်ကော တစ်နေရာတည်းတွင်ပင် ပုထိုး နှင့် အထိမ်းအမှတ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ အန်ကောဝပ် သည် ထိုအဆောက်အအုံများထဲတွင် အထင်ရှားဆုံးဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသွင်းခဲ့သည်။
၁၅ ရာစုတွင် ခမာအင်ပိုင်ယာမှ အုပ်စိုးသော အယုဒ္ဓယပြည်၏ ပုန်ကန်မှု အပြီးတွင် ကမ္ဘောဒီးယား၏ ဩဇာအာဏာ ကျဆင်းလာခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် ဩဇာကြီးမားသော အိမ်နီးချင်း တိုင်းပြည်နှစ်ခုနှင့် ရင်ဆိုင်ရပြီး တစ်ခုမှာ ထိုင်းနိုင်ငံ၏ အယုဒ္ဓယပြည် ဖြစ်ကာ နောက်တစ်ခုမှာ ဗီယက်နမ်၏ ငုယင်မင်းဆက် ဖြစ်၍ ကမ္ဘောဒီးယား၏ ကံကြမ္မာအတွက် အဆိုးဘက်သို့ ဦးတည်စေခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး နောက်တွင် အရှေ့တောင်အာရှ ပြင်သစ် အင်ဒိုချိုင်းနားသို့ သွတ်သွင်းခြင်း ခံခဲ့ရသည်။
ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၅ တွင် ဗီယက်နမ် စစ်ပွဲသည် ဟိုချီမင်း၏ လမ်းကြောင်းဖြန့်ကျက်မှု နှင့် သီဟာနု၏ လမ်းကြောင်းတည်ဆောက်မှုတို့ကြောင့် ကမ္ဘောဒီးယား အထိ ရောက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန်တို့မှ ၁၉၆၉ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ကမ္ဘောဒီးယားလည်း ပါဝင်ခဲ့သည်။ ၁၉၇၀ ကမ္ဘောဒီးယား အာဏာသိမ်းမှု အပြီးတွင် အမေရိကန်ဘက်ယိမ်းသော လက်ယာဝါဒီ ခမာသမ္မတနိုင်ငံ အစိုးရ အာဏာရလာခဲ့ပြီး သီဟာနု ဘုရင်မှ သူ၏ ယခင်ရန်သူဖြစ်သော ခမာနီတို့ကို ထောက်ခံခဲ့သည်။ ဘုရင်နှင့် မြောက်ဗီယက်နမ် တို့၏ ထောက်ခံမှုကြောင့် ခမာနီတို့သည် အင်အားကြီးမားလာခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ခမာနီတို့က ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုကို ၁၉၇၅ မှ ၁၉၇၉ အထိ ကျူးလွန်ခဲ့ကြပြီး ၁၉၇၉တွင် ဗီယက်နမ် နှင့် ဗီယက်နမ်မှ ကျောထောက်နောက်ခံပေးထားပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံ အစိုးရ မှ ၎င်းတို့ကို ဖြုတ်ချလိုက်သည် အထိ ဖြစ်သည်။
၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် ကမ္ဘောဒီးယားအား ကုလသမဂ္ဂ မစ်ရှင်မှ ၁၉၉၂-၉၃ တွင် ခဏတာမျှ အုပ်ချုပ်ခဲ့သည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပပြီး ၉၀ ရာခိုင်နှုန်းမျှသော မဲပေးပိုင်ခွင့်ရှိသူတို့ မဲပေးပြီးသော အခါတွင် ကုလသမဂ္ဂတပ်များ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် အစိုးရအတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ဝန်ကြီးချုပ်ဟွန်ဆန် တို့မှ အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၂၀ ခုနှစ်တိုင်အောင် ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သည်။
ကမ္ဘောဒီးယားသည် ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုအဖွဲ့ နှင့် လာဖရန်ကိုဖုန်းနီ အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံခြား အဖွဲ့အစည်းများစွာတို့၏ အဆိုအရ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု နေရာအနှံ့အပြားတွင် ရှိသည်ဟု ဆိုပြီး [၁၂] ခြစားမှု နေရာအနှံ့အပြား ရှိသည့်အပြင်[၁၃] နိုင်ငံရေးဆိုင်ရာ လွတ်လတ်မှု ကင်းမဲ့ကာ[၁၄] လူထုဖွံ့ဖြိုးမှု နိမ့်ကျ၍[၁၅] ငတ်မွတ်မှု မြင့်မားသည် ဟု ဆိုသည်။[၁၆][၁၇][၁၈] ကမ္ဘောဒီးယားအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အရှေ့တောင်အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ "အာဏာရှင်ဆန်သော ညွှန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဆိုသည်။[၁၉] ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ လစ်ဘရစ်ဒီမိုကရေစီ ဟု ပြဋ္ဌာန်းထားသော်လည်း [၂၀] နိုင်ငံအား ၂၀၁၈ ခုနှစ်အထိ တစ်ပါတီတည်းကသာ အုပ်ချုပ်ခဲ့သည်။[၂၁][၂၂]
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်း ဝင်ငွေ့ နိမ့်ကျသော်လည်း ကမ္ဘောဒီးယားသည် အာရှတွင် တိုးတက်မှုအမြန်ဆုံး စီးပွားရေး ရှိသည့် နိုင်ငံ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ဖွံ့ဖြိုးမှုနှုန်းမှာ ၇.၆ ရာခိုင်နှုန်း ရှိသည်။ စိုက်ပျိုးမွေးမြူရေးသည် အဓိက စီးပွားရေး ကဏ္ဍအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးတက်လာမှုကြောင့် ချည်မျှင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့တွင် ကောင်းမွန်သော ဖွံ့ဖြိုးမှု ရှိသည်။.[၂၃] ကုလသမဂ္ဂမှ ကမ္ဘောဒီးယားအား ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။[၂၄] အမေရိကန်ပြည်ထောင်စု၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့တရားမျှတမှု စီမံကိန်း၏ တရားဥပဒေ စိုးမိုးမှု ကိန်းညွှန်းမှ နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် ကမ္ဘောဒီးယားအား အဆင့် ၁၂၅ သတ်မှတ်ထားပြီး ဒေသအတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ရောက်သည်။[၂၅]
"ကမ္ဘောဒီးယားဘုရင့်နိုင်ငံ" သည် ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်ရုံးသုံးအမည် ဖြစ်သည်။ ကမ္ဘောဒီးယား ဆိုသော အမည်မှာ ပြင်သစ်ဘာသာစကား ကမ်ဘိုဒေ့ (Cambodge) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ပြင်သစ်စကားမှာလည်း ဒေသခံတို့၏ ခမာစကား ကမ်ပူးချားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားဆိုသော အသုံးအနှုန်းကို ဥရောပတွင် အစောဆုံး သုံးနှုန်းထားသည်ကို တွေ့ရှိရသည်မှာ ၁၅၂၄ ခုနှစ်တွင် ဖြစ်ပြီး အီတလီ စွန့်စားရှာဖွေသူ ဖာဒီနန် မက်ဂျဲလန်၏ ကမ္ဘာတခြမ်း ခရီးစဉ်တွင် လိုက်ပါသူ အန်တိုနီယို ပီဂါဖက်တာမှ သူ၏ စာတွင် "ကာမိုဂျီးယား" ဟု ရည်ညွှန်းခဲ့သည်။ [၂၆]
ကမ္ဘောဒီးယားလူမျိုးများသည် သူတို့၏ နိုင်ငံကို "ဆော့ခမာ" ဟု ညွှန်းဆိုလေ့ရှိပြီး အဓိပ္ပာယ်မှာ "ခမာတို့၏မြေ" ဖြစ်သည်။ သို့သော် ပိုမို၍ တိကျသော အခေါ်အဝေါ်အနေနှင့် "ပရာတေး ကမ်ပူးချား" ဟု သုံးနှုန်းပြီး "ကမ်ပူးချားတို့၏ နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ အနောက်ကမ္ဘာတွင် "ကမ္ဘောဒီးယား" ဟု အမြဲတစေ ရည်ညွှန်းလေ့ ရှိသော်လည်း အရှေ့တိုင်းနိုင်ငံများတွင် ကမ္ဘောဒီးယား အစား ကမ်ပူချီးယား ဟူ၍ အသံထွက်လေ့ရှိသည်။[၂၇][၂၈][၂၉]
နေ့စွဲ | အမည် | မှတ်ချက် |
---|---|---|
အေဒီ ၅၀/၆၈ – အေဒီ ၅၅၀ | ဖူနန်း အင်ပိုင်ယာ | နိုကော် ဖနွမ် – (အခြားအမည်) |
၅၅၀–၈၀၂ | ချန်နလာ အင်ပိုင်ယာ | အေဒီ ၈ ရာစုတွင် ကုန်းချန်နလာ နှင့် ရေချန်နလာဟု ခွဲခြားခဲ့သည်။ |
၈၀၂–၁၄၃၁ | ခမာ အင်ပိုင်ယာ | အရှေ့တောင်အာရှတွင် ဩဇာအာဏာအကြီးဆုံး အင်ပိုင်ယာ တစ်ခု |
၁၄၃၁–၁၈၆၃ | ကမ္ဘောဒီးယား | အလယ်ခေတ် (ချက်တိုမက်ခေတ်၊ လောင်းဗက်ခေတ်၊ အူဒုံခေတ်) |
၁၈၆၃–၁၉၄၁၊ ၁၉၄၅–၁၉၅၃ | ကမ္ဘောဒီးယားပြည် (ပြင်သစ်အစောင့်အရှောက်ခံ နိုင်ငံ) | |
၁၉၄၁–၁၉၄၅ | ဂျပန်တို့လက်အောက် | |
၁၉၅၃–၁၉၇၀ | ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား | (ပြည်သူ့ ဆိုရှယ်လစ် အဖွဲ့အစည်း) ကာလ ကမ္ဘောဒီးယား ပထမနိုင်ငံဟုလည်း ခေါ်သည်။ |
၁၉၇၀–၁၉၇၅ | ခမာသမ္မတနိုင်ငံ | အမေရိကန် ဗုံးကြဲခြင်း၊ ပြည်တွင်းစစ် |
၁၉၇၅–၁၉၇၆ | ကမ်ပူးချား | ခမာ လူမျိုးတုန်း သတ်ဖြတ်မှု |
၁၉၇၆–၁၉၈၂ | ဒီမိုကရက်တစ် ကမ်ပူးချား | ခမာ လူမျိုးတုန်း သတ်ဖြတ်မှု – ကုလသမဂ္ဂအသိအမှတ်ပြု[၃၀] |
၁၉၈၂–၁၉၉၀ | ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရ | ကုလသမဂ္ဂအသိအမှတ်ပြု |
၁၉၉၀–၁၉၉၃ | ကမ္ဘောဒီးယား နိုင်ငံတော် အစိုးရ | ကုလသမဂ္ဂအသိအမှတ်ပြု |
၁၉၇၉–၁၉၈၉ | ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံ | ကုလသမဂ္ဂမှ အသိအမှတ်မပြု |
၁၉၈၉–၁၉၉၁ | ကမ္ဘောဒီးယားနိုင်ငံ | |
၁၉၉၁–၁၉၉၃ | ကမ္ဘောဒီးယား အသွင်ကူးပြောင်းရေး ကုလသမဂ္ဂ အာဏာပိုင် | |
၁၉၉၃–ယနေ့ | ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား | ကမ္ဘောဒီးယား ဒုတိယနိုင်ငံ |
ယနေ့ခေတ် ကမ္ဘောဒီးယားနိုင်ငံနေရာတွင် ပလိုင်စတာဆင်း ခေတ်က လူတို့နေထိုင်ခဲ့ကြောင်း သက်သေအထောက်အထားများကို ကျဲပြန့်တွေ့ရှိရပြီး သလင်းနှင့် သလင်းအသွင်ပြောင်း ကျောက်လက်နက်ကိရိယာများမှာ ၎င်းတို့၏ သက်တမ်းသက်မှတ်ခြင်းမှာ ယုံကြည်ရလောက်သော အခြေအနေမရှိသော်လည်း မဲခေါင်မြစ် တစ်လျှောက်ရှိ ကုန်းမြေအဆင့်ဆင့် ဖြစ်နေရာ နေရာများ၊ စတန်ထရန်ပြည်နယ်၊ကရာတီပြည်နယ် နှင့် ကမ်ပေါ့ပြည်နယ်တို့တွင် တွေ့ရသည်။[၃၁] အချို့သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမှ ဟိုလိုဆင်းခေတ်အတွင်း မုဆိုး-ရှာဖွေစုဆောင်းသူ အုပ်စုများ ဒေသအတွင်း နေထိုင်ခဲ့ကြောင်း ပြသနေသည်။ ကမ္ဘောဒီးယားတွင် ရှေးအကျဆုံးတွေ့ရသော ရှေးဟောင်းသုတေသနဒေသမှာ ဘတ်တမ်ဘမ်ပြည်နယ်ရှိ "လန်းစပင်း" လှိုဏ်ဂူ ဖြစ်ပြီး ဟိုဘင်ဟျန်ခေတ်မှ ဖြစ်သည်။ အနိမ့်ပိုင်း မြေလွှာများအား တူးဆွပြီး ရေဒီယိုကာဘွန်နည်းဖြင့် သက်တမ်းသတ်မှတ်ရာတွင် ဘီစီ ၆၀၀၀ ခန့်ကို ညွှန်ပြနေသည်။[၃၁][၃၂] ထိုနေရာတွင်ပင် အထက်ပိုင်းမြေလွှာများကို တူးဆွရာ ကျောက်ခေတ်သစ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အထောက်အထားများကို တွေ့ရပြီး ကမ္ဘောဒီးယားရှိ အစောဆုံးသက်တမ်းရှိသော မြေထည်ကြွေထည်များ ပါဝင်သည်။[၃၃]
ဟိုလိုဆင်းခေတ် နှင့် သံခေတ်ကြားမှ ရှေးဟောင်းသုတေသန တွေ့ရှိချက်မှာလည်း ရှားပါးသည်။ ကမ္ဘောဒီးယား သမိုင်းမတီမီခေတ်၏ အရေးပါသော ဖြစ်ရပ်မှာ မြောက်ဘက်မှ ပထမဆုံး ဆန်စပါးစိုက်ပျိုးသူလည်သမားများ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘီစီ ၃ ထောင်စုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သည်။[၃၄] ကမ္ဘောဒီးယားတွင် တွေ့ရသော စိတ်ဝင်စားစရာအကောင်းဆုံး သက်သေအထောက်အထားများမှာ အမျိုးမျိုးသော စက်ဝိုင်းပုံ မြေဖို့ခြင်းများ ဖြစ်ပြီး မမ်မော့အနီး မြေသားနီများတွင် လည်းကောင်း ဗီယက်နမ်နှင့် နီးစပ်သော ဒေသများတွင်လည်းကောင်း ၁၉၅၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့၏ အသုံးပြုမှုနှင့် သက်တမ်းမှာ အငြင်းပွားနေဆဲဖြစ်သော်လည်း အချို့မှာ ဘီစီ ၂ ထောင်စုနှစ် အတွင်းက ဖြစ်နိုင်သည်။[၃၅][၃၆]
အချိန်ကာလ အတိအကျသတ်မှတ်၍ မရသော အခြား သမိုင်းမတင်မီခေတ်ဒေသများမှာ ၁၈၇၅ တွင် ပထမဆုံး စတင် စူးစမ်းခဲ့သော နေရာဖြစ်သည့် ဆမ်ရောင်း ဆန် (ရှေးဟောင်းမြို့တော် အူဒေါင် နှင့် သိပ်မဝေးသောနေရာ) [၃၇]နှင့် မြောက်ပိုင်းပြည်နယ် ဘွန်တေးမူရှေး အတွင်းရှိ "ဖွမ်စနေး" တို့ဖြစ်သည်။[၃၈] ဖွန်စနေးတွင် တူးဖော်မှုများအရ သင်္ချိုင်း ၂၁ ခုကို တွေ့ရှိရပြီး ထိုအတွင်း၌ သံလက်နက်များနှင့် ဦးခေါင်းဒဏ်ရာများတွေ့ရှိရသဖြင့် ရှေးအခါက ပဋိပက္ခရှိခဲ့ကြောင်း ညွှန်ပြနေပြီး အန်ကောရှိ မြို့ကြီးများနှင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။[၃၄][၃၉] [၄၀]ရာတာနာကိရိ တွင် သတ္တုတွင်း တူးဖော်ရာ၌ သမိုင်းမတင်မီခေတ်က လက်မှုပစ္စည်းများကို မကြာခဏတွေ့ရလေ့ ရှိသည်။[၃၁]
သံကို ဘီစီ ၅၀၀ ခန့်တွင် စတင် အသုံးပြုခဲ့ပြီး အထောက်အထားများကို ယနေ့ခေတ် ထိုင်းနိုင်ငံနေရာဖြစ်သော ခိုရတ်ကုန်းမြင့်တွင် တွေ့ရသည်။ ကမ္ဘောဒီးယားတွင် သံခေတ် အခြေချနေထိုင်မှုများကို ဘက်ဆေးချမ်ကရောင် ပုထိုး နှင့် အခြားသော အန်ကောခေတ် ပုထိုးများ၏ အောက်ခြေတွင် တွေ့ရပြီး စက်ဝိုင်းပြီးမြေဖို့ခြင်းများကို အန်ကော၏ အနောက်မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော "လိုဗီး" ၏ အောက်ခြေတွင် တွေ့ရသည်။ လူသေမြှုပ်နှံမှုများသည် အခြားတွေ့ရှိမှုများထက် ပိုများပြီး စားရေရိက္ခာ ရရှိမှု တိုးတက်လာခြင်း နှင့် ကုန်သွယ်ခြင်း ( ခရီးရှည် ကုန်သွယ်ခြင်းပင် ရှိသည်။ ဘီစီ ၄ ရာစုတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ စတင်နေပြီ ဖြစ်သည်။)တို့အပြင် လူမှုအဆင့်အတန်း နှင့် အလုပ်သမားအဖွဲ့အစည်းများ ရှိကြောင်းလည်း သက်သေပြနေသည်။[၄၁]
သံခေတ်မှ တွေ့ရှိရသော လက်မှုပစ္စည်းများတွင် ဖန်ပုတီးများမှာ အရေးပါသော အထောက်အထား ဖြစ်သည်။ အမျိုးမျိုးကွဲပြားသော ဖန်ပုတီးများကို ကမ္ဘောဒီးယား တစ်ဝှမ်းရှိ ဒေသအချို့တွင် တွေ့ရှိရပြီး အနောက်မြောက်ဘက်ရှိ ဖွန်စနေး နှင့် အရှေ့တောင်ပိုင်းရှိ ပရိုဟီးယားတို့တွင် တွေ့ရှိရသဖြင့် ထိုအချိန်က ပင်မ ကုန်သွယ်ရေး ကွန်ယက် နှစ်ခု ရှိကြောင်း ပြသနေသည်။ ထိုကွန်ယက်နှစ်ခုမှာ အချိန်နှင့် နေရာ ကွာခြားနေသဖြင့် အေဒီ ၂ ရာစု မှ ၄ ရာစု အတွင်း ကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခု သို့ ရွှေ့ပြောင်းခဲ့သည်ဟု ညွှန်ပြနေပြီး လူပတ်ဝန်းကျင် နိုင်ငံရေးဆိုင်ရာ ဩဇာအာဏာ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။[၄၁]
အေဒီ ၃ရာစု၊ ၄ ရာစု နှင့် ၅ ရာစုတို့တွင် အိန္ဒိယ တိုင်းနိုင်ငံများဖြစ်သော ဖူနန်းပြည် နှင့် ၎င်း၏ နေရာအား ဆက်ခံသော ချန်နလာပြည်တို့သည် ယနေ့ခေတ် ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တောင်ပိုင်း နေရာတို့ ပေါင်းစပ် ဖြစ်ပေါ်ခဲ့သည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်အောင်ပင် ကမ္ဘောဒီးယားသည် အိန္ဒိယမှ ဩဇာလွှမ်းမိုးမှုများကို ခံယူပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံဖြစ်သော အခြားသော အရှေ့တောင်အာရှ ယဉ်ကျေးမှုလောကများသို့ ပြန်လည်ဖြန့်ဝေခဲ့သည်။[၄၂] ထိုတိုင်းပြည်များအကြောင်း အခြားသိရှိရသည်မှာ နည်းပါးပြီး တရုတ်တို့၏ သမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ပဏ္ဍာဆက်မှတ်တမ်းများ အရ ၎င်းတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ဖူနန်းနယ်မြေတွင် မဟာအလက်ဇန္ဒား၏ ပထဝီပညာရှင် ကလောဒီးယပ် တော်လမီမှ "ကတ်တီဂါရ" ဟု သိရှိသော ဆိပ်ကမ်းတည်ရှိခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်တို့၏ သမိုင်းမှတ်တမ်းများတွင် ချန်နလာ၏ ပထမ ဂျာယာဗာမန်း ဘုရင်မှာ ၆၈၁ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု ညွှန်ပြနေပြီး ထို့နောက်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ တိုင်းပြည်အား ကုန်းချန်ဒလာ နှင့် ရေချန်ဒလာဟု နှစ်ခြမ်းကွဲသွားစေခဲ့ပြီး ၎င်းတို့အား ဂျားဗားကျွန်း၏ ဩဇာခံသော အင်အားနိမ့်ပါးသော မင်းသားများမှ လျော့ရည်းစွာ အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။
ခမာဧကရာဇ်နိုင်ငံတော်သည် ချန်နလာ၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာခဲ့ပြီး ၈၀၂ ခုနှစ်တွင် ခိုင်မာစွဦ တည်ထောင်နိုင်ခဲ့ကာ ဒုတိယ ဂျာယာဗာမန် ဘုရင် (အေဒီ ၇၉၀မှ အေဒီ ၈၃၅ အထိ အုပ်စိုးခဲ့သည်။) ဂျားဗားပြည်မှ လွတ်လပ်ရေးကြေညာခဲ့ပြီး မိမိဘာသာ ဒေဝါရာဂျာဘွဲ့ ခံယူခဲ့သည်။ သူနှင့် သူ၏ နောက်လိုက်များသည် ဘုရား-ဘုရင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ ၉ ရာစုမှ ၁၅ ရာစုအတွင်း ထိုဒေသ၌ ကြွယ်ဝချမ်းသာလာခဲ့သည်။[၄၃] အဋ္ဌမဂျာရာဗာမန် လက်ထက်တွင် အန်ကောဧကရာဇ်နိုင်ငံတော်အား မွန်ဂိုမှ ကူဗလိုင်ခန်၏ စစ်တပ်မှ တိုက်ခိုက်ခဲ့သော်လည်း ဘုရင်အနေနှင့် ငြိမ်းချမ်းရေးကို ဝယ်ယူနိုင်ခဲ့သည်။[၄၄] ၁၃ ရာစုခန့်တွင် သီရိလင်္ကာ ဘုန်းကြီးများမှ အရှေ့တောင်အာရှအား ထေရဝါဒဗုဒ္ဓဘာသာနှင့် မိတ်ဆက်ခဲ့သည်။[၄၅] ဘာသာတရားမှာ ပြန့်ပွားလာခဲ့ပြီး နောက်ဆုံးတွင် အန်ကော၌ ရေပန်းစားသော ဘာသာတရားအဖြစ် ဟိန္ဒူဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၂၉၅ ခုနှစ် တတိယ အင်ဒရာ ဗာမန် အာဏာရသည်အထိ နိုင်ငံတော်၏ တရားဝင်ဘာသာ ဖြစ်မလာခဲ့ပေ။[၄၆]
ခမာဧကရာဇ်နိုင်ငံတော်သည် ၁၂ရာစုအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည်။ ဧကရာဇ်နိုင်ငံတော်၏ ဩဇာအာဏာ ဗဟိုချက်မှာ အန်ကော ဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်၏ အထွဋ်အထိပ် ရောက်ရှိစဉ်တွင် မြို့တော်အများအပြားကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာမှ သုတေသနပညာရှင် အဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားသော ခေတ်မီနည်းလမ်းများကို အသုံးပြု၍ ကောက်ချက်ချခဲ့သည်မှာ အန်ကောသည် ကမ္ဘာပေါ်တွင် စက်မှုခေတ်မတိုင်မီက အကြီးဆုံး မြို့ပြ ဖြစ်ခဲ့ပြီး မြို့ပြအကျယ်အဝန်းမှာ ၂,၉၈၀ စတုရန်း ကီလိုမီတာ (၁,၁၅၁ စတုရန်းမိုင်) မျှ ရှိသည်ဟု ဆိုသည်။[၄၇] မြို့တော်မှာ လူဦးရေ ၁ သန်းခန့် အထိ နေထိုင်နိုင်သော အကျယ်အဝန်း ရှိသည်။[၄၈] အများဆုံးသိကြပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အန်ကောဝပ် ဘုရားကျောင်းမှာလည်း ကမ္ဘောဒီးယား၏ အတိတ်က အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်ကို သတိပေးနေသကဲ့သို့ ရှိသည်။ ဧကရာဇ်နိုင်ငံတော်သည် အင်အားကျဆင်းလာသော်လည်း ၁၅ ရာစု ပျက်သုဉ်းသွားသည့် အချိန်အထိ ထင်ရှားသော အားတစ်ခု အဖြစ် ဆက်လက် ရှိနေသေးသည်။
အိမ်နီးချင်းတိုင်းပြည်များနှင့် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အန်ကောအား အယုဒ္ဓယပြည်မှ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ၁၄၃၂ တွင် စွန့်ပစ်ခဲ့သည်။ အကြောင်းမှာ ဂေဟစနစ် ပျက်ယွင်းမှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုတို့ကြောင့် ဖြစ်သည်။[၄၉][၅၀] ထိုအကြောင်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်၏ ပြည်တွင်းရေးကိစ္စရပ်များမှာ အိမ်နီးချင်းတိုင်းပြည်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်သို့ ရောက်သောအခါ ခမာတို့၏ အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်မှုများ ပြီးဆုံးခဲ့သည်။ ရှေးဟောင်းယုံကြည်မှုများ ဖြစ်သော မဟာယနဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ၏ ဘုရင်ဘုရား ဂိုဏ်းတို့၏ နေရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
မြို့တော်ကို လောင်းဗက် သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် တိုင်းပြည်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တဖန်ပြန်လည် ထွန်းကားအောင် ကြံဆောင်ခဲ့သည်။ ကမ္ဘောဒီးယားအား ဥရောပ မှတ်တမ်းများတွင် ပထမဆုံး ဖော်ပြခြင်းမှာ ၁၅၁၁ တွင် ပေါ်တူဂီတို့မှ ဖော်ပြခြင်း ဖြစ်သည်။ ပေါ်တူဂီ ခရီးသည်တို့မှ မြို့တော်အား စည်းစိမ်ဥစ္စာနှင့် နိုင်ငံခြား ကုန်သွယ်ရေး ထွန်းကားသော မြို့ အဖြစ် ဖော်ပြခဲ့သည်။ အယုဒ္ဓယ နှင့် ဗီယက်နမ်တို့နှင့် ဆက်လက် စစ်မက်ဖြစ်ပွားခြင်းကြောင့် နယ်မြေများ ထပ်မံဆုံးရှုံးခဲ့ရပြီး ၁၅၉၄ တွင် အယုဒ္ဓယ ၏ မဟာ နာရစွမ်ဘုရင်မှ လောင်းဗက်အား အောင်မြင်ပြီး ဖျက်ဆီးခဲ့သည်။ ခမာမြို့တော် အသစ်ဖြစ်သော အူဒေါင်းအား ၁၆၁၈ တွင် လောင်းဗက်၏ တောင်ဘက်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုရင်များမှာ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဩဇာခံ အဖြစ် တစ်လှည့်စီ ဝင်ရောက်ခြင်းဖြင့် နောက်ထပ် ၃ ရာစုအတွင်း အသက်ဆက်နိုင်ခဲ့ပြီး လွတ်လပ်သောကာလမှာ အနည်းငယ်သာ ရှိသည်။
ကမ္ဘောဒီးယားရှိ တောင်ကုန်းနေ လူမျိုးစုများမှာ ဆိုင်ယမ်(ထိုင်း)၊ အန်နာမိုက် (ဗီယက်နမ်) နှင့် ကမ္ဘောဒီးယားတို့မှ လိုက်လံဖမ်းဆီး ကျွန်ပြုခြင်းကို ဆက်တိုက်ခံခဲ့ရသည်။[၅၁][၅၂]
၁၉ ရာစုအတွင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားအား ထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးစားခြင်းကြောင့် ဗီယက်နမ် မင်းချင်းတို့က ခမာတို့အား ဗီယက်နမ်တို့၏ ထုံးတမ်းစဉ်လာများကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသော အချိန်ကာလ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဗီယက်နမ်တို့အား ပုန်ကန်မှု အချို့ ရှိခဲ့ပြီး ထိုင်းတို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ ၁၈၄၁-၁၈၄၅ ထိုင်း-ဗီယက်နမ် စစ်ပွဲ သည် ကမ္ဘောဒီးယားအား ပူးတွဲ ဆူဇာရိန်တီ (နိုင်ငံခြားရေးကို အုပ်စိုးသူပြည်ပနိုင်ငံမှ စီမံ၍ ပြည်တွင်းရေးကို မိမိဘာသာ စီမံသောနိုင်ငံ) နိုင်ငံ အဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။ ထို့မှတဆင့် နိုရိုဒုန် ပရွန်ဘိုရီရက် ဘုရင်မှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံအဖြစ် ထားရှိရန် စာချုပ်ချုပ်ဆိုခဲ့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
၁၈၆၃ တွင် ထိုင်းတို့တင်မြှောက်ထားသော နိုရိုဒွန်ဘုရင် မှ[၁၁] ပြင်သစ်တို့မှ ကမ္ဘောဒီးယားအား ထိုင်းတို့ထံမှ ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ၁၈၆၇ တွင် ထိုင်းနိုင်ငံ၏ ရာမ ၄ ဘုရင်မှ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား ထိန်းချုပ်ခြင်းအား စွန့်လွှတ်ရန် နှင့် ထို့အတွက် ဘတ်တမ်ဘန် နှင့် ဆီရမ်ရိ ပြည်နယ်တို့အား အစားပြန်ပေးရန် သဘောတူညီခဲ့သည့်အတွက် ထိုပြည်နယ်တို့မှာ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း တရားဝင် ဖြစ်လာခဲ့သည်။ ၁၉၀၇ ခုနှစ် ပြင်သစ်နှင့် ထိုင်းတို့ နယ်စပ်စာချုပ် ချုပ်ဆိုသော အခါမှသာ ထိုပြည်နယ်များကို ပြန်လည်ပေးအပ်ခဲ့သည်။
ကမ္ဘောဒီးယားသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၈၆၇ မှ ၁၉၅၃ ခုနှစ်အထိ ရှိနေခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီ နယ်မြေ၏ တစိတ်တဒေသ အဖြစ် ပြင်သစ်တို့မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၄၁ မှ ၁၉၄၅ အတွင်းတွင်မူ ဂျပန်တို့မှ ဝင်ရောက်ကျူးကျော်ခဲ့သည်။[၅၃]၁၈၇၄ မှ ၁၉၆၂ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေမှာ ၉၄၆,၀၀၀ မှ ၅.၇ သန်း အထိ တိုးတက်လာခဲ့သည်။ [၅၄] ၁၉၀၄ ခုနှစ်တွင် နိုရိုဒွန် ဘုရင် ကွယ်လွန်သော အခါ ပြင်သစ်တို့မှ ဘုရင်ရွေးချယ်မှုကို ချုပ်ကိုင်ခဲ့ပြီး နိုရိုဒွန် နှင့် ညီအစ်ကို တော်စပ်သူ ဆီဆိုဝပ်အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆီဆိုဝပ်၏ သားဖြစ်သူ မိုနီဗွန်ဘုရင် ကွယ်လွန်သော အခါတွင် ရာဇပလ္လင်မှာ လစ်လပ်သွားခဲ့သည်။ ပြင်သစ်တို့မှ မိုနီဗွန်၏ သား မိုနီရက် သည် အလွန်ပင် လွတ်လပ်စွာ တွေးခေါ်တတ်သည်ဟု ယူဆသဖြင့် ဘုရင်အဖြစ် မတင်မြှောက်ခဲ့ပေ။ သူ့အစား ဆီဆိုဝပ်ဘုရင်၏ သမီးမှ မွေးဖွားသော မြေးဖြစ်သူ နိုရိုဒွန် သီဟာနု အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ပြင်သစ်တို့မှ အသက်ငယ်သော သီဟာနုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူဆခဲ့သည်။[၅၃]သို့သော်လည်း သူတို့ယူဆချက် မှားယွင်းခဲ့ပြီး နိုရိုဒွန် သီဟာနု ဘုရင် အုပ်စိုးစဉ်ကာလတွင်ပင် ကမ္ဘောဒီးယားသည် ပြင်သစ်တို့လက်အောက်မှ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။[၅၃]
ကမ္ဘောဒီးယားသည် နိုရိုဒွန် သီဟာနု ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်လာသည်။ ပြင်သစ်အင်ဒိုချိုင်းနားအား လွတ်လပ်ရေးပေးသော အခါတွင် ကမ္ဘောဒီးယားအနေနှင့် မဲခေါင်မြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်ချက်ကင်းမဲ့ခဲ့ရပြီး ထိုဒေသကို ဗီယက်နမ်နိုင်ငံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။ ယခင်က ခမာဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း ထိုဒေသကို ဗီယက်နမ်တို့က ၁၆၉၈ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ဒုတိယ ချေ ချက်သာ ဘုရင်က ဗီယက်နမ်တို့အား အခြေချနေထိုင်ရန် ထိုအချိန် မတိုင်မီ ဆယ်စုနှစ် အချို့ကတည်းက ခွင့်ပြုခဲ့သည်။[၅၅] ထိုကိစ္စသည် သံတမန်ရေးရာ ကိစ္စများတွင် အဟန့်အတား တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ခမာလူမျိုး ၁ သန်းကျော်တို့ ထိုဒေသတွင် နေထိုင်ဆဲ ဖြစ်သည်။ ခမာနီတို့က ထိုဒေသကို ကျူးကျော်ပြီး နယ်မြေကို ပြန်လည်ရယူရန်ကြိုးစားခြင်းက ဗီယက်နမ်တို့ ကမ္ဘောဒီးယားကို ကျူးကျော်ရခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြီး ခမာနီတို့ ဖြုတ်ချခံခဲ့ရသည်။
၁၉၅၅ တွင် သီဟာနုသည် သူ့ဖခင်ကို အလေးပေးသော အနေဖြင့် နန်းစွန့်ခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခဲ့ကာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည်။ သူ၏ ဖခင် ၁၉၆၀ တွင် ကွယ်လွန်သည့် အခါတွင် သီဟာနုသည် နိုင်ငံ၏ ဥသျှောင် တဖန် ပြန်ဖြစ်ခဲ့ပြီး မင်းသားကြီး ဘွဲ့ကို ခံယူခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အရှိန်မြင့်လာသော အခါ သီဟာနုသည် စစ်အေးတိုက်ပွဲ အတွင်း ကြားနေသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ သီဟာနု အနေနှင့် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားကို ခိုလှုံရာ နယ်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး တောင်ဗီယက်နမ်တွင် တိုက်ခိုက်နေသော သူတို့၏ စစ်တပ်များသို့ လက်နက် နှင့် အခြား အကူအညီများ တင်ပို့ရန် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုခွင့် ပေးခဲ့သည်။ ထိုပေါ်လစီအား ရှက်စရာကောင်းသော ပေါ်လစီဟု ကမ္ဘောဒီးယား နိုင်ငံသား အမြောက်အမြားက ရှုမြင်ကြသည်။ ၁၉၆၇ တွင် သီဟာနု မှ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းစာဆရာ စတန်လေ ကာနိုးအား အကယ်၍ အမေရိကန်တို့အနေနှင့် ကမ္ဘောဒီးယားတို့ကို မထိခိုက်ပါက ဗီယက်နမ်တို့၏ ခိုလှုံရာနေရာများကို ဗုံးကြဲမည် ဆိုလျှင် သူ့အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။[၅၆]
ထိုသတင်းစကားကိုပင် အမေရိကန်သမ္မတ ဂျွန်ဆင် ၏ ကိုယ်စားလှယ်ဖြစ်သော ချက်စတာ ဘောင်း သို့လည်း ၁၉၆၈ ဇန်နဝါရီလတွင် ပေးခဲ့သည်။[၅၇] သို့သော်လည်း အများပြည်သူရှေ့တွင် သီဟာနု အနေနှင့် အမေရိကန်တို့အား ကမ္ဘောဒီးယားတွင် လေကြောင်းဗုံးကြဲမှု ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ပြီး မတ်လ ၂၆ တွင် သူက ပြောကြားခဲ့သည်မှာ "ဒီလို ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနဲ့ အသေအချာကို ရပ်တန့်ပစ်ရမယ်။" ဟူ၍ ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သီဟာနုမှ နိုင်ငံတကာ သတင်းဌာနတို့အား "နိုင်ငံတကာတွင် ကမ္ဘောဒီးယား၏ ရှင်းလင်းပြတ်သားသော ရပ်တည်မှုကို ထုတ်ဖော်ပေးရန် တောင်းပန်ပါတယ်။ဒါကတော့ ကျွန်တော့်အနေနဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘယ်လိုဆင်ခြေနဲ့ပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနယ်မြေထဲမှာ ဗုံးကြဲတာကို ဆန့်ကျင်ပါတယ်။" ဟု ပြောကြားခဲ့သည်။[၅၈] အစိုးရ အဖွဲ့ဝင်များနှင့် စစ်သားများမှ သီဟာနု၏ အုပ်ချုပ်သည့် ပုံစံ အပြင် အမေရိကန် ပြည်ထောင်စုမှ ဖယ်ခွါသွားသည်ကို မနှစ်မြို့ကြပေ။
သီဟာနုသည် ၁၉၇၀တွင် ဘေဂျင်းသို့ အလည်အပတ်သွားရောက်နေစဉ်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး လွန်နို နှင့် မင်းသား စီစိုဝပ်သ် စီရစ် မာတပ် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ အမေရိကန်တို့ အာဏာသိမ်းမှုကို ထောက်ပံ့ကြောင်း သက်သေမပြနိုင်ပေ။[၅၉] သို့သော်လည်း အာဏာသိမ်းမှု ပြီးဆုံးသည့်အခါတွင် အစိုးရသစ်သည် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားမှ ထွက်ခွါသွားရန် အမြန်ဆုံး တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ နိုင်ငံရေးအရ ထောက်ခံမှု ရရှိခဲ့သည်။ သူတို့ခိုလှုံရာနေရာများနှင့် မြောက်ဗီယက်နမ်မှ သူတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းရန် အသည်းအသန် ဆန္ဒပြင်းပြနေသော မြောက်ဗီယက်နမ်သားများ နှင့် ဗီယက်ကောင်းတပ်များသည် အစိုးရသစ်အား လက်နက်ကိုင် တိုက်ခိုက်မှု ချက်ချင်း စတင်တော့သည်။ ဘုရင်မှ သူ၏ နောက်လိုက်များအား အစိုးရအား ဖြုတ်ချရန် တိုက်တွန်းခဲ့သဖြင့် ပြည်တွင်းစစ် ဖြစ်ရန် အခြေအနေသို့ အလျှင်အမြန် ရောက်ရှိခဲ့သည်။ [၆၀]
မကြာမီတွင်ပင် ခမာနီသူပုန်တို့က သီဟာနုကို အသုံးပြု၍ ထောက်ခံမှု ရရှိရန် စတင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၀ မှ ၁၉၇၂ ခုနှစ် အစောပိုင်း အထိ ကမ္ဘောဒီးယား ပဋိပက္ခမှာ အစိုးရ၊ ကမ္ဘောဒီးယားစစ်တပ် နှင့် မြောက်ဗီယက်နမ်တပ်များ ကြားတွင်သာ ဖြစ်သည်။သူတို့အနေနှင့် ကမ္ဘောဒီးယား နယ်မြေအား ထိန်းချုပ်နိုင်လာသော အခါတွင် ဗီယက်နမ်ကွန်မြူနစ်တို့မှ နိုင်ငံရေး အခြေခံအဆောက်အအုံသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး ထို စနစ်အား ကြီးစိုးခဲ့သည်မှာ ယခုအခါ ခမာနီဟု ရည်ညွှန်းကြသော ကမ္ဘောဒီးယား ကွန်မြူနစ်များပင် ဖြစ်သည်။[၆၂] ၁၉၆၉မှ ၁၉၇၃ အတွင်းတွင် ဗီယက်နမ် သမ္မတနိုင်ငံ(တောင်ဗီယက်နမ်) နှင့် အမေရိကန်တပ်များက ဗီယက်ကောင်းများနှင့် ခမာနီတို့ကို နှောင့်ယှက်ရန်ကြိုးပမ်းသည့် အနေနှင့် ကမ္ဘောဒီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
၁၉၉၁ ခုနှစ်နောက်ပိုင်း ဆိုဗီယက်တို့ သိမ်းဆည်းထားသော မှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်တွင် မြောက်ဗီယက်နမ် တို့ ကမ္ဘောဒီးယားနိုင်ငံအား သိမ်းဆည်းရန် ကြိုးစားမှုအား ခမာနီတို့မှ အတိအလင်း တောင်းဆိုမှုကြောင့် ဖြစ်ပြီး ပိုပေါ့ နှင့် ဒုတိယအကြီးဆုံး ဖြစ်သော နွမ်းချာတို့မှ ညှိနှိုင်းခဲ့သည်ဟု သိရသည်။[၆၃] မြောက်ဗီယက်နမ်တို့မှ ကမ္ဘောဒီးယား စစ်တပ်တို့ တပ်စွဲထားသော နေရာများကို သိမ်းပိုက်ခဲ့ပြီး ကမ်ပူးချား ကွန်မြူနစ်ပါတီ (စီပီကေ) မှ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်မှုအား တိုးမြှင့်ခဲ့သည်။ မြောက်ဗီယက်နမ်တို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေနှင့် အမေရိကန်သမ္မတ ရစ်ချက် နစ်ကဆင် မှ အမေရိကန်နှင့် တောင်ဗီယက်နမ် ကုန်းတပ်များသည် ကမ္ဘောဒီးယားရှိ မြောက်ဗီယက်နမ်တို့၏ အခြေစိုက်စခန်းများကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဒီးယားသို့ ဝင်ရောက်မည်ဟု ကြေညာခဲ့သည်။[၆၄]အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များမှ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သော်လည်း မြောက်ဗီယက်နမ်တပ်များကို ထိန်းချုပ်ရန် ကိစ္စမှာ ခက်ခဲခဲ့သည်။
ခမာပြည်သူ့သမ္မတနိုင်ငံ၏ အဓိက ခေါင်းဆောင် ၃ ဦးဖြစ်သော လွန်နို၊ သီဟာနု၏ ညီအစ်ကိုဝမ်းကွဲဖြစ်သော ဆီရစ်မာတက် နှင့် အမျိုးသားလွှတ်တော်ခေါင်းဆောင် အင်တမ်တို့ ကြားတွင် ခေါင်းဆောင်မှုမှာ မညီညွတ်မှုများဖြင့် ပြည့်နှက်နေသည်။ လွန်နိုသည် တစိတ်တပိုင်း အာဏာရှိနေဆဲဖြစ်ပြီး အခြားသူများမှာ သူ့နေရာကို ရယူရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့ကာ ပါလီမန်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး လွန်နိုသည် သမ္မတ ဖြစ်လာခဲ့သည်။ သို့သော်လည်း မညီညွတ်ခြင်း၊ လူ ၃၀,၀၀၀ ရှိသော စစ်တပ်အား လူ ၂၀၀,၀၀၀ ကျော် ရှိသော နိုင်ငံတော် တိုက်ခိုက်ရေးတပ်များအဖြစ် ပြောင်းလဲခြင်း နှင့် ခြစားမှုများ ပျံ့နှံ့ခြင်းတို့ကြောင့် အရပ်ဖက် အုပ်ချုပ်ရေးနှင့် စစ်တပ်မှာ အားနည်းလာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း ကွန်မြူနစ်တို့၏ ထကြွမှုမှာ ဆက်လက် တိုးပွားလာခဲ့ပြီး မြောက်ဗီယက်နမ်မှ ရိက္ခာနှင့် စစ်ရေး ထောက်ပံ့ပေးခဲ့သည်။ ပိုပေါ့ နှင့် ယန်ဆာရီတို့သည် ဗီယက်နမ်တွင် လေ့ကျင့်သင်ကြားထားသော ကွန်မြူနစ်များပေါ်တွင် ဩဇာလွှမ်းမိုးခဲ့ပြီး အများစုကို ထုတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စီပီကေ တပ်များသည် ပိုမိုအားကောင်းလာခဲ့ပြီး သူတို့အား ထောက်ပံ့ပေးထားသော ဗီယက်နမ်များထံမှ ပို၍ သီးခြား ရပ်တည်လာနိုင်ခဲ့သည်။ ၁၉၇၃ သို့ရောက်သော အခါတွင် စီပီကေသည် အစိုးရတပ်များနှင့် တိုက်ပွဲများကို မြောက်ဗီယက်နမ်တပ်များ၏ ပံ့ပိုးမှု မပါဘဲ တိုက်ခိုက်လာနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနယ်မြေ၏ ၆၀% နှင့် လူဦးရေ၏ ၃၀%ကို ထိန်းချုပ်နိုင်ခဲ့သည်။ အစိုးရသည် ပုန်ကန်သူများနှင့် စေ့စပ်ဆွေးနွေးရန် ၃ ကြိမ်တိုင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၇၄ သို့ ရောက်သော အခါတွင် စီပီကေသည် တိုင်းဒေသ များအဖြစ် လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်လာခဲ့ပြီး မြောက်ဗီယက်နမ်တိုက်ခိုက်ရေး တပ်အချို့မှာ တောင်ဗီယက်နမ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ လွန်နို ၏ အုပ်ချုပ်မှုမှာ မြို့တော်များ ပတ်ဝန်းကျင် အစိတ်အပိုင်း သေးသေးများ နှင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းများ အထိသာ ရှိသည်အထိ လျော့ကျသွားခဲ့သည်။ စစ်ပွဲမှ ဒုက္ခသည် ၂ သန်းကျော်တို့သည် ဖနွမ်းပင် နှင့် အခြားမြို့တော်များတွင် နေထိုင်ကြသည်။
၁၉၇၅ ခုနှစ် နှစ်သစ်ကူးနေ့တွင် ကွန်မြူနစ်တပ်များသည် ထိုးစစ်ကို စတင်ခဲ့ပြီး စစ်ပွဲအတွင်း အကြမ်းတမ်းဆုံး ၁၁၇ ရက် ဖြစ်ခဲ့ကာ ခမာပြည်သူ့သမ္မတနိုင်ငံကို ပြိုလဲကျစေခဲ့သည်။ ဖနွမ်းပင်မြို့ ဧရိယာတစ်ဝိုက်တွင် တပြိုင်နက်တည်း တိုက်ခိုက်မှုများကြောင့် ရီပတ်ဘလစ်ကန် တပ်များကို မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့ပြီး အခြားသော စီပီကေတပ်ခွဲများက မဲခေါင်အောက်ပိုင်း ပံ့ပိုးရေး လမ်းကြောင်း ကို ထိန်းချုပ်ထားသော ပစ်ခတ်ရေး အခြေစိုက်စခန်းများကို တစ်ချိန်တည်းတွင် သိမ်းပိုက်ခဲ့သည်။ အမေရိကန် ကွန်ဂရက်မှ ကမ္ဘောဒီးယားသို့ အကူအညီများ ထပ်မံ ခွင့်ပြုရန် သဘောမတူခဲ့သဖြင့် လေကြောင်းမှ လက်နက်နှင့် ဆန်စပါးတို့ အမေရိကန် ဘဏ္ဍာဖြင့် ထောက်ပံခြင်း ရပ်တန့်ခဲ့သည်။ အမေရိကန် မစ်ရှင် ကမ္ဘောဒီယားမှ ထွက်ခွာပြီး ၅ ရက်အကြော ၁၉၇၅ ဧပြီလ ၁၇ ရက်တွင် လွန်နို၏ အစိုးရ လက်နက်ချခဲ့သည်။[၆၅]
ခမာနီတို့သည် ၁၉၇၅ တွင် ဖနွမ်းပင်သို့ ရောက်ရှိလာပြီး အာဏာရယူခဲ့သည်။ ပိုပေါ့ ဦးဆောင်သော ခမာနီတို့က နိုင်ငံ၏ တရားဝင် အမည်ကို ဒီမိုကရက်တစ် ကမ်ပူးချား ဟု ပြောင်းလဲခဲ့သည်။ အစိုးရသစ်သည် ၎င်းတို့ဘာသာ မော်စီတုန်းလက်ထက် တရုတ်နိုင်ငံ၏ မဟာခုန်ပျံကျော်လွှားမှုကြီး ပုံစံကို အတုယူပြောင်းလဲခဲ့ပြီး ပြည်သူများကို မြို့တော်များမှ အလျှင်အမြန် ထွက်ခွာစေခဲ့ကာ ပြည်သူတရပ်လုံးကို ကျေးလက်ရှိ စီမံကိန်းများသို့ အတင်းအကြပ် ရွှေ့ပြောင်း အလုပ်လုပ်စေခဲ့သည်။ သူတို့သည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကို ၁၁ ရာစုမှ ပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး အနောက်တိုင်း ဆေးဝါးများကို စွန့်ပစ်ခဲ့ကာ ဘုရားကျောင်းများ၊ စာကြည့်တိုက်များနှင့် အနောက်တိုင်း ပုံစံရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်ခဲ့သည်။
ခမာနီ အစိုးရလက်ထက်တွင် ပြည်သူမည်မျှ သေဆုံးခဲ့သည် ဆိုခြင်းကို ခန့်မှန်းကြသည်မှာ တစ်သန်းမှ သုံးသန်း အထိရှိပြီး အများဆုံး ရည်ညွှန်းကြသည့် ကိန်းဂဏန်းမှာ နှစ်သန်း (လူဦးရေ၏ ၄ပုံ ၁ပုံ) ဖြစ်သည်။[၆၆][၆၇][၆၈] ထိုခေတ်မှ သတ်ကွင်း ဆိုသော ဝေါဟာရ ပေါ်ပေါက်လာခဲ့ပြီး တူရိုစလန်းအကျဉ်းထောင်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း သမိုင်းကြောင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ လူသိန်းပေါင်းများစွာ တို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ အစိုးရသည် အဓိကအားဖြင့် လူမျိုးစု အဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သည်။ ချမ် မွတ်ဆလင်များမှာ အများအပြား ဒဏ်ခံခဲ့ရပြီး ၎င်းတို့လူဦးရေ၏ တစ်ဝက်ကျော် သတ်ဖြတ်ခြင်း ခံရသည်။[၆၉] ပိုပေါ့သည် ၎င်း၏ အာဏာကို ထိန်းထားနိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ရန်သူများနှင့် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သူမှန်သမျှကို ဖိနှိပ်ခဲ့သဖြင့် သူ၏ ပြည်သူများသို့ ကြမ်းကြုတ်မှုနှင့် ရက်စက်စွာ ပြုမူမှုများ တိုးမြင့်လာခဲ့သည်။[၇၀]
၁၉၇၀ ခုနှစ်တွင် အတင်းအကြပ် နေရပ်သို့ပြန်စေခြင်း နှင့် ခမာနီအစိုးရ လက်ထက်အတွင်း သေဆုံးမှုများကြောင့် ကမ္ဘောဒီးယားရှိ ဗီယက်နမ်လူဦးရေမှာ ၁၉၆၉ ခုနှစ်တွင် ၂၅၀,၀၀၀ ဦးမှ ၃၀၀,၀၀၀ အထိ ရှိရာမှ ၁၉၈၄ ခုနှစ်တွင် ၅၆,၀၀၀ သာ ကြွင်းကျန်ရစ်သည်။[၅၄] သို့သော်လည်း ခမာနီအစိုးရ၏ သားကောင်ဖြစ်ရသူများမှာ တိုင်းရင်းသားလူနည်းစုများ မဟုတ်ဘဲ ခမာလူမျိုးများသာ ဖြစ်သည်။ ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသော ဆရာဝန်များ၊ ရှေ့နေများနှင့် ကျောင်းဆရာများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရသည်။ ရောဘတ် ဒီ ကပ်ပလန်၏ အဆိုအရ "မျက်မှန်သည် ကြယ်ဝါနှင့် တန်းတူ သေစေလောက်သော အမှတ်တံဆိပ် ဖြစ်သည်" ဟု ဆိုခဲ့ပြီး မျက်မှန်သည် ပညာတတ်ခြင်း၏ သင်္ကေတ ဖြစ်သောကြောင့် ဖြစ်သည်။[၇၁]
ဘာသာရေး အဖွဲ့အစည်းများကိုလည်း ခမာနီများက ချမ်းသာ မပေးခဲ့ပေ။ ဘာသာရေးအား ဆိုးရွားစွာ ဖိနှိပ်ခဲ့သည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာ အထိ ဖြစ်သဖြင့် ကမ္ဘောဒီးယား၏ သမိုင်းဝင် ဗိသုကာ လက်ရာများ ဖြစ်သော ၉၅% သော ကမ္ဘောဒီးယား၏ ဗုဒ္ဓဘာသာ ပုထိုးများမှာ လုံးဝ ပျက်စီးခဲ့ရသည်။[၇၂]
၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ခမာနီတို့၏ နယ်စပ်ကျူးကျော်တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့် အနေနှင့် ဗီယက်နမ်တပ်များက ကမ္ဘောဒီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။[၇၃] ၁၉၅၁ ခုနှစ်တွင် ဗီယက်နမ်တို့ တည်ထောင်ခဲ့သော ကမ်ပူးချား ပြည်သူ့တော်လှန်ရေးပါတီအား ပိုပေါ့နှင့် တာမော့တို့၏ သုတ်သင်မှုမှ လွတ်မြောက်ရန် ကမ္ဘောဒီးယားမှ ထွက်ပြေးခဲ့သည့် ခမာနီအုပ်စုမှ ဦးဆောင်၍ ဆိုဗီယက်ဘက် ယိမ်းသော ကမ်ပူးချား ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။[၇၄] ၎င်းတို့သည် ကျူးကျော်သိမ်းပိုက်ထားသော ဗီယက်နမ်စစ်တပ်၏ ကျေးဇူးခံ ကျေးဇူးစား ဖြစ်ပြီး ဖနွမ်ပင် ဗီယက်နမ် သံအမတ်၏ လမ်းညွှန်မှု အောက်တွင် ရှိသည်။ ၎င်းတို့၏ လက်နက်များကို ဗီယက်နမ် နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ ထောက်ပံ့သည်။[၇၅]
အသစ်တည်ထောင်လိုက်သော နိုင်ငံကို ဆန့်ကျင်သည့် အနေနှင့် ပြည်ပသို့ ထွက်ပြေးနေရသော အစိုးရ၏ အစု ၃ စုမှ ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရကို ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၇၅] ၎င်းတို့တွင် ခမာနီများ၊ သီဟာနု၏ ဘုရင် သစ္စာခံ အစုအဖွဲ့နှင့် ခမာပြည်သူ့ အမျိုးသားလွတ်မြောက်ရေးတပ်ဦး တို့ ပါဝင်သည်။ ၎င်းတို့အား ကုလသမဂ္ဂမှ အသိအမှတ် ပြုခဲ့သည်။ ခမာနီတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်သော ချွန်း ပရာဆစ်အား ဆက်လက်ထားရှိခဲ့သော်လည်း သူသည် ကွန်မြူနစ် မဟုတ်သော ကမ္ဘောဒီးယား ပါတီများ၏ ကိုယ်စားလှယ်များ နှင့် တိုင်ပင် ဆောင်ရွက်ရသည်။[၇၆][၇၇] ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားမှ ဆုတ်ခွာရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန် နှင့် မဟာမိတ်တို့မှ စီးပွားရေး ပိတ်ဆို့ အရေးယူ ခဲ့သည်။[၇၈]
၁၉၈၉ ခုနှစ်တွင် ပဲရစ်၌ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ ကမ္ဘောဒီးယားနိုင်ငံအဖြစ် စတင်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၉၁ အောက်တိုဘာတွင် ပဲရစ် ငြိမ်းချမ်းရေး လုံးဝဥဿုံ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။ ကုလသမဂ္ဂအား အပစ်အခပ်ရပ်စဲရေး၊ ဒုက္ခသည် ကိစ္စ ဆောင်ရွက်ရေး နှင့် လက်နက်ဖြုတ်သိမ်းရေး အတွက် ကုလသမဂ္ဂ ကမ္ဘောဒီးယား အပြောင်းအလဲ အာဏာပိုင် အဖြစ် လုပ်ကိုင်ရန် အခွင့်အာဏာ ပေးအပ်ခဲ့သည်။[၇၉]
၁၉၉၃ ခုနှစ်တွင် နိုရိုဒွန် သီဟာနုအား ကမ္ဘောဒီးယား၏ ဘုရင် အဖြစ် ပြန်လည် နန်းတင်ခဲ့သည်။ သို့သော်လည်း ယူအင်န်တီအေစီမှ ကြီးမှူးကျင်းပသော ရွေးကောက်ပွဲများမှ ဖွဲ့စည်းထားသော အစိုးရထံတွင် အာဏာ အပြည့်အဝ ရှိသည်။ ၁၉၉၇ ဒု-ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်သော အစိုးရ အတွင်းရှိ ကွန်မြူနစ်မဟုတ်သော ပါတီများထံမှ အာဏာသိမ်းမှု ပဋိပက္ခပြီးနောက်တွင် နိုင်ငံရေး တည်ငြိမ်လာခဲ့သည်။[၈၀]အစိုးရအား ဟွန်ဆန်၏ လက်အောက်တွင် တည်ငြိမ်အောင် ဆောင်ရွက်လာနိုင်ပြီးနောက် ၁၉၉၉ ဧပြီလ ၃၀ တွင် အာဆီယံသို့ ဝင်ခွင့်ပြုခဲ့သည်။[၈၁][၈၂]လတ်တလော နှစ်များတွင် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် တိုးတက်မှု ရှိလာခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်အောက်တွင် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံရေး တည်ငြိမ်မှု အချို့ ရလာခဲ့သည်။[၉] ဟွန်ဆန်၏ အုပ်ချုပ်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ခြစားမှုများ ရှိသော်လည်း[၈၃] ၂၀၀၀ ခုနှစ်များကို ဖြတ်သန်းလာခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသားများမှာ အစိုးရကို လက်ခံကြသည်။ ၂၀၀၈ ခုနှစ် ကမ္ဘောဒီးယား ကျေးရွာသားများနှင့် အင်တာဗျူးများတွင် ၎င်းတို့မှ ပုံမှန်အတိုင်းရှိနေခြင်းကို ဖြစ်နိုင်ခြေရှိသော အကြမ်းစား ပြောင်းလဲမှုထက် ပိုကြိုက်သည်ဟု ထုတ်ဖော်ပြောခဲ့ကြသည်။[၈၄]
၂၀၁၀ ဇူလိုင်လတွင် ကန်ကက်လူး သည် အက်စ်၂၁ သုတ်သင်ရေးစခန်း၏ ယခင်တာဝန်ခံ အဖြစ် စစ်ရာဇဝတ်မှုများနှင့် လူ့ကျင့်ဝတ် ချိုးဖောက်သော ရာဇဝတ်မှုများအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း ခံရသော ပထမဆုံး ခမာနီ ဖြစ်ပြီး ထောင်တစ်သက် အပြစ်ပေးခြင်း ခံရသည်။[၈၅][၈၆] သို့သော်လည်း ဟွန်ဆန်သည် ယခင်ခမာနီတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် တရားစွဲဆိုမှုများ ကျယ်ပြန့်စွာ ပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့သည်။[၈၇]
၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံရှိသော စစ်ရာဇဝတ် တရားရုံးဖြစ်သည့် ကမ္ဘောဒီးယားတရားရုံး၏ အထူးခုံရုံး (ခမာနီ တရားရုံးဟုလည်း သိကြသည်။)မှ ခမာနီအစိုးရ၏ အသက်၈၃ နှစ်ရှိပြီ ဖြစ်သော ယခင် နိုင်ငံတော်အကြီးအကဲ ခူးဆမ်ဖန် နှင့် ၈၈ နှစ်ရှိပြီဖြစ်သော ဝါဒရေးရာချုပ် နွမ်ချာ တို့အား ၁၉၇၀ ခုနှစ်များအတွင်း နိုင်ငံ၏ အကြမ်းဖက်ခေတ်အတွင်း စစ်ရာဇဝတ်မှုများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုအတွက် ထောင်တစ်သက် အပြစ်ပေးခဲ့သည်။ ယခင် နိုင်ငံခြားရေးဝန်ကြီး အီရန် ဆာရီမှာ ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သူ၏ ဇနီးဖြစ်သော လူမှုရေးဝန်ကြီး အီရန် သီရစ်မှာ ၂၀၁၂ ခုနှစ်တွင် သတိမေ့လျော့သည့် ရောဂါဖြစ်ပွားနေသဖြင့် တရားရင်ဆိုင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ခဲ့သည်။
ဂျွန် ဒီ စီအိုစီရာရီ၏ အဆိုအရ "၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားတွင် ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်မှ သူ၏ အာဏာထိန်းချုပ်မှုကို ပိုမိုတိုးမြှင့်လာခဲ့သည်။ စီးပွားရေး တိုးတက်မှုမှာ ဆက်လက်တိုးတက်နေသော်လည်း အိမ်ခြံမြေ ပူပေါင်းပေါက်ကွဲမှု၊ အကြွေးဝန်ပိမှုနှင့် လူမှုရေး မညီမျှမှုများ အတွက် စိုးရိမ်စရာ မြင့်တက်လာခဲ့သည်။ ပြင်ပဆက်ဆံရေး အနေဖြင့် ကမ္ဘောဒီးယားသည် တရုတ်အပေါ် မှီခိုမှု ပိုမို နက်ရှိုင်းလာခဲ့သဖြင့် ဟွန်ဆန်အစိုးရအား အချို့နေရာများအတွက် အကာအကွယ်ရသော်လည်း အားနည်းချက် အသစ်များ ပေါ်ပေါက်လာခဲ့သည်။" ဟု ဆိုသည်။[၈၈]
ကမ္ဘောဒီးယားနိုင်ငံသည် ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်း ကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်) မျှရှိပြီး အပူပိုင်းဒေသအတွင်း လုံးဝ ကျရောက်ကာ မြောက်လတ္တီကျု ၁၀° မှ ၁၅° ကြား၊ အရှေ့လောင်ဂျီကျု ၁၀၂° မှ ၁၀၈° ကြားတွင် တည်ရှိသည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် ဗီယက်နမ် နိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။၄၄၃-ကီလိုမီတာ (၂၇၅-မိုင်) ထိုင်းပင်လယ်ကွေ့ တလျှောက်တွင် ၄၄၃-ကီလိုမီတာ (၂၇၅-မိုင်) ရှည်လျားသော ကမ်းရိုးတန်း ရှိသည်။[၈][၈၉]
ကမ္ဘောဒီးယားနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် မြေနိမ့်ဒေသတွင် တည်ရှိသော အလယ်ပိုင်းလွင်ပြင်များအား ကုန်းမြင့်များနှင့် တောင်ကုန်းနိမ့်များက ဝန်းရံထားကာ တုန်နယ်ဆပ် ခေါ် ရေကန်ကြီးများ ဒေသနှင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ အထက်ပိုင်းတို့ ပါဝင်သည်။ ထိုအလယ်ပိုင်းဒေသမှ ဖြန့်ထွက်သွားသည့် အခါတွင် အသွင်ပြောင်းသွားသည့် လွင်ပြင်များ၊ ပါးလျသော သစ်တောများနှင့် ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၀ ပေ (၂၀၀ မီတာ) ခန့် မြင့်တက်သွားသော ဒေသများ ဖြစ်သွားသည်။
မြောက်ဘက်သို့ လားသည့်အခါတွင် ကမ္ဘောဒီးယား၏ လွင်ပြင်သည် တိုက်စားခံရသည့် သဲကျောက်တောင်များဖြင့် ဝန်းရံထားကာ ၎င်းတို့မှ အနောက်မှ အရှေ့သို့ ၂၀၀ မိုင် (၃၂၀ ကီလိုမီတာ) မျှ ရှည်လျားသော တောင်ဘက်သို့ မျက်နှာမူနေသည့် တောင်စောင်းများ ဖြစ်ပေါ်နေကာ လွင်ပြင်အထက် ပေ ၆၀၀ မှ ၁၈၀၀ (မီတာ ၁၈၀ မှ ၅၅၀) အထိ ရုတ်တရက် မြင့်တက်နေသည်။ ထိုတောင်စောင်းများသည် ဒန်းဂရက်တောင်များ၏ တောင်ဘက် နယ်နိမိတ် အဖြစ် တည်ရှိသည်။
မဲခေါင်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့ပိုင်းဒေသများကို ဖြတ်၍ တောင်ဘက်သို့ စီးဆင်းလျက် ရှိသည်။ မဲခေါင်မြစ်၏ အရှေ့ပိုင်း အသွင်ပြောင်းလွင်ပြင်များသည် အရှေ့ပိုင်းကုန်းမြင့်များ၊ သစ်တောထူထပ်သော တောင်ကုန်းများနှင့် လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအထိ ဆန့်ထွက်နေသော ကုန်းမြေမြင့်များနှင့် ပေါင်းစပ်သွားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ထင်ရှားသော ကုန်းမြင့်ဒေသ နှစ်ခု ရှိပြီး ၎င်းတို့မှာ ကရာဗန်တောင်တန်း နှင့် ဒမ်မရေးတောင်တန်းတို့ ဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ကာ တုန်နယ်ဆပ် နှင့် ထိုင်းပင်လယ်ကွေ့တို့ကြားရှိ မြေဧရိယာ အတော်များများတွင် နေရာယူထားသော ကုန်းမြင့်ဒေသ အဖြစ် တည်ရှိသည်။
ဤသို့ ဝေးလံခေါင်ဖျားပြီး လူသူမနေထိုင်သော ဒေသတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖနွမ်အော်ရယ် သည် အမြင့် ၅,၉၄၉ ပေ (၁,၈၁၃ မီတာ) ဖြင့် တည်ရှိသည်။ [၉၀] တောင်ပိုင်း ကမ်းရိုးတန်းဒေသသည် ထိုင်းပင်လယ်ကွေ့နှင့် ကျဉ်းမြောင်းသော ကမ်းမြောင်ဖြင့် ဆက်စပ်နေကာ ထိုဒေသသည် သစ်ပင်ထူထပ်စွာ ပေါက်ရောက်ပြီး လူနေထိုင်မှု ကျဲပါးကာ အလယ်ပိုင်းလွင်ပြင်နှင့် အနောက်တောင် ကုန်းမြေမြင့်မှ ပိုင်းခြားထားသည်။
အထင်ရှားဆုံးသော ပထဝီသွင်ပြင်မှာ တုန်နယ်ဆပ်၏ ရေလွှမ်းမိုးမှု ဖြစ်ပြီး ခြောက်သွေ့သော ရာသီဥတုတွင် ၂,၅၉၀ စတုရန်း ကီလိုမီတာ (၁,၀၀၀ စတုရန်းမိုင်) မျှ ရှိပြီး မိုးရာသီတွင် ၂၄,၆၀၅ စတုရန်း ကီလိုမီတာ (၉,၅၀၀ စတုရန်းမိုင်) အထိ ရှိသည်။ ထိုသို့ လူနေထူထပ်သော လွင်ပြင်မှာ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး ကမ္ဘောဒီယားနိုင်ငံ၏ နှလုံးသည်းပွတ် ဒေသ ဖြစ်သည်။ [၉၁] ထိုဒေသ၏ အစိတ်အပိုင်း အတော်များများကို ဇီဝထိန်းသိမ်းရေးရပ်ဝန်း အဖြစ် သတ်မှတ်ထားသည်။[၉၁]
ကမ္ဘောဒီးယားနိုင်ငံ၏ ရာသီဥတုသည် အခြား အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် မုတ်သုံလေ လွှမ်းမိုးသော ရာသီဥတုဖြစ်ပြီး အပူပိုင်း စိုစွတ်ခြင်း နှင့် ခြောက်သွေ့ခြင်း အဖြစ် သိရှိကြကာ ရာသီဥတု ကွဲပြားခြင်းမှာ ထင်ရှားစွာ သိသာနေသောကြောင့် ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အပူအချိန်မှာ ၂၁ မှ ၃၅ ဒီဂရီ စင်တီဂရိတ် (၇၀ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက်) အထိရှိပြီး အပူပိုင်းမုတ်သုံလေကို ခံစားရသည်။ အနောက်တောင်မုတ်သုံလေသည် ရေငွေ့များဖြင့် ပြည့်နှက်နေသော လေများကို ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာတို့မှ မေလ မှ အောက်တိုဘာလ အတွင်း သယ်ဆောင်လာသည်။ အရှေ့မြောက် မုတ်သုံလေသည် နိုဝင်ဘာမှ ဧပြီလအထိ ဖြစ်သော ခြောက်သွေ့သော ရာသီဥတုတွင် တိုက်ခတ်သည်။ နိုင်ငံအတွင်း မိုးအများဆုံးကာလမှ စက်တင်ဘာလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အခြောက်သွေ့ဆုံးကာလမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန နှင့် ကုလသမဂ္ဂတို့၏ အဆိုအရ ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နိုင်ငံနှင့် အတူ အရှေ့တောင်အာရှတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် အထိခိုက်နိုင်ဆုံဂ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[၉၂][၉၃] ကမ္ဘောဒီးယားရှိ ပြည်နယ်အားလုံးလိုလိုသည် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ခံစားကြရသည်။[၉၄] အထူးသဖြင့် ကမ်းရိုးတန်းရှိ ကျေးလက်နေ လူဦးရေမှာ အန္တရာယ်အများဆုံး ဖြစ်သည်။ ကမ္ဘောဒီးယားရာသီဥတုပြောင်းလဲခြင်း မဟာမိတ်အဖွဲ့၏ အဆိုအရ သန့်ရှင်းသောရေ ရနိုင်မှု နည်းပါးခြင်း၊ အလွန်အမင်း ရေကြီးခြင်း၊ ရွှံ့နွံမြေပြိုခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း နှင့် ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းများမှာ အထူးသတိထား စိုးရိမ်ရသည့် ကိစ္စရပ်များ ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် တုန်နယ်ဆပ် ရေကန်ဒေသ၏ ရေအတက်အကျ၊ ဂေဟစနစ်နှင့် ကုန်ထုတ်နိုင်စွမ်းအားကို လတ်တလောနှစ်များတွင် အဓိကအားဖြင့် သက်ရောက်မှု ရှိခဲ့သဖြင့် ကမ္ဘောဒီးယား လူဦးရေ အများစု၏ စားရေရိက္ခာလုံလောက်စွာ ရရှိနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးတို့ကို ထိခိုက်စေခဲ့သည်။[၉၅][၉၆]
ကမ္ဘောဒီးယားတွင် အဓိကအားဖြင့် ရာသီဥတု နှစ်ခု ရှိသည်။ မိုးရာသီသည် မေလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အပူချိန်သည် ၂၂ ဒီဂရီ စင်တီဂရိတ် (၇၂ ဒီဂရီ ဖာရင်ဟိုက်) အထိကျဆင်းလေ့ ရှိပြီး ၎င်းနှင့်အတူ လေထဲတွင် ရေငွေ့ပါဝင်မှုလည်း အလွန်များပြားလေ့ရှိသည်။ ခြောက်သွေ့သော ရာသီဥတုသည် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး အပူချိန်သည် ဧပြီလဝန်းကျင်တွင် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်လေ့ ရှိသည်။ ကပ်ဘေးဆိုက်သော ရေကြီးမှုမှာ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ကာ နှစ်စဉ်နှစ်တိုင်း အတိုင်းအတာ တစ်ခု အထိ ရေကြီးလေ့ ရှိသည်။[၉၇] အကြီးအကျယ်ရေလွှမ်းမိုးခြင်းသည် ၂၀၂၀ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ရာသီအတွင်းတွင် ကမ္ဘောဒီးယားရှိ ပြည်နယ် ၁၇ ခုကို ထိခိုက်စေခဲ့သည်။[၉၈]
ကမ္ဘောဒီးယားနိုင်ငံ၏ ဇီဝမျိုးကွဲများသည် အပူပိုင်း ရွက်ကြွေတောများတွင်တွေ့ရပြီး မှတ်တမ်းရှိသော သစ်ပင်မျိုးစိတ်ပေါင်း ၁၈၀ နှင့် ရိုင်ပေးရီးယန်း ဂေဟစနစ်တို့ ရှိကြသည်။ နို့တိုက်သတ္တဝါမျိုးစိတ် ၂၁၂ မျိုး၊ ငှက်မျိုးစိတ် ၅၃၆ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၄၀ မျိုး၊ ရေချိုငါးမျိုးစိတ် ၈၅၀မျိုး (တုန်နယ်ဆပ် ရေကန်ဒေသ) နှင့် ပင်လယ်ငါးမျိုးစိတ် ၄၃၅မျိုးတို့ အား သိပ္ပံနည်းကျ မှတ်တမ်းတင်ထားသည်။ ဇီဝမျိုးကွဲအများစုသည် တုန်နယ်ဆပ် ရေကန်ဒေသနှင့် ပတ်ဝန်းကျင် ဇီဝရပ်ဝန်းဒေသတို့တွင် တွေ့ရသည်။[၉၉]
တုန်နယ်ဆပ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေမှာ တုန်နယ်ဆပ်ရေကန်များ၏ ပတ်ဝန်းကျင်တွင် ဖြစ်သည်။ ၎င်းတို့တွင် ရေကန်များနှင့် ပြည်နယ် ကိုးခုဖြစ်သော ကမ်ပုံးသွန်၊ ဆီရမ်ယိ၊ ဘာတန်ဘန်၊ ပါဆတ်၊ ကမ်ပုံးချနန်၊ ဘန်တေး မီချေး၊ ပိုင်လင်း၊ အော့ဒါ မီချေး နှင့် ပရီရာ ဗီဟီးယား ပြည်နယ်တို့ ပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေ အဖြစ် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။ [၁၀၀] အခြား တိရစ္ဆာန်တို့ ကျက်စားရာ နေရာများမှာ မွန်ဒိုကီရီပြည်နယ်ရှိ အမြဲစိမ်း နှင့် ခြောက်သွေ့ အင်ကညင်သစ်တောများ အတွင်းရှိ ကီရို ဆေးမား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၊ ဖနွမ်ပရစ်ချ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဆရီပေါ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ တို့ ဖြစ်ကြပြီး ရာတာနာကီရီ ပြည်နယ်နှင့် ပရီရာ မိုနီဗွန် အမျိုးသားဥယျာဉ်၊ ဘိုတမ်-စာကော အမျိုးသားဥယျာဉ်၊ ဖနွမ် အော်ရယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဖနွမ်ဆမ်ကော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ တို့ ပါဝင်သော ကာဒါမွန်တောင်ကုန်း ဂေဟစနစ်တို့ ဖြစ်ကြသည်။
တကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေ အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံတွင် ထင်ရှားသောကုန်းမြေ ဇီဝဒေသ ၆ ခုကို သတ်မှတ်ထားပြီး ၎င်းတို့မှာ ကာဒါမွန် တောင်ကုန်း မိုးသစ်တော၊ အင်ဒိုချိုင်းနားအလယ်ပိုင်း ခြောက်သွေ့တော၊ အရှေ့တောင် အင်ဒိုချိုင်းနား ခြောက်သွေ့အမြဲစိမ်းတော၊ တောင်ပိုင်း အင်နာမိုက်တောင်တန်း အပူပိုင်းသစ်တော၊ တုန်နယ်ဆပ် ရေချို ဒီရေတော နှင့် တုန်နယ်ဆပ်-မဲခေါင် သစ်ဆွေး ဒီရေတော တို့ ဖြစ်ကြသည်။[၁၀၁]
၂၀၁၆ ခုနှစ် သဘာဝပတ်ဝန်းကျင်လုပ်ဆောင်ချက်ဆိုင်ရာ ညွှန်းကိန်း (EPI) တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၆ ရှိသဖြင့် ဆိုးရွားသော်လည်း တိုးတက်လာနေသော လုပ်ဆောင်မှု ရှိသည်။ အရှေ့တောင်အာရှဒေသတွင် အဆိုးဆုံးများထဲတွင် ပါဝင်ပြီး လာအို နှင့် မြန်မာနိုင်ငံထက်သာ သာလွန်သည်။ အီးပီအိုင်အား ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ခုချင်းစီ အနေနှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ညွှန်းကိန်းများအား အကောင်အထည်ဖော်ရာတွင် မည်မျှကောင်းမွန်သည်ကို တိုင်းတာသည့် တကမ္ဘာလုံးဆိုင်ရာ ညွှန်ပြချက် ဖြစ်သည်။
အီးပီအိုင်တွင် ကမ္ဘောဒီးယားအနေနှင့် အဆိုးရွားဆုံး လုပ်ဆောင်ချက် ရှိသည့် နယ်ပယ်များမှာ လေထုအရည်အသွေး (၁၄၈)၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု (၁၄၀) နှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများပေါ်တွင် မူတည်သည့် ကျန်းမာရေး သက်ရောက်မှု (၁၃၇) တို့ ဖြစ်ပြီး ရေဆိုးနှင့်မိလ္လာကိစ္စရပ်များ၊ ငါးဖမ်းလုပ်ငန်းကြောင့် ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော စီမံခန့်ခွဲမှုတို့မှာ နောက်မှ နီးကပ်စွာ လိုက်လာကြသည်။ ကမ္ဘောဒီးယားတွင် လွန်စွာကျယ်ပြန့်သော ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဒေသများ ကုန်းပေါ်နှင့် ရေထဲတွင် ရှိပြီး ကုန်းပေါ်တွင် ရှိသော ထိန်းသိမ်းရေးဒေသမှာ နိုင်ငံ၏ ၂၀% ခန့် ရှိသည်။ ထို့အတွက်ကြောင့် ကမ္ဘောဒီးယားအား ဇီဝမျိုးကွဲများနှင့် တိရစ္ဆာန်တို့ ကျက်စားရာမြေနှင့် ပတ်သက်၍ ပျမ်းမျှထက်သာလွန်သော အဆင့် ၆၁ ရရှိခဲ့သော်လည်း သစ်တောပြုန်းတီးမှု၊ တရားမဝင် သစ်ခုတ်မှု၊ ဆောက်လုပ်ရေး နှင့် တောရိုင်း တိရစ္ဆာန် သတ်ဖြတ်ခြင်းတို့ကြောင့် ထို ထိန်းသိမ်းရေးဒေသများနှင့် သားကောင်များ ကျက်စားရာမြေတို့မှာ အလွန်အမင်း ပြုန်းတီးလျက် ရှိပြီး အစိုးရအနေနှင့် စီးပွားရေး လုပ်ဆောင်သည့် နေရာများနှင့် စိုက်ခင်းများကို ထိန်းသိမ်းရေးဒေသများတွင် နေရာချထားမှုကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။[၁၀၂][၁၀၃][၁၀၄]
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုအများဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သည်။[၁၀၄] ၁၉၆၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကသစ်တောမှာ ၇၀% ကျော် ဖုံးလွှမ်းနေပြီး ၂၀၀၇ ခုနှစ်တွင် ၃.၁% သာ ကျန်ရှိနေသည်။ စုစုပေါင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ၂၅,၀၀၀ km2 (၉,၇၀၀ sq mi) မျှ ရှိသော သစ်တောဧရိယာ ဆုံးရှုံးခဲ့ပြီး ၎င်းတို့ထဲတွင် ၃,၃၄၀ km2 (၁,၂၉၀ sq mi) မှာ ပင်မသစ်တော ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ အဓိကသစ်တောမှာ ၃,၂၂၀ km2 (၁,၂၄၃ sq mi) အောက်သာ ကျန်ရှိတော့ပြီး ကမ္ဘောဒီးယား၏ အနာဂတ်အတွက် သစ်တောထိန်းသိမ်းရေး ဒေသများအား ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေမှာ အလွန်အမင်း ခြိမ်းခြောက်ခံနေရသည်။[၁၀၅][၁၀၆]
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁.၃ % ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွင် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများလည်း အများအပြားပါဝင်ပြီး မျိုးသုဉ်းရန်စိုးရိမ်ရသော တိရစ္ဆာန်နှင့် ဒေသရင်းနေ တိရစ္ဆာန် မျိုးစိတ် အများအပြားမှာ စားကျက်မြေ နည်းပါးလာခြင်းကြောင့် မျိုးသုဉ်းရမည့် အခြေအနေဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘောဒီးယားရှိ သစ်တောပြုန်းတီးရခြင်းအတွက် အကြောင်းအရင်း များစွာ ရှိပြီး ၎င်းတို့ထဲတွင် တရားမဝင် သစ်ခုတ်ခြင်း မှစ၍ ဆောက်လုပ်ရေးစီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်အတွက် ကြီးမားစွာ ရှင်းလင်းမှုများကြောင့် ဖြစ်သည်။ တကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သော မြေရှင်းလင်းခြင်းမှာ ကမ္ဘောဒီးယားတွင် နေရာအနှံ့အပြား ဖြစ်ပွားလျက် ရှိသည်။ သစ်တောပြုန်းတီးရခြင်းတွင် ဒေသခံပြည်သူများ၊ ကမ္ဘောဒီးယားရှိ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအာဏာပိုင်များ အပြင် တကမ္ဘာလုံးမှ နိုင်ငံတကာ ကော်ပိုရေးရှင်းများလည်း ပါဝင်ပတ်သက်နေသည်။[၁၀၇][၁၀၈]
မဟာမဲခေါင်ဒေသတွင် အထူးသဖြင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တည်ဆောက်မှုလုပ်ငန်းများကြောင့် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အစားအသောက် ရရှိမှုကို အန္တရာယ် အစစ်အမှန် အဖြစ် ခြိမ်းခြောက်လျက် ရှိသည်။ မြစ်အထက်ပိုင်းမှ ဆည်များ တည်ဆောက်မှုကြောင့် ကမ္ဘောဒီးယား၏ အဓိက ပရိုတိန်းအတွက် ပံ့ပိုးပေးနေသော ငါးများကို အန္တရာယ် ဖြစ်စေပြီး ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေးအတွက် လိုအပ်သော မဲခေါင်မြစ်မှ နုန်းမြေကိုလည်း လျော့ကျစေသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော ရေချိုကန်ဖြစ်သည့် တုန်နယ်ဆပ်မှ ကြွယ်ဝသော ငါးမျိုးစုံတို့သည် ချို့တဲ့သော နိုင်ငံ၏ ပရိုတိန်းကို အများစု ပံ့ပိုးပေးသည်။ ထိုကန်များသည် ပုံမှန် မဟုတ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ပျောက်ကွယ်သွားပြီး မိုးရွာ၍ မဲခေါင်မြစ်မှ ရေစီးသည့်အခါတွင် ကျယ်ပြန့်စွာ ချဲ့ကားသွားခဲ့သည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါမောက္ခဖြစ်သော ဂေါ်ဒွန် ဟို့ဂရိ မှ "ဒီငါးတွေဟာ သူတို့အသက်ရှင်သန်ရေးအတွက် အရမ်းအရေးကြီးတယ်။ စီးပွားရေးဘက်ကပဲ ကြည့်ကြည့်။ အာဟာရဘက်ကပဲ ကြည့်ကြည့်။" ဟု ပြောပြီး မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သော သို့မဟုတ် တည်ဆောက်နေသည့် မည်သည့်ဆည်မဆို ငါးများအတွက် ကောင်းသောအလားအလာ မဟုတ် ဟု သူက ဆိုခဲ့သည်။[၁၀၉]
၂၀၁၀ ခုနှစ်များတွင် ကမ္ဘောဒီးယားအစိုးရ နှင့် ပညာရေးစနစ်တို့သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များတွင် ပါဝင်ပတ်သက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ခဲ့သည်။[၁၁၀][၁၁၁][၁၁၂] ကမ္ဘောဒီးယား၏ နိုင်ငံတော် သဘာဝပတ်ဝန်းကျင် မဟာဗျူဟာနှင့် လုပ်ဆောင်ချက် အစီအစဉ် အသစ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၃ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ထိုအစီအစဉ်တွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်နိုင်ခြင်း အတွက် အိုင်ဒီယာအသစ်များ ပါဝင်သည်။[၁၁၃]
ဗီယက်နမ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြေမြှုပ်မိုင်းများနှင့် ဓာတုလက်နက်များ အပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကို ကူညီရှင်းလင်းရန်အတွက် ရန်ပုံငွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုမှ ဖြတ်တောက်ခဲ့သည်။[၁၁၄]
ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးသည် ၁၉၉၃ ခုနှစ် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း သက်ဝင်လှုပ်ရှားနေသည်။ အစိုးရမှာ စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ပြီး ပါလီမန် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်မာနက်မှ ၂၀၂၃ခုနှစ်တွင် တာဝန်ယူခဲ့သည်။ ၎င်း၏ဖခင်ဖြစ်သူ ဟွန်ဆန်မှာ သက်တော်ရှည်ဝန်ကြီးချုပ်ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ကာ လက်ရှိဘုရင်မှာ နိုရိုဒွန် သီဟာမိုနီ ဖြစ်သည်။ သမ္မတအား ဘုရင်မှ ခန့်အပ်ပြီး အမျိုးသား လွှတ်တော်၏ အကြံပေးမှု နှင့် ထောက်ခံမှုဖြင့် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးကြသည်။
ဥပဒေပြုရေးအာဏာကို အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်မှ ဝေမျှကျင့်သုံးကြပြီး လွှတ်တော်နှစ်ရပ်တွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော် နှင့် အထက်လွှတ်တော်ဖြစ်သော ဆီးနိတ်လွှတ်တော်တို့ ပါဝင်သည်။ ကိုယ်စားလှယ် ၁၂၃ ဦး ပါဝင်သော လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ် ဖြင့် ရွေးချယ်ကြပြီး အများဆုံး သက်တမ်းမှာ ၅ နှစ် ဖြ်စသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ် ၆၁ ဦး ပါဝင်ပြီး ၂ ဦးကို ဘုရင်မှ ခန့်အပ်ကာ ၂ ဦးကို အမျိုးသား လွှတ်တော်မှ ခန့်အပ်ပြီး ကျန်ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားရှိ ပြည်နယ် ၂၄ခုရှိ မြို့နယ် ကောင်ဆယ်လာများမှ ရွေးချယ်ကြသည်။ ဆီးနိတ်လွှတ်တော်အမတ်၏ သက်တမ်းမှာ ၆ နှစ် ဖြစ်သည်။[၁၁၅]
၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၄ တွင် နိုရိုဒွန် သီဟာမိုနီအား အထူးအဖွဲ့ဝင် ၉ ဦး ပါဝင်သော တော်ဝင်နန်းအပ်ကောင်စီမှ ရွေးချယ်ခဲ့ပြီး တစ်ပတ်အကြာက ဘုရင် နိုရိုဒွန် သီဟာနု နန်းစွန့်ခဲ့ပြီးနောက် အလျှင်အမြန် ချမှတ်ခဲ့သော ရွေးချယ်ရေး အစီအစဉ်များဖြင့် ဖြစ်သည်။ သီဟာမိုနီအား ရွေးချယ်ခြင်းကို ဝန်ကြီးချုပ် ဟွန်ဆန် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မင်းသား နိုရိုဒွန် ရာနာရစ်ဒ် (ဘုရင်၏ အဖေတူ အမေကွဲ ညီ နှင့် လက်ရှိ အကြံပေးချုပ်) တို့က ထောက်ခံခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးမှာ နန်းအပ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘုရင်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉တွင် နန်းတင်ခဲ့သည်။
တရားဝင်အားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖြစ်သော်လည်း အမှန်တကယ်တွင် "နိုင်ငံမှာ တစ်ပါတီ စနစ်ဖြစ်ပြီး ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ခမာနီ အစိုးရမှ ပြောင်းလဲလာပြီး ၁၉၈၅ ခုနှစ်ကတည်းက အာဏာရခဲ့သော ဟွန်ဆန် တို့မှ သာ ကြီးစိုးလျက် ရှိသည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် တံခါးဖွင့်ပေးခဲ့သော ရင်းနှီးမြှုပ်နှံမှုအသစ်များမှာ သူနှင့် သူ၏ မိန်းမ ဘန်းရာနီ တို့၏ နောက်လိုက်ခရိုနီများ အတွက်သာ အကျိုးအမြတ် ရှိသည်။" ဟု ဆိုသည်။[၁၁၆]လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ ကမ္ဘောဒီးယား အစိုးရအား "အာဏာရှင် ညွန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဖော်ပြခဲ့သည်။[၁၉]
ဝန်ကြီးချုပ် ဟွန်ဆန်သည် ၇၄ နှစ်အထိ အုပ်ချုပ်မည်ဟု ကြွေးကြော်ထားသည်။ [၁၁၇][၁၁၈] သူသည် ဘက်ပြောင်းလာသော ခမာနီ အဖွဲ့ဝင်ဖြစ်သည်။ သူ၏ အစိုးရအား လူ့အခွင့်အရေးကို လျစ်လျူရှုပြီးနှင့် နိုင်ငံရေးအရ မကျေနပ်မှု ထုတ်ဖော်ခြင်းအား ဖိနှိပ်သည် ဟု အမြဲတစေ စွပ်စွဲခံရသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲရလဒ်အား ဟွန်ဆန်၏ အတိုက်အခံတို့နှင့် အငြင်းအခုံ ဖြစ်ခဲ့ပြီး မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။ ဆန္ဒပြသူများသည် ထိခိုက်ဒဏ်ရာ ရရှိ၍ သေဆုံးစေခဲ့ပြီး ထိုစဉ်က ဆန္ဒပြသူ ၂၀,၀၀၀ စုရုံးခဲ့ပြီး အချို့မှာ အဓိကရုဏ်းရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ [၁၁၉]သာမန် လယ်သမားဘဝမှ လာခဲ့သော ဟွန်ဆန်သည် ၁၉၈၅ ခုနှစ် အာဏာရရှိချိန်တွင် အသက် ၃၃ နှစ်သာ ရှိပြီး သူ့အား အချို့မှ နှစ်ရှည်ကြာ အုပ်ချုပ်သူ အာဏာရှင်ဟု ယူဆကြသည်။[၁၂၀]
၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံရေးအရ ဆန့်ကျင်မှုများနှင့် သတင်းစာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သဖြင့် ကမ္ဘောဒီးယားအား တစ်ပါတီနိုင်ငံအဖြစ် ဖော်ပြခဲ့ကြသည်။[၁၂၁][၁၂၂][၁၂၃]
ကမ္ဘောဒီးယားပြည်သူ့ပါတီသည် ကမ္ဘောဒီးယားတွင် တစ်ခုတည်းသော လက်ဝါးကြီးအုပ်ပါတီဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ စီပီပီသည် ပါလီမန်တွင် ကိုယ်စားလှယ်နေရာ ၄ ခုမှလွဲ၍ ကျန်သော နေရာများကို ရယူထားကာ အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ အားလုံးသော ၁၂၅ ခု နှင့် ဆီးနိတ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ ၆၂ ခုမှ ၅၈ခုကို ရယူထားသည်။
ဟွန်ဆန်နှင့် သူ၏ အစိုးရသည် အငြင်းပွားမှုများစွာ ရှိသော အစိုးရ ဖြစ်သည်။ ဟွန်ဆန်သည် ယခင်က ခမာနီတို့၏ စစ်ဆင်ရေးမှူး ဖြစ်ပြီး မူလက ဗီယက်နမ်တို့ အာဏာပေးအပ်ခဲ့သူ ဖြစ်ကာ ဗီယက်နမ်တို့ နိုင်ငံမှ ထွက်ခွာသွားသည့် အခါတွင် သူသည် ကြမ်းတမ်းမှုနှင့် ဖိနှိပ်မှုတို့ကို လိုသလိုအသုံးချ၍ သူ၏ အာဏာ ကို ထိန်းချုပ်ခဲ့သည်။[၁၂၄]၁၉၉၇ ခုနှစ်တွင် သူ၏ လက်ထောက် ဝန်ကြီးချုပ်ဖြစ်သော နိုရိုဒွန် ရာနာရစ်ဒ်၏ အာဏာကြီးထွားလာမှုကို စိုးရိမ်၍ သူသည် စစ်တပ်ကို အသုံးပြု၍ အာဏာသိမ်းခဲ့ပြီး ရာနာရစ်ဒ်နှင့် ၎င်းအား ထောက်ခံသူများကို ဖယ်ရှားခဲ့သည်။ ရာနာရစ်ဒ်သည် ရာထူးပြုတ်၍ ပဲရစ်သို့ ထွက်ပြေးခဲ့ရပြီး အခြားသော ဟွန်ဆန်၏ ပြိုင်ဘက်များမှာ အဖမ်းခံရကာ ညှင်းပန်းနှိပ်စက်ခံရပြီး အချို့မှာ ကွပ်မျက်ခံခဲ့ရသည်။[၁၂၄][၁၂၅]
နိုင်ငံရေးအရ ဖိနှိပ်မှုအပြင် ကမ္ဘောဒီးယားအစိုးရသည် ရွာသားထောင်ပေါင်းများစွာကို နှင်ထုတ်ကာ မြေများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့ခြင်းကြောင့် လည်းကောင်း၊[၁၂၆] လာဘ်ငွေရယူကာ ကမ္ဘောဒီးယား၏ ရေနံနှင့် သတ္တုရင်းမြစ်များကို ခေါင်းပုံဖြတ်ရယူစေခွင့် ပြုခဲ့ခြင်းကြောင့် လည်းကောင်း [၁၂၇]အကျင့်ပျက်ခြစားသည်ဟုလည်း စွပ်စွဲခံရသည်။ ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် ခြအစားဆုံး အစိုးရအဖြစ် အမြဲတစေ စာရင်းသွင်း ဖော်ပြခြင်း ခံရသည်။[၁၂၈][၁၂၉][၁၃၀]အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ ကမ္ဘောဒီးယားမှ အသက် ၃၃ နှစ်အရွယ်ရှိ မြေယာအခွင့်အရေး လှုပ်ရှားသူ ယောင် ဘိုဖ အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အဖြစ် အသိအမှတ်ပြုထားသည်။[၁၃၁]
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၂ ရက် ဖနွမ်းပင်တွင် အငြင်းပွားနေသော ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြနေခြင်းအား သတင်းယူနေသော သတင်းသမားများအား ရဲများနှင့် အရပ်ဝတ်များက လေးဂွများ နှင့် ကျင်စက်များဖြင့် တမင်သက်သက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတကာ သတင်းထောက်ကလပ်၏ ဥက္ကဋ္ဌ ရစ်ခ် ဗယ်လန်ဇူးလားအား တိုက်ခိုက်နေခြင်းကို ဗွီဒီယို မှတ်တမ်းအဖြစ် တွေ့ရသည်။ အတိုက်အခံတို့မှ ရွေးကောက်ပွဲမသမာမှုများနှင့် ပတ်သက်၍ စိုးရိမ်သဖြင့် ပါလီမန်ဖွင့်လှစ်ခြင်းကို သပိတ်မှောက်ခဲ့ကြသဖြင့် နိုင်ငံရေးအရ တင်းမာမှု ဖြစ်ပွားပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အနည်းဆုံး သတင်းထောက် ၇ ယောက်တို့သည် ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ကမ္ဘောဒီးယား ဆန္ဒပြသူ အနည်းဆုံး ၂ ဦးမှာ လေးခွထိမှန်ခံခဲ့ရသဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသည်။[၁၃၂]
၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယား တရားလွှတ်တော်ချုပ်မှ အဓိက အတိုက်အခံ ပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (စီအင်န်အာရ်ပီ) ကို ဖျက်သိမ်းခဲ့သဖြင့် ပိုမို၍ အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကို ပြန်လည် အသက်ဝင်ရန် လမ်းခင်းပေးခဲ့သည်။[၁၃၃]
ကမ္ဘောဒီးယားရှိ အကျင့်ပျက်ခြစားမှု အဆင့်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုထက် ပို၍မြင့်သည်။ ၂၀၁၀ ခုနှစ်တွင် "ခြစားမှု တိုက်ဖျက်ရေးဥပဒေ" ကို ပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံတဝှမ်းလုံးတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသည်။ ခြစားမှုသည် တရားစီရင်ရေး၊ ရဲ နှင့် အခြားသော နိုင်ငံတော်ဆိုင်ရာ အဖွဲ့အစည်းများကို သက်ရောက်စေသည်။ အစိုးရ အရာရှိများ အနေနှင့် နီးစပ်သူကို ဦးစားပေးခြင်း နှင့် အပြစ်ရှိသူကို လျစ်လျူရှု ပေးခြင်းတို့ကို နေရာတကာ တွေ့ရသည်။ တရားစီရင်ရေး နှင့် အစိုးရ၏ အုပ်ချုပ်ရေး ဌာနတို့ကြားတွင် ရှင်းလင်းသော ကွဲပြားခြားနားမှုမရှိခြင်းကြောင့် တရားစီရင်ရေးစနစ်တွင် နိုင်ငံရေးအရ လွှမ်းမိုးမှုများစွာ ရှိသည်။[၁၃၄]
ကမ္ဘောဒီးယားပြည်သူတို့၏ နေ့စဉ်ဘဝတွင် လာဘ်စားမှုများကို ကြုံတွေ့နေရသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ရယူခြင်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း နှင့် လျှော့ပေါ့သော တရားစီရင်ချက် ရရှိစေရေး တို့အတွက် ဖြစ်သည်။ ကုမ္ပဏီများ အနေနှင့် လိုင်စင်များနှင့် ပါမစ်များ ရယူရန် အထူးသဖြင့် ဆောက်လုပ်ရေးနှင့် ပတ်သက်သော ပါမစ်များအတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှာ အမြဲတွေ့နေရသော အလေ့အထ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခြစားမှု တိုက်ဖျက်ရေး ဥပဒေတွင် သတင်းပေးသူများအား ကာကွယ်ပေးမှု မရှိပဲ သူတို့ သတင်းပေးသည့် ခြစားမှုကို သက်သေမပြနိုင်ပါက ထောင်ခြောက်လအထိ အပြစ်ပေးခြင်း ခံရနိုင်သည်။[၁၃၄]
ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ပရက် ဆိုခွန် ဦးဆောင်သော နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုင်တွယ်သည်။ ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့၏ အဖွဲ့ဝင် ဖြစ်သည်။ ထို့ပြင် အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊အာဆီယံတို့၏ အဖွဲ့ဝင်လည်း ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ သို့ ၂၀၀၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယားသည် မလေးရှားနိုင်ငံတွင် ကျင်းပသော အရှေ့အာရှထိပ်သီးညီလာခံ သို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့သည်။
ကမ္ဘောဒီးယားသည် နိုင်ငံပေါင်း များစွာနှင့် သံတမန် ဆက်ဆံရေး ရှိပြီး အစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း သံရုံး ၂၀ ရှိပြီး[၁၃၅] အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ပဲရစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အဓိက ပါဝင်လှုပ်ရှားခဲ့သော နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတြေးလျ၊ တရုတ် နှင့် ဥရောပသမဂ္ဂ၊ ဂျပန် နှင့် ရုရှားတို့လည်း ပါဝင်သည်။[၁၃၆]နိုင်ငံတကာ ဆက်ဆံရေးကြောင့် အလှူရှင်အဖွဲ့အစည်းများမှ လူမှုရေး၊စီးပွားရေး နှင့် မြို့ပြလူမှုအဆောက်အအုံများအတွက် လိုအပ်သည်များကို အကူအညီပေးခဲ့ကြသည်။
၁၉၇၀ ခုနှစ်များနှင့် ၁၉၈၀ ခုနှစ်များမှ ပြင်းထန်ကြမ်းတမ်းသော အကွဲအပြဲများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘောဒီးယားနှင့် အိမ်နီးချင်းနိုင်ငံများ အကြား နယ်စပ် အငြင်းပွားမှု အချို့ ရှိနေဆဲ ဖြစ်သည်။ ထိုအရာများမှာ ကမ်းလွန်ပင်လယ်အတွင်းရှိ ကျွန်းအချို့၊ ဗီယက်နမ် နှင့် နယ်နိမိတ်၏ အချို့အစိတ်အပိုင်းများ နှင့် သတ်မှတ်မထားသော ပင်လယ်နယ်နိမိတ် တို့ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေနှင့် နယ်နိမိတ် အငြင်းပွားမှုများ ရှိပြီး အထူးသဖြင့် ပရီးယား ဗီဟီးယား ပုထိုးနှင့် ကပ်လျက် နေရာတွင် စစ်တပ်အချင်းချင်း ပဋိပက္ခ ဖြစ်ပွားပြီး ဆက်ဆံရေး ပျက်ယွင်းခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် နယ်မြေအများစုကို ပိုင်ဆိုင်သည် ဖြစ်သော်လည်း ထိုင်းနိုင်ငံမှ နိုင်ငံတကာဥပဒေများကို မလိုက်နာပဲ ကမ္ဘောဒီးယား စစ်တပ်မှ အရင်းအမြစ် အလုံအလောက် မရှိသဖြင့် ၁၉၆၂ ခုနှစ်ကတည်းက မဖြေရှင်းနိုင်ပဲ ထားခဲ့သော နေရာများတွင် အခိုင်အမာတည်ဆောက်မှုများ ပြုလုပ်ကြသည်။ [၁၃၇][၁၃၈]
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၁၀ ခုနှစ်များတွင် ဆက်ဆံရေး တည်ဆောက်ခဲ့ကြသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ နောက်ခံပေးထားသော တရုတ်ကုမ္ပဏီတစ်ခုသည် ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်း၌ ၉၀ km (၅၆ mi) ရှည်လျားသော နေရာတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်လျက် ရှိသည်။ ထိုဆိပ်ကမ်းသည် အပျော်စီးသင်္ဘောများ၊ ဝမ်းပုံလောင်းသင်္ဘောများ နှင့် စစ်သင်္ဘောများ ကပ်ရောက်နိုင်သည် အထိ ရေစူးနက်သည်။ ကမ္ဘောဒီးယား၏ သံတမန် ရေးအရ ထောက်ခံမှုသည် တရုတ်တို့၏ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသည့် နေရာများအား ရယူရန်ကြိုးပမ်းမှုကို အထောက်အကူပေးသည်။ ကမ္ဘောဒီးယားသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံ၏ စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကန့်ကွက်ပါက အဖွဲ့တစ်ခုလုံး အနေဖြင့် ဦးဆောင်လှုပ်ရှားမှုကို ရပ်တန့်စေနိုင်သည်။ ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အရှေ့တောင်အာရှနိုင်ငံများ အတွက် တရုတ်တို့အတွက် ချိန်ညှိပေးမည့် အလေးတုံး တစ်ခု ဖြစ်သည်။ [၁၃၉]
တော်ဝင် ကမ္ဘောဒီးယားကြည်းတပ်၊ တော်ဝင်ကမ္ဘောဒီးယား ရေတပ် နှင့် တော်ဝင် ကမ္ဘောဒီးယား လေတပ်၊ တော်ဝင်တပ်ရဲ တို့ကို အားလုံးစုပေါင်း၍ ကမ္ဘောဒီးယား တော်ဝင်တပ်မတော် ဟု ခေါ်ဆိုကြပြီး နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာ၏ အမိန့်ပေးထိန်းချုပ်မှုအောက်တွင် ရှိကာ ၎င်းတို့၏ အထက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရှိသည်။ ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီမှ ကမ္ဘောဒီးယား တော်ဝင် တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်ဆန်မှာမူ အရေးပါသော ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ထိရောက်စွာ ရယူထားသည်။
၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံကို စတင်မိတ်ဆက်ခြင်းသည် ကမ္ဘောဒီးယားစစ်တပ်ကို ပြန်လည်ဖွဲ့စည်းခြင်း၏ အစ ဖြစ်သည်။ ထိုမှတဆင့် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်အောက်ခံ အထွေထွေ ရုံး ၃ခုဖြစ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာဌာန၊ ကာကွယ်ရေးဌာနတို့ကို ဗဟိုဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ ဗိုလ်ချုပ်ကြီး တီးဘန် ဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၇၉ မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေး ဒု-ဝန်ကြီးများမှာ ချေဆိုင်ယွန် နှင့် ပေါ်ဘန်ဆရူး တို့ ဖြစ်ကြသည်။
၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်၌ အမြဲတမ်းအင်အား ၁၀၂,၀၀၀ ဦး (အရန်အင်အား ၂၀၀,၀၀၀ ဦး) ရှိသည်။ ကမ္ဘောဒီးယား၏ စစ်ရေးအသုံးစရိတ်မှာ နိုင်ငံတော် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃% ရှိသည်။ ကမ္ဘောဒီးယား တော်ဝင်တပ်ရဲတွင် တပ်သား ၇,၀၀၀ ရှိသည်။ ၎င်း၏ တာဝန်များတွင် လုံခြုံရေးနှင့် ပြည်သူတို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန်၊ စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုကြီးများ၊ အကြမ်းဖက်မှုများနှင့် အခြားကြမ်းတမ်းသော အဖွဲ့အစည်းများကို ကို စုံစမ်းဖော်ထုတ်ရန်နှင့် တားဆီးရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အိုးအိမ်များကို ကာကွယ်ရန်၊ အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများတွင် ပြည်သူများနှင့် အခြား အရေးပေါ်အဖွဲ့များကို အကူအညီပေးရန် တို့ ဖြစ်သည်။
ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အလွန်အားကောင်းသော ဩဇာအာဏာကို တည်ဆောက်ထားပြီး နိုင်ငံ၏ ပုံမှန်စစ်တပ်များနှင့် အပြိုင်နီးပါး စွမ်းရည်ရှိသော ခါးပိုက်ဆောင်တပ်လည်း ပါဝင်ကာ နိုင်ငံရေးအရ ပြိုင်ဘက်များကို ဖိနှိပ်ရန် အသုံးပြုသည်ဟု စွပ်စွဲခြင်း ခံရသည်။[၁၄၀] ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၏ အဏုမြူတားဆီးရေး စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးထားသည်။[၁၄၁]
ကမ္ဘောဒီးယား၏ ဥပဒေရေးရာ ဝန်ဆောင်မှုများကို ၁၉၃၂ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ခမာနီအစိုးရကြောင့် ဥပဒေစနစ် တစ်ခုလုံးကို ဖျက်သိမ်းခဲ့ပြီး တရားသူကြီးများနှင့် ရှေ့နေများအားလုံးမှာ ဓနရှင်ရန်သူ များအဖြစ် စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည်။ ဥပဒေဝန်ထမ်း ၆ ဦးမှ ၁၂ ဦး အထိသာ နိုင်ငံအတွင်း အသက်ရှင် ကျန်ရှိခဲ့သည်။[၁၄၂] ၁၉၉၅ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဘား အဖွဲ့အား တည်ထောင်သည့် အချိန်အထိ ရှေ့နေ့ မရှိခဲ့ပေ။[၁၄၃][၁၄၄]
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဟွန်ဆန်၏ လက်အောက်ရှိ တပ်များနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့သည် ကြီးကျယ်ပြီး မကြာခဏဖြစ်သော မတရားမှုများကို ကျူးလွန်ကြပြီး ၎င်းတို့တွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ညှဉ်းဆဲခြင်းတို့ ပါဝင်ကာ ထိုအတွက် နောက်ဆက်တွဲ အရေးယူမှုများ မရှိဟု ဖော်ပြခဲ့သည်။[၁၄၅] ၂၀၁၆ ခု ကမ္ဘာ့ကျွန်ပြုမှုညွှန်းကိန်း အရ ယနေ့ခေတ် ကမ္ဘောဒီးယားတွင် ခန့်မှန်းခြေ လူဦးရေ ၂၅၆,၈၀၀ ဦးမျှ ကျွန်ပြုခံနေရပြီး လူဦးရေ စုစုပေါငး်၏ ၁.၆၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။[၁၄၆]
အစိုးရဝန်ထမ်း ရာထူးကြီးသူများ၊ စစ်တပ်များနှင့် အစိုးရနှင့် ဆက်နွယ်နေသော စီးပွားရေးသမားများမှ မြေမတရားသိမ်းယူခြင်းမှာ ကမ္ဘောဒီးယားတွင် အမြဲတွေ့ရလေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်သည်။[၁၄၇] ဆယ်စုနှစ်တစ်ခုအတွင်း သိန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများထံမှ မြေယာများကို သိမ်းယူခြင်း ခံခဲ့ရပြီး ကိုယ်ကျိုးစီးပွားအတွက် နှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် ဩဇာအာဏာတည်ဆောက်ရန် အစရှိသည်တို့အတွက် ဖြစ်သည်။[၁၄၈] ယုံကြည်စိတ်ချရသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူဦးရေ ၇၇၀,၀၀၀ တို့သည် အနည်းဆုံး ဟက်တာ ၄ သန်း ( ဧက ၁၀ သန်း) မျှသော မြေသိမ်းမှုကြောင့် နစ်နာဆုံးရှုံးခဲ့ရသည်ဟု ပဲရစ်တွင် အခြေစိုက်သော နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း (IFDH) က ပြောကြားခဲ့သည်။[၁၄၉]
၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူမှ "ကမ္ဘောဒီးယားတွင် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီ မီဒီယာများ၊ လွတ်လပ်စွာ ပြောဆိုခွင့်များနှင့် နိုင်ငံရေးအရ ပါဝင်မှုများကို ကန့်သတ်ခြင်းကြောင့် လွန်စွာ စိုးရိမ်ရသည်။" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။[၁၅၀]အစိုးရအား ဝေဖန်သူများမှာ ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ သတင်းမှားများ ထုတ်လွှင့်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံကြရသည်။[၁၅၁][၁၅၂]
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များနှင့် ပြည်နယ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များ အပါအဝင် ပြည်နယ် ၂၅ ခု အဖြစ် ပိုင်းခြားထားသည်။
စည်ပင်သာယာနယ်နိမိတ်များနှင့် ခရိုင်များသည် ဒုတိယအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ပြည်နယ်များအား ခရိုင် ၁၅၉ခု နှင့် စည်ပင်သာယာနယ်နိမိတ် ၂၆ ခု အဖြစ် ထပ်မံပိုင်းခြားထားသည်။ ခရိုင်များနှင့် စည်ပင်သာယာနယ်နိမိတ်များကို မြို့နယ်နှင့် ရပ်ကွက်များ အဖြစ် ထပ်မံ ပိုင်းခြားထားသည်။
စဉ် | ပြည်နယ် | မြို့တော် | ဧရိယာ (km2) | လူဦးရေ (၂၀၁၉) |
---|---|---|---|---|
၁ | ဗန်တေးမိန်ဇယ (Banteay Meanchey) | ဆရီ ဆေဖိုအမ် နှင့် ပွိုင်းပက် | ၆,၆၇၉ | ၈၆၁,၈၈၃ |
၂ | ဗတ္တမ်ဗောင်း (Battambang) | ဗတ္တမ်ဗောင်း | ၁၁,၇၀၂ | ၉၉၇,၁၆၉ |
၃ | ကမ်ပုန်းချမ် (Kampong Cham) | ကမ်ပုန်းချမ် | ၄,၅၄၉ | ၈၉၉,၇၉၁ |
၄ | ကမ်ပုန်းချနန်း (Kampong Chhnang) | ကမ်ပုန်းချနန် | ၅,၅၂၁ | ၅၂၇,၀၂၇ |
၅ | ကမ်ပုန်စပူ (Kampong Speu) | ရှဘားမန် | ၇,ဝ၁၇ | ၈၇၇,၅၂၃ |
၆ | ကမ်ပုန်ထုမ် (Kampong Thom) | စတန်း စိန်း | ၁၃,၈၁၄ | ၆၈၁,၅၄၉ |
၇ | ကမ်ပုတ် (Kampot) | ကမ်ပုတ် | ၄,၈၇၃ | ၅၉၃,၈၂၉ |
၈ | ကဏ္တာလ (Kandal) | တာခမော | ၃,၁၇၉ | ၁,၂၀၁,၅၈၁ |
၉ | ကပ် (Kep) | ကပ် | ၃၃၆ | ၄၂,၆၆၅ |
၁၀ | ကော့ကောင်း (Koh Kong) | ခက်မရက် ဖိုးမင်း | ၁၀,၀၉၀ | ၁၂၅,၉၀၂ |
၁၁ | ကရာကျယ် (Kratié) | ကရာကျယ် | ၁၁,ဝ၉၄ | ၃၇၄,၇၅၅ |
၁၂ | မဏ္ဍလဂီရီ (Mondulkiri) | စန်မိုနိုရွမ် | ၁၄,၂၈၈ | ၉၂,၂၁၃ |
၁၃ | ဥတ္တရမိန်ဇယ (Oddar Meanchey) | ဆမ်မရောင်း | ၆,၁၅၈ | ၂၇၆,၀၃၈ |
၁၄ | ပိုင်လင် (Pailin) | ပိုင်လင် | ၈၀၃ | ၇၅,၁၁၂ |
၁၅ | ဖနွမ်းပင် (Phnom Penh) | ဒေါင်ပင် | ၆၇၉ | ၂,၂၈၁,၉၅၁ |
၁၆ | ဖရဲသီဟနု (Preah Sihanouk) | ဖရဲသီဟနု | ၁,၉၃၈ | ၃၁၀,၀၇၂ |
၁၇ | ဖရဲဝိဟာရ (Preah Vihear) | တိဘန် မိန်းချေး | ၁၃,၇၈၈ | ၂၅၄,၈၂၇ |
၁၈ | ဗောဓိစတ် (Pursat) | ဗောဓိစတ် | ၁၂,၆၉၂ | ၄၁၉,၉၅၂ |
၁၉ | ပရေဗင် (Prey Veng) | ပရေဗင် | ၄,၈၈၃ | ၁,၀၅၇,၇၂၀ |
၂၀ | ရတနဂီရီ (Ratanakiri) | ဘန်လောင်း | ၁၀,၇၈၂ | ၂၁၇,၄၅၃ |
၂၁ | ဆီယမ်ရိ (Siem Reap) | ဆီယမ်ရိမြို့ | ၁၀,၂၉၉ | ၁,ဝ၁၄,၂၃၄ |
၂၂ | စီတောင်တရင်း (Stung Treng) | စီတောင် တရင်း | ၁၁,ဝ၉၂ | ၁၆၅,၇၁၃ |
၂၃ | စဝေရင်း (Svay Rieng) | စဝေရင်း နှင့် ဘာဗက် | ၂,၉၆၆ | ၅၂၅,၄၉၇ |
၂၄ | တကောင် (Takéo) | ဒွန်ကာယက်ဗ် | ၃,၅၆၃ | ၉၀၀,၉၁၄ |
၂၅ | တပေါင်ခနုမ်း (Tboung Khmom) | ဆူဝမ် | ၅,၂၅၀ | ၇၇၆,၈၄၁ |
၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၃၀၉ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်တွက်ပါက အမေရိကန်ဒေါ်လာ ၄,၀၂၂ မျှ ရှိသည်။ ကုလသမဂ္ဂမှ ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။ ကျေးလက်အိမ်ထောင်စု အများစုမှာ စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ အပေါ်တွင် မှီခိုကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက တင်ပို့ကုန်များမှာ ဆန်စပါး၊ ငါး၊ သစ်၊ အဝတ်အထည် နှင့် ရာဘာတို့ ဖြစ်ကြသည်။ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု (IRRI) မှ ၎င်းတို့၏ ဖိလစ်ပိုင်နိုင်ငံရှိ မျိုးစပါးဘဏ်မှ စပါးမျိုးပေါင်း ၇၅၀ ကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် မိတ်ဆက်တင်ပို့ပေးခဲ့သည်။[၁၅၃] ထိုမျိုးစပါးများမှာ ၁၉၆၀ ခုနှစ်များတွင် ကမ္ဘောဒီးယားမှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
အီကော်နောမစ်မဂ္ဂဇင်း နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့တို့၏ အဆိုအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်းမှာ ၇.၇% ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်း အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး လုပ်ငန်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ခရီးသွား ၂၁၉,၀၀၀ မျှ ရှိရာမှာ ၂၀၀၇ ခုနှစ်တွင် ၂ သန်း အထိ တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁.၇% ဖြစ်ပြီး နိုင်ငံခြားသို့ တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ မျှ ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံကို လေ့လာတင်ပြသော စာတမ်းဖြစ်သည့် "ဆင်းရဲသားတွေ ဘယ်ရောက်သွားသလဲ။ ကမ္ဘောဒီးယား ဆင်းရဲမွဲတေမှု စစ်တမ်း ၂၀၁၃" တွင် ကမ္ဘာ့ဘဏ်မှ ကောက်ချက်ဆွဲခဲ့သည်မှာ "၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ၇ နှစ်တာ ကာလအတွင်း ကမ္ဘောဒီးယား၏ စီးပွားရေး တိုးတက်မှုသည် အလွန်အမင်းအားကောင်းပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲတွင် အပါအဝင် ဖြစ်သည်။ ထို့အပြင် အိမ်ထောင်စုများ၏ သုံးစွဲနှုန်းမှာ ၄၀% အထိ တိုးတက်လာခဲ့သည်။ ထိုသို့ တိုးတက်မှုများသည် ဆင်းရဲသားများအတွက် ကောင်းမွန်ပြီး ဆင်းရဲချမ်းသာ မညီမျှမှုကို လျှော့ချနိုင်ရုံမျှမက ဆင်းရဲသားများ၏ သုံးစွဲနှုန်းကို ဆင်းရဲသားမဟုတ်သူများနှင့် ယှဉ်လျှင် ပိုမို များပြားလာစေခဲ့သည်။ ရလဒ်အနေနှင့် ဆင်းရဲမွဲတေမှုနှုန်းသည် ၅၂.၂% မှ ၂၀.၅% သို့ လျော့ကျခဲ့ပြီး မျှော်မှန်းချက်အားလုံးကို ကျော်လွန်ရုံသာမက နိုင်ငံ၏ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်၏ ဆင်းရဲမွဲတေမှုနှုန်း ပစ်မှတ်ကိုပင် ကျော်လွန်ခဲ့သည်။ သို့သော်လည်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လာသူ အများစုမှာ အနည်းငယ်မျှသော ပမာဏဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး အလွန် စိတ်မချရသော အခြေအနေတွင် ရှိသေးသည်။ အနည်းငယ်မျှသော လှုပ်ခတ်မှုကြောင့်ပင်လျှင် သူတို့အနေနှင့် ဆင်းရဲမွဲတေသူ အဖြစ် ပြန်လည်သက်ဆင်း သွားနိုင်သည်။" ဟု ဖော်ပြထားခဲ့သည်။[၁၅၄]
ဆယ်စုနှစ် နှစ်ခုမျှ စီးပွားရေး တိုးတက်ခဲ့ခြင်းသည် ကမ္ဘောဒီးယားအား ဆင်းရဲမွဲတေမှု လျှော့ချရာတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်ခု ဖြစ်စေခဲ့သည်။ အောင်မြင်ခဲ့သော ဇာတ်ကြောင်းအရ အရှေ့တောင်အာရှနိုင်ငံသည် ဆိုးရွားသော ပြည်တွင်းစစ်ကို ကျော်လွန်ပြီးနောက် ကမ္ဘာ့ဘဏ်မှ အလယ်အလတ်တန်း အနိမ့်ပိုင်း ဝင်ငွေ ရှိသော စီးပွားရေးရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ နှိုင်းယှဉ်နိုင်သော အချက်အလက်ရှိသည့် နိုင်ငံ ၆၉ နိုင်ငံတွင် ကမ္ဘောဒီးယားသည် ၂၀၀၄-၂၀၀၈ အတွင်း အလျှင်အမြန်ဆုံး ဆင်းရဲမွဲတေမှု လျှော့ချရာ၌ စတုတ္ထနေရာတွင် ရှိနေခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင် ကျေးလက်နှင့် မြို့ပြ အိမ်ထောင်စုများအတွင် ဆင်းရဲမွဲတေမှုနှုန်း ထပ်မံ လျော့ကျလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း လူထုဖွံ့ဖြိုးမှု ညွှန်းကိန်း အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ကမ္ဘောဒီးယားသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပြီး တိုးတက်မှုအတွက် ဦးစားပေးအဆင့်အတန်း ရှိနေသေးသည်။[၁၅၅]
၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယား ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့များမှာ ထုတ်ယူနိုင်စွမ်း အများအပြား ရှိသော်လည်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ် အငြင်းပွားမှုကြောင့် အများစုမှာ မထုတ်လုပ်ရသေးပေ။[၁၅၆][၁၅၇]
ကမ္ဘောဒီးယား နိုင်ငံတော်ဘဏ် သည် နိုင်ငံ၏ ဗဟိုဘဏ် ဖြစ်ပြီး နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ နည်းဥပဒေများဖြင့် ထိန်းကြောင်း ကြပ်မတ်ပေးပြီး နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်အတွက်လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်းတွင် နိုင်ငံအတွင်း မှတ်ပုံတင်ထားသော ဘဏ်နှင့် အသေးစားငွေကြေးလုပ်ငန်းများမှာ ၃၁ ခုမှ ၇၀ ကျော်သို့ တိုးတက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် တိုးတက်မှုအား ထင်ရှားစေခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား ခရက်ဒစ် ဗျူရို ကို ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်၏ စည်းမျဉ်းစည်းကမ်းအောက်တွင် တည်ထောင်ခဲ့သည်။[၁၅၈] ယခုအခါ ဘဏ်များနှင့် အသေးစား ငွေကြေးလုပ်ငန်းများ အနေနှင့် ဥပဒေအရ ချေးငွေပေးဆပ်မှုနှင့် ဆိုင်သည့် တိကျသော အချက်အလက်နှင့် ကိန်းဂဏန်းများကို အစီရင်ခံရသဖြင့် ခရက်ဒစ်ဗျူရိုမှ တဆင့် ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ပွင့်လင်းမြင်သာမှုနှင့် တည်ငြိမ်မှုကို ပိုမိုတိုးတက်စေခဲ့သည်။
ကမ္ဘောဒီးယားတွင် ကြုံတွေ့နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ခုမှာ အသက်ကြီးသော လူကြီးများသည် ပညာရေး မရှိကြပေ။ အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်ပြီး ထိုဒေသများတွင် အခြေခံ အဆောက်အအုံလည်း မရှိပေ။ အသစ်တဖန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အစိုးရအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွန့်ဆုတ်စေပြီး နိုင်ငံခြား အကူအညီများကို နှောင့်နှေးစေသည်။ သို့ရာတွင် နိုင်ငံအချင်းချင်း အကူအညီပေးမှုများနှင့် နိုင်ငံများ ပေါင်းစပ်၍ အကူအညီပေးမှုများ ရှိသည်။ ၂၀၀၄ ခုနှစ်၌ လှူဒါန်းသူများမှ အမေရိကန် ဒေါ်လာ ၅၀၄ သန်း လှူဒါန်းရန် အဆိုပြုခဲ့ပြီး [၉] အာရှဖွံ့ဖြိုးရေးဘဏ် တစ်ခုတည်းမှ ချေးငွေ၊ အကူအညီနှင့် နည်းပညာ အထောက်အကူ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ သန်း အကူအညီပေးခဲ့သည်။[၁၅၉] ကမ္ဘောဒီးယားတွင် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီများထံမှ ပါမစ်လျှောက်ရာတွင် လာဘ်ငွေ တောင်းယူခြင်းများ ရှိပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် ပါမစ် အစရှိသည်တို့ ဖြစ်သည်။[၁၆၀]
၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေး ညွှန်းကိန်းတွင် ကမ္ဘောဒီးယားအား အလုပ်သမား စုစည်းမှုများအတွက် အဆိုးဆုံး အဆင့်များတွင် ပါဝင်ခဲ့ပြီး "အခွင့်အရေးအတွက် အာမခံချက်မရှိ" သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။[၁၆၁]
၂၀၁၆ ဧပြီလတွင် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်မှ အလုပ်သမားသမဂ္ဂများ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအား စက်ရုံများတွင် အလုပ်သမားများမှ အကန့်အသတ်ရှိသော ဆန္ဒပြမှုများ ပြုလုပ်နေချိန်နှင့် လမ်းမများပေါ်တွင် လစာတိုးရန်နှင့် အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရန် တောင်းဆိုသည့် အချိန်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။[၁၆၂] ကမ္ဘောဒီးယား၏ ဥပဒေအသစ်နှင့် ပတ်သက်သည့် စိုးရိမ်မှုများကို အလုပ်သမားနှင့် လူ့အခွင့်အရေး အဖွဲ့များသာမကဘဲ နိုင်ငံတကာ အဖွဲ့အစည်းများကပါ ယေဘုယျအားဖြင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့၏ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ရုံးမှ ထိုဥပဒေတွင် အချို့သော အဓိကစိုးရိမ်ဖွယ် အချက်များနှင့် ဟာကွက်များ ရှိသည်ဟု မှတ်ချက်ပေးခဲ့သည်။[၁၆၃]
အမှီအခိုကင်းသော သမဂ္ဂများနှင့် အလုပ်ရှင်များမှ ညှိမရသော အခြေအနေ ဖြစ်နေဆဲပင်ဖြစ်သည်။ "သမဂ္ဂ ၂၅ ခု ရှိတဲ့ စက်ရုံတစ်ခု အနေနဲ့ ဘယ်လို ရပ်တည်ရမလဲ။" ဟု ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဗန်ဆိုအင်းက မေးခွန်းထုတ်ခဲ့သည်။ သူက "အလုပ်ရှင်အနေနှင့် အငြင်းပွားမှုတွေကို အဖွဲ့မတူတဲ့ သမဂ္ဂခေါင်းဆောင် ၂၅ ယောက်နဲ့ ညှိရမယ် ဆိုတာ နားမလည်နိုင်ဘူး။ ဥပဒေ အနေနဲ့ နိုင်ငံအတွင်းက သမဂ္ဂတွေကိုလည်း ထိန်းကွပ်သင့်တယ်။" ဟု ထပ်၍ ပြောခဲ့သည်။ အထည်ချုပ်လုပ်ငန်းရှင်အသင်း၏ အဆိုအရ နိုင်ငံအတွင်းရှိ အဝတ်အစားနှင့် အထည်အလိပ်တင်ပို့သော စက်ရုံ ၅၅၇ ရုံနှင့် ဖိနပ်စက်ရုံ ၅၈ ရုံတို့တွင် အလုပ်သမား ၅၀၀,၀၀၀ အတွက် သမဂ္ဂပေါင်း ၃,၁၆၆ ခု ရှိသည်ဟု ဆိုသည်။ အထည်ချုပ် လုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးဆုံး လုပ်ငန်း ဖြစ်နေပြီး နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၂၆.၂ ရာခိုင်နှုန်း မျှ ရှိသော်လည်း ဗန်ဆိုအင်း၏ အဆိုအရ အလုပ်သမား သမဂ္ဂ ဥပဒေ မရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် စီးပွားရေး လာရောက်လုပ်ကိုင်လိမ့်မည် မဟုတ် ဟု ဆိုသည်။[၁၆၄]
"အလုပ်သမား သမဂ္ဂ ဥပဒေ ရှိမှသာ ကျွန်တော်တို့ အလုပ်ရှင်တွေ အသက်ဆက်နိုင်မယ်။ ကမ္ဘောဒီးယား တစ်နိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ အလုပ်သမား သမဂ္ဂ ဥပဒေ ရှိတယ်။ ဥပဒေကို ဝေဖန်တဲ့သူတွေ ကိုယ်တိုင် စီးပွားရေး လုပ်ကြည့်သင့်တယ်။ ဒါမှ သူတို့ နားလည်မယ်။" ဟု သူက ဆိုသည်။
အထည်ချုပ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်း၏ အကြီးဆုံးသော အပိုင်းဖြစ်ပြီး နိုင်ငံ ပို့ကုန်၏ ၈၀% မျှ ရှိသည်။ ၂၀၁၂ ခုနှစ်တွင် တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံ အထိ တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ယှဉ်လျင် ၈% တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနစ်၏ ပထမနှစ်ဝက်တွင် အထည်ချုပ်လုပ်ငန်း၏ အစီရင်ခံချက် အရ တင်ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံမျှ ရှိသည်ဟု ဆိုသည်။[၁၆၅] ထိုကဏ္ဍတွင် အလုပ်သမား ၃၃၅,၄၀၀ ဦးကို အလုပ်အကိုင်ပေးထားခဲ့ပြီး ၎င်းတို့ထဲတွင် ၉၁% မှာ အမျိုးသမီးများ ဖြစ်သည်။
ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။ ထိုအစီအစဉ်မှ အလုပ်သမားများ၊ အလုပ်ရှင်များ နှင့် အစိုးရတို့နှင့် ဆက်သွယ်ဆောင်ရွက်၍ အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေကို တိုးတက်ရန်နှင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြိုင်ဆိုင်နိုင်မှု ပိုမိုကောင်းမွန်လာစေရန်တို့ အတွက် ဖြစ်သည်။[၁၆၆] ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အစီအစဉ် မှ စီမံကိန်း၏ အကြံပေးအဖွဲ့သည် ဖနွမ်းပင်မြို့တွင် တွေ့ဆုံပြီး အဖွဲ့၏ ကာလတဝက် သုံးသပ်မှုနှင့် ပတ်သက်၍ သုံးသပ်ကောက်နှုတ်ချက် နှင့် အကြံပေးချက် မူကြမ်းအတွက် ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အစီအစဉ်အတွက် ပွင့်လင်းမြင်သာသော အစီရင်ခံမှု အစပျိုးရန် အတွက် မည်သို့ ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်သည် ဆိုသည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်။
စီမံကိန်း၏ အကြံပေးအဖွဲ့မှ အစီအစဉ်၏ ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းနှင့် လုပ်သားများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ၏ တွေ့ရှိချက်များကို အနှစ်ချုပ်သုံးသပ်ရာတွင် အောက်ပါတို့ ပါဝင်သည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အထည်အလိပ်လုပ်ငန်း ပြီးလျှင် နိုင်ငံ၏ ဒုတိယမြောက် ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။ [၇၉] ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွားပေါင်း ၆ သန်းမျှ ရှိခဲ့ပြီး ၂၁ ရာစု အစမှစ၍ ၁၀ ဆမျှ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ [၁၆၉] ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွင်း အလုပ်လုပ်သူ ၂၆% ကို အလုပ်ပေးထားနိုင်ပြီး အရေအတွက်အားဖြင့် ဆိုပါက ကမ္ဘောဒီးယားနိုင်ငံသားတို့အတွက် အလုပ်အကိုင် ၂.၅ သန်းမျှ ဖြစ်သည်။ [၁၇၀]
ဖနွမ်းပင်မြို့ နှင့် အန်ကောဝပ်တို့ အပြင် အခြားသော ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်သော နေရာများတွင် အနောက်တောင်ပိုင်းရှိ နာမည်ကျော် ကမ်းခြေများရှိသော သီဟာနုဗေးလ်မြို့ နှင့် အနောက်မြောက်ပိုင်းရှိ ဗတ္တမ်ဗောင်းတို့ ဖြစ်ကြကာ ထိုနေရာနှစ်ခု စလုံးမှာ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူများ၏ သိသာသော အစိတ်အပိုင်း ဖြစ်သော ကျောပိုးအိတ်လွတ် ခရီးသွားများအတွက် ကျော်ကြားသော နေရာများ ဖြစ်သည်။[၁၇၁] ကမ်ပုတ်မြို့ နှင့် ဘိုကာတောင် စတေရှင် အပါအဝင် ကက်ပ် မြို့တို့ ဝန်းကျင်နေရာများမှာလည်း ခရီးသွားများ စိတ်ဝင်စားသော နေရာများ ဖြစ်သည်။ ၁၉၉၃ ခုနှစ် UNTAC ရွေးကောက်ပွဲအပြီး တည်ငြိမ်သော ကာလမှစ၍ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ ပုံမှန် တိုးတက်လာခဲ့သည်။ [၁၇၂]
၂၀၁၈ ခုနှစ်တွင် လာရောက်လည်ပတ်သော နိုင်ငံခြားသား အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ အထိ တိုးတက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်း အမျိုးသား ထုတ်ကုန်၏ ၁၀ ရာခိုင်နှုန်း ခန့်မျှ ဖြစ်သည်။ ဆီယမ်ရိပြည်နယ်ရှိ အန်ကောဝပ် သမိုင်းဝင် ဥယျာဉ်၊ သီဟာနုဗေးလ်ရှိ ကမ်းခြေများ၊ ဖနွမ်းပင် မြို့တော်နှင့် ကမ္ဘောဒီးယား ၏ ၁၅၀ ခုမျှသော ကက်စီနို လောင်းကစားရုံများ (၂၀၁၄ ခုနှစ်တွင် ၅၇ ခုသာ ရှိသည်။)[၁၇၃] တို့မှာ နိုင်ငံခြား ခရီးသွားများ အတွက် အဓိက ဆွဲဆောင်မှုများ ဖြစ်သည်။
သို့သော်လည်း ကမ္ဘောဒီးယားအား ကမ္ဘာလှည့်ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် လည်ပတ်စရာနေရာ အဖြစ် နာမည်ယူခြင်းမှာ နိုင်ငံရေးနှင့် ပြည်တွင်း မငြိမ်သက်မှုများနှင့်[၁၇၄][၁၇၅][၁၇၆] တိုင်းပြည်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများအပေါ် ကျူးလွန်ခဲ့သည့် နာမည်ကြီး ကြမ်းတမ်းရက်စက်သော မှုခင်းများကြောင့် ခက်ခဲနှောင့်နှေးခဲ့ရသည်။[၁၇၇][၁၇၈][၁၇၉]
ကမ္ဘောဒီးယားရှိ ကမ္ဘာလှည့်ခရီးသွားများအတွက် အိမ်ပြန်လက်ဆောင် ထုတ်လုပ်သည့်လုပ်ငန်းမှာ ခရီးသွားများ စိတ်ဝင်တစား အဓိကလည်ပတ်ရာနေရာများ ပတ်ဝန်းကျင်တွင် လူအများအပြားကို အလုပ်ပေးထားနိုင်ခဲ့သည်။ ထုတ်လုပ်နိုင်သော လက်ဆောင်များ၏ အရေအတွက်မှာ တိုးပွားလာသော ကမ္ဘာလှည့်ခရီးသွားများ အတွက် မလုံလောက်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် ရောင်းချသော လက်ဆောင်ပစ္စည်းအများအပြားကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းရသည်။[၁၈၀] နိုင်ငံတွင်း ထုတ်လုပ်သော လက်ဆောင်ပစ္စည်းများတွင်
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပေါ်တွင် မှီခိုနေသည်။ ၁၉၈၅ ခုနှစ်၌ စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ ၉၀% မျှ ရှိပြီး အလုပ်လုပ်နိုင်သူ၏ ၈၀ ရာခိုင်နှုန်းကို အလုပ်ပေးထားသည်။ ဆန်စပါးသည် အဓိက စားနပ်ရိက္ခာ ဖြစ်သည်။ အဓိကအားဖြင့် အရန်စိုက်ပျိုးသီးနှံများတွင် ပြောင်းဖူး၊ ပီလောပီနံ၊ ကန်စွန်းဥ၊ မြေပဲ၊ ပဲပိစပ်၊ နှမ်း၊ ပဲခြောက် နှင့် ရာဘာ တို့ ပါဝင်သည်။ အဓိက စီးပွားဖြစ် သီးနှံမှာ ရာဘာ ဖြစ်သည်။ ၁၉၈၀ ခုနှစ်များတွင် ရာဘာသည် အဓိက စိုက်ပျိုးသီးနှံ ဖြစ်ပြီး ဆန်စပါးပြီးလျှင် ဒုတိယလိုက်ကာ နိုင်ငံ၏ နိုင်ငံခြားငွေရရှိသည့် နည်းလမ်း အနည်းငယ် အတွင်းမှ တစ်ခု ဖြစ်သည်။
ပြည်တွင်းစစ်နှင့် လျစ်လျူရှုမှုတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ် အကြီးအကျယ် ပျက်စီးခဲ့ရသည်။ အခြားနိုင်ငံများ၏ အကူအညီဖြင့် ကမ္ဘောဒီးယားသည် အဓိက အဝေးပြေးလမ်းမများကို နိုင်ငံတကာစံနှုန်းနှင့် အညီ အဆင့်မြှင့်တင်ခဲ့ပြီး အများစုမှာ ၂၀၀၆ ခုနှစ်မှစ၍ တိုးတက်လာခဲ့သည်။ အဓိကလမ်းမ အများစုမှာ လမ်းခင်းပြီး ဖြစ်သည်။
ကမ္ဘောဒီးယားတွင် ရထားလမ်း နှစ်ခု ရှိပြီး စုစုပေါင်း အရှည် ၆၁၂ ကီလိုမီတာ (၃၈၀ မိုင်) မျှ ရှိပြီး တစ်လမ်းတည်းသွားသော တစ်-မီတာ (၃-ပေ-၃-လက်မ) အကျယ် ရထားလမ်း ဖြစ်သည်။[၁၈၃] ရထားလမ်းသည် မြို့တော်မှ တောင်ဘက်ကမ်းရိုးတန်းရှိ သီဟာနုဗေးလ်မြို့သို့ သွားသည်။ ရထားများသည် ကမ္ဘောဒီးယားရှိ မြို့တော် တစ်မြို့နှင့် တစ်မြို့ အပြင် တောင်ပိုင်းရှိ ဒေသများသို့ ဆက်စပ် ပြေးလွှားလျက် ရှိသည်။ ၁၄ နှစ်ကြာပြီးနောက် မြို့တော် နှစ်ခုကြား ရထားပို့ဆောင်ရေး လတ်တလောတွင် ပြန်လည် စတင်ခဲ့ပြီး ကုန်းလမ်းခရီးသွားသူများ အတွက် ပိုမိုလုံခြုံစိတ်ချရသော ရွေးချယ်စရာ တစ်ခု ဖြစ်စေခဲ့သည်။ [၁၈၄] ရထားများသည် ဖနွမ်းပင်မှ ဆီဆိုဖွန်သို့လည်း ဆက်သွယ်ထားကြသည်။ (တစ်ခါတစ်ရံ ဗတ္တမ်ဗောင်း အထိ သွားလေ့ ရှိသည်။) ၁၉၈၇ ခုနှစ်တွင် ဖနွမ်းပင်နှင့် ဗတ္တမ်ဗောင်းကြား တစ်ပတ်လျှင် ရထားတစ်ကြိမ်မျှသာ ရှိသော်လည်း အာရှဖွံ့ဖြိုးရေးဘဏ်မှ အများဆုံး ထောက်ပံ့ထားသော အမေရိကန် ဒေါ်လာ ၁၄၁ သန်းတန် စီမံကိန်းမှာ ကမ္ဘောဒီးယား၏ အားနည်းကျဆင်းနေသော ရထားစနစ်ကို ပြန်လည် အသက်သွင်းပေးခဲ့ပြီး အနာဂတ်တွင် ကမ္ဘောဒီးယားအား ဘန်ကောက်နှင့် ဟိုချီမင်းစီးတီးတို့ရှိ အဓိက စက်မှုနှင့် သယ်ယူပို့ဆောင်ရေး ဗဟိုဌာနများသို့ ဆက်သွယ်ပေးမည် ဖြစ်သည်။[၁၈၃]
ဖနွမ်းပင်နှင့် သီဟာနုဗေးလ်မြို့တို့ကို ဆက်သွယ်ထားသော ပြည်နယ်ချင်းဆက် လမ်း မျှသာမက ယခင်က မြေကြီးလမ်းများအား ကွန်ကရစ် ကတ္တရာလမ်း အဖြစ် ပြန်လည် ပြောင်းလဲခြင်း အပြင် အဓိက မြစ်များအား ဖြတ်သန်းသွားသော နေရာ ၅ ခုအား တံတား တည်ဆောက်လိုက်ခြင်းကြောင့် ယခုအခါ ဖနွမ်းပင်နှင့် ကိုကောင်း တို့အား အမြဲတမ်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကာ ထို့အတွက်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် ၎င်း၏ လမ်းများသို့ အဟန့်အတားမရှိသော လမ်းဖြင့်ဆက်သွယ်နိုင်ပြီဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းများပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းမှာ ကမ္ဘာ့စံနှုန်းနှင့် ယှဉ်လျှင် အလွန်မြင့်မားသည်။ ၂၀၀၄ ခုနှစ်တွင် ကားစင်းရေ ၁၀,၀၀၀ အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ လူသေဆုံးမှုနှုန်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်လျှင် ၁၀ ဆမျှ များပြားသည်။ နောက် ၃ နှစ်တွင် လမ်းမပေါ်တွင် သေဆုံးမှုမှာ နှစ်ဆစီမျှ မြင့်တက်လာခဲ့သည်။ [၁၈၅]
ကမ္ဘောဒီးယား၏ ကျယ်ပြန့်လှသော ပြည်တွင်းရေလမ်းကြောင်းများမှာ နိုင်ငံတကာ ကုန်သွယ်ရေးတွင် သမိုင်းကြောင်းအရ အရေးပါသည်။ မဲခေါင်မြစ်၊ တုန်လီဆပ်မြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များ ရှိပြီး တုန်လီဆပ်မြစ်၏ သိသာစွာ ရှည်လျားသော ရေလမ်းကြောင်းရှိကာ တစ်နှစ်ပတ်လုံး ရေစူး ၀.၆ မီတာ (၂.၀ ပေ) ဖြင့် သွားလာနိုင်သော ရေလမ်းကြောင်း ၃,၇၀၀ ကီလိုမီတာ (၂,၃၀၀ မိုင်) မျှ ရှိပြီး ရေစူး ၁.၈ မီတာ (၅.၉ ပေ) ဖြင့် သွားလာနိုင်သော ရေလမ်းကြောင်း ၂၈၂ ကီလိုမီတာ (၁၇၅ မိုင်) မျှ ရှိသည်။ [၁၈၆]
ကမ္ဘောဒီးယားနိုင်ငံတွင် အဓိကဆိပ်ကမ်း နှစ်ခု ရှိပြီး ဖနွမ်းပင်နှင့် သီဟာနုဗေးလ်တို့ ဖြစ်ကာ ဆိပ်ကမ်း အသေး ၅ ခု ရှိသည်။ ဖနွမ်းပင်ဆိပ်ကမ်းသည် ဘတ်ဆပ်မြစ်၊ မဲခေါင်မြစ်နှင့် တုန်လီဆပ်မြစ်တို့ ဆုံရာတွင် တည်ရှိပြီး စိုစွတ်သော ရာသီတွင် တန်ချိန် ၈,၀၀၀ အထိ သင်္ဘောများ ဆိုက်ကပ်နိုင်ကာ ခြောက်သွေ့သောရာသီတွင် တန်ချိန် ၅,၀၀၀ အထိ သင်္ဘောများ ဆိုက်ကပ်နိုင်သည်။
စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ များပြားလာသည်နှင့် အမျှ မော်တော်ကား အသုံးပြုမှု တိုးတက်လာသော်လည်း မော်တော်ဆိုင်ကယ်မှာ အဓိကနေရာယူထားဆဲပင် ဖြစ်သည်။ [၁၈၇] "ဆိုင်ကလို" (ပြင်သစ်စကားမှ ဆင်းသက်သည်) သို့မဟုတ် ဆိုက္ကား များသည် ၁၉၉၀ ခုနှစ်များတွင် လူကြိုက်များခဲ့သော်လည်း "ဟွီးမော့" (ဆိုင်ကယ်တွင် နောက်တွဲချိတ်ထားသောယာဉ်) နှင့် အိန္ဒိယမှ တင်သွင်းသော လန်ချားတို့သည် တဖြည်းဖြည်း အစားထိုး နေရာယူလာခဲ့သည်။ ဆိုင်ကလိုသည် ကမ္ဘောဒီးယား တစ်နိုင်ငံတည်းတွင်သာ ရှိပြီး ဆိုက္ကားနင်းသူသည် ခရီးသည်၏ နောက်တွင် နေရာယူပြီး နင်းရသည့်ယာဉ် ဖြစ်သည်။[၁၈၈]
ကမ္ဘောဒီးယားတွင် ခရီးသည်စီး လေဆိပ် ၃ ခု ရှိသည်။ ၂၀၁၈ ခုနှစ်တွင် စံချိန်တင်အဖြစ် ခရီးသည် ၁၀သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။[၁၈၉] ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် ကမ္ဘောဒီးယားရှိ အစည်ကားဆုံး လေဆိပ် ဖြစ်သည်။ ဆီယမ်ရိ-အန်းကော အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဒုတိယမြောက် အစည်ကားဆုံး လေဆိပ်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံသို့ အဝင်အထွက် ပြုလုပ်သော နိုင်ငံတကာ ခရီးစဉ် အများဆုံး ပြေးဆွဲရာ လေဆိပ် ဖြစ်သည်။ သီဟာနု အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ်းရိုးတန်းမြို့ ဖြစ်သော သီဟာနုဗေးလ်မြို့တွင် တည်ရှိသည်။
ခုနှစ် | လူဦးရေ | ±% p.a. |
---|---|---|
1962 | ၅၇၂၈၇၇၁ | — |
1980 | ၆၆၀၀၀၀၀ | +0.79% |
1994 | ၉၉၀၀၀၀၀ | +2.94% |
1996 | ၁၀၇၀၀၀၀၀ | +3.96% |
1998 | ၁၁၄၃၇၆၅၆ | +3.39% |
2004 | ၁၂၈၀၀၀၀၀ | +1.89% |
2008 | ၁၃၃၉၅၆၈၂ | +1.14% |
2013 | ၁၄၇၀၀၀၀၀ | +1.88% |
2019 | ၁၅၅၅၂၂၁၁ | +0.94% |
National Institute of Statistics: General Population Census of the Kingdom of Cambodia 2019, Chapter 2, p. 6[၄] |
၁၉၂၁ ခုနှစ်တွင် ပြင်သစ်အစောင့်အရှောက်ခံ နယ်မြေ ကမ္ဘောဒီးယား၏ ပထမဆုံး တရားဝင် လူဦးရေစာရင်း ကို ကောက်ယူခဲ့သည်။ သို့သော်လည်း အခွန်ကောက်ခံနိုင်ရန်အတွက် အသက် ၂၀ မှ အသက် ၆၀ အတွင်း အမျိုးသားများကို ထည့်သွင်းရေတွက်ခဲ့သည်။[၁၉၀] ၁၉၆၂ ခုနှစ် လူဦးရေစာရင်း ကောက်ယူပြီးနောက် ကမ္ဘောဒီးယား၏ ပြည်တွင်း ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ၁၉၉၈ ခုနှစ် အခြား တရားဝင် လူဦးရေ စာရင်း ကောက်ယူသည့် အချိန်အထိ ၃၆ နှစ်မျှကြာသော အချိန်ကွာဟမှု ဖြစ်ခဲ့သည်။ [၁၉၁]
လက်ရှိအချိန်တွင် ကမ္ဘောဒီးယားလူဦးရေ၏ ၅၀ ရာခိုင်နှုန်းမှာ အသက် ၂၂ နှစ်အောက် ဖြစ်သည်။ မိန်းမနှင့် ယောက်ျား အချိုးမှာ ၁.၀၄ ဖြစ်သည်။ ကမ္ဘောဒီးယားသည် မဟာမဲခေါင်ရပ်ဝန်းဒေသအတွင်း အမျိုးသမီး အလေးအသာဆုံး အချိုးရှိသည့် နိုင်ငံဖြစ်သည်။[၁၉၂] အသက် ၆၅ နှစ်အထက် ကမ္ဘောဒီးယားများတွင် မိန်းမ နှင့် ယောက်ျား အချိုးမှာ ၁.၆:၁ ဖြစ်သည်။ [၉]
ကမ္ဘောဒီးယားနိုင်ငံ၏ မွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ၂.၅ ဦး မျှ ဖြစ်သည်။[၁၉၃] ၂၀၀၀ ခုနှစ်တွင် မွေးဖွားနှုန်းမှာ ကလေး ၄.၀ ဦး ဖြစ်သည်။ [၁၉၄] မြို့ပြတွင် နေထိုင်ကြသော အမျိုးသမီးများမှာ ပျမ်းမျှအားဖြင့် ကလေး ၂.၂ ဦး မွေးဖွားကြပြီး ကျေးလက်ဒေသတွင် နေထိုင်ကြသော အမျိုးသမီးများမှာ ကလေး ၃.၃ ဦး မွေးဖွားကြသည်။ [၁၉၄] မွေးဖွားနှုန်းသည် မွန်ဒိုးကီရီပြည်နယ် နှင့် ရာတာနက် ကီရီပြည်နယ်တို့တွင် အများဆုံး ဖြစ်ပြီး အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေး ၄.၅ ဦး မွေးဖွားကြသည်။ ဖနွမ်းပင်တွင် အနည်းဆုံး ဖြစ်ပြီး အမျိုးသမီးတစ်ဦးလျှင် ပျမ်းမျှ ကလေး ၂.၀ ဦးသာ မွေးဖွားကြသည်။[၁၉၄]
ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက လူဦးရေမှာ ခမာလူမျိုးများ (၉၅%ကျော်) ဖြစ်ပြီး နိုင်ငံ၏ တစ်ခုတည်းသော ရုံးသုံးဘာသာစကား ဖြစ်သည့် ခမာစကားကို ပြောဆိုကြသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ လူဦးရေ အများစုမှာ မျိုးတူကြသည်။ လူနည်းစုလူမျိုးများတွင် ချမ်လူမျိုး (၁.၂%)၊ ဗီယက်နမ်လူမျိုး (၀.၁%) နှင့် တရုတ်လူမျိုး (၀.၁%) တို့ ပါဝင်သည်။[၉]
ကမ္ဘောဒီးယားနိုင်ငံရှိ အကြီးဆုံး လူမျိုးစုမှာ ခမာလူမျိုးများ ဖြစ်ပြီး ကမ္ဘောဒီးယား လူဦးရေ၏ ၉၀% ရှိကာ ၎င်းတို့နေထိုင်သော မြေနိမ့်ပိုင်းမဲခေါင်ဒေသတွင် အရင်းခံသော လူမျိုးစု ဖြစ်သည်။ ခမာများသည် သမိုင်းကြောင်း အရ မဲခေါင်မြစ်အောက်ပိုင်းအနီးတွင် ကန့်လန့်ဖြတ် မျဉ်းကွေးပုံစံ ဆက်တိုက် နေထိုင်ကြပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဆုံစည်းရာ အနောက်မြောက်ပိုင်းမှ ဗီယက်နမ်အရှေ့တောင်ပိုင်း မဲခေါင်မြစ်ဝအထိ တိုင်အောင် နေထိုင်ခဲ့ကြသည်။
ဒုတိယလူဦးရေ အများဆုံး လူနည်းစုလူမျိုးစုမှာ ဗီယက်နမ်လူမျိုးများ ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၆,၀၀၀ ခန့် ရှိကာ နိုင်ငံ၏ အရှေ့တောင်ပိုင်း မဲခေါင်မြစ်ဝှမ်းနှင့် ကပ်လျှက် ပြည်နယ်များတွင် နေထိုင်ကြသည်။ ဗီယက်နမ်ဘာသာစကားအား မွန်-ခမာ ဘာသာစကားအဖြစ် သတ်မှတ်ထားသော်လည်း ထိုလူမျိုးနှစ်စုမှာ ယဉ်ကျေးမှုအားဖြင့် ဆက်နွယ်မှု လွန်စွာနည်းပါးပြီး အစောပိုင်း ခမာလူမျိုးများမှာ အိန္ဒိယ ယဉ်ကျေးမှု ရပ်ဝန်း၏ လွှမ်းမိုးမှုကို ခံခဲ့ကြရပြီး ဗီယက်နမ်တို့မှာ တရုတ်ယဉ်ကျေးမှု ရပ်ဝန်း၏ တစ်စိတ်တဒေသ ဖြစ်သည်။[၁၉၅] ခမာလူမျိုးနှင့် ဗီယက်နမ်လူမျိုးတို့အကြား လူမျိုးရေး တင်းမာမှုမှာ အန်ကောခေတ်အလွန် (၁၆ ရာစုမှ ၁၉ ရာစုအတွင်း) မှစ၍ ခြေရာခံနိုင်ပြီး ထိုအချိန်အတွင်းတွင် တိုင်းပြည်သစ်ဖြစ်သော ဗီယက်နမ် နှင့် ထိုင်းတို့သည် အင်အားနည်းပါးလာသော အန်ကောခေတ်လွန် ကမ္ဘောဒီယားနိုင်ငံအား လက်အောက်ခံဖြစ်ရန် ကြိုးစားကြပြီး အင်ဒိုချိုင်းနားကို ထိရောက်စွာ လွှမ်းမိုးနိုင်ခဲ့ကြသည်။[၁၉၅]
ကမ္ဘောဒီးယား တရုတ်လူမျိုးတို့မှာ လူဦးရေ၏ ၀.၁% ခန့်မျှသာ ရှိသည်။[၁၉၆][၁၉၇] တရုတ်လူမျိုး အများစုမှာ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ပြင်သစ်အစောင့်အရှောက်အခံ နယ်မြေအဖြစ် ရှိစဉ်က ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများကြောင့် လာရောက်အခြေချခဲ့ကြသောသူတို့၏ မျိုးဆက်များ ဖြစ်သည်။ အများစုမှာ မြို့ပြတွင် နေထိုင်ကြပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။
တောင်ကုန်းများပေါ်တွင် နေထိုင်ကြသော ဒေသရင်း လူမျိုးစုများကို စုပေါင်း၍ မွန်တက်နတ်ဒ် သို့မဟုတ် ခမာလိုး ဟု ခေါ်ဆိုကြပြီး "ကုန်းမြင့်ခမာ" ဟု အဓိပ္ပာယ်ရသည်။ သူတို့သည် ကျောက်ခေတ်သစ် တရုတ်ပြည်တောင်ပိုင်းမှ ပြောင်းရွှေ့လာသော မွန်-ခမာစကားပြောသူ တို့မှ ဆင်းသက်လာသူများ နှင့် ပြင်ပကို စိတ်မဝင်စားသော အရှေ့တောင်အာရှရှိ အောစထရိုနီးရှန်း စကားပြောသူတို့မှ ဆင်းသက်လာသူများ ဖြစ်သည်။ ကုန်းမြင့်များပေါ်တွင် သီးခြားနေထိုင်ကြသောကြောင့် ခမားလိုး လူမျိုး အုပ်စုများမှာ သူတို့၏ ဝမ်းကွဲများဖြစ်ကြသော ခမာများကဲ့သို့ အိန္ဒိယ လွှမ်းမိုးမှု မခံရဘဲ အကျိုးဆက်အားဖြင့် ယနေ့ခေတ် ခမာလူမျိုးများနှင့် ယဉ်ကျေးမှုအားဖြင့် ဝေးကွာကြသည့် အပြင် အချင်းချင်းလည်း ယဉ်ကျေးမှုအားဖြင့် ဝေးကွာကြပြီး အိန္ဒိယတို့နှင့် မထိတွေ့မီ အချိန်က ရိုးရာနှင့် ယုံကြည်မှဒ အများအပြားကို လေ့လာတွေ့ရှိရသည်။
ချမ်လူမျိုးတို့သည် ယနေ့ခေတ် ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းတွင် ယခင်က တည်ရှိခဲ့ပြီး ခမာအင်ပိုင်ယာ၏ ပြိုင်ဖက် ဖြစ်သော ချမ်ပါးပြည်ရှိ အော်စထရိုနီးရှန်းလူမျိုးများမှ ဆင်းသက်လာသည်။ ကမ္ဘောဒီးယားရှိ ချမ်လူမျိုး ဦးရေမှာ တစ်သန်းအောက်သာ ရှိပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် သီးခြားရွာများ ဖြင့် နေထိုင်ကြသည်။ ကမ္ဘောဒီးယားရှိ ချမ်လူမျိုး အားလုံး နီးပါးမှာ မွတ်ဆလင်များ ဖြစ်သည်။
ခမာဘာသာစကားသည် အော်စထရိုအေးရှားတစ် ဘာသာစကားအုပ်စု၏ မွန်-ခမာ ဘာသာစကားမိသားစုဝင် ဖြစ်သည်။ ယခင်က အင်ဒိုချိုင်းနား၏ အစိုးရသုံး ဘာသာစကားဖြစ်သော ပြင်သစ်ဘာသာစကားကို အသက်အရွယ်ကြီးသော ကမ္ဘောဒီးယားလူမျိုးတို့ ပြောဆိုရာတွင် အသုံးပြုဆဲဖြစ်ပြီး ပြင်သစ်အစိုးရ ထောက်ပံ့ထားသော အချို့သော ကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ကြားသည့် ဘာသာစကား အဖြစ် အသုံးပြုကြသည်။ ပြင်သစ်ဘာသာစကားဖြင့် ထုတ်ဝေသော သတင်းစာရှိပြီး အချို့သော ရုပ်မြင်သံကြား ချန်နယ်များမှာ ပြင်သစ်ဘာသာစကားဖြင့် ဖမ်းယူကြည့်ရှု နိုင်သည်။ ကမ္ဘောဒီးယားသည် ပြင်သစ်စကား အသုံးပြုသော လာဖရန်ကိုဖုန်းနီ နိုင်ငံများ အဖွဲ့ ၏ အဖွဲ့ဝင် ဖြစ်သည်။ နိုင်ငံ၏ ကိုလိုနီခေတ်က အကြွင်းအကျန် အဖြစ် ကမ္ဘောဒီးယား ပြင်သစ်ဘာသာစကားကို ကမ္ဘောဒီးယားတွင် တွေ့ရသော ပြင်သစ်ဘာသာစကား မျိုးကွဲ ဖြစ်ပြီး အစိုးရဌာနများတွင် တစ်ခါတစ်ရံ အသုံးပြုကာ အထူးသဖြင့် တရားရုံးများတွင် အသုံးပြုကြသည်။ ၁၉၉၃ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာစကား အသုံးပြုမှု မြင့်တက်လာပြီး အင်္ဂလိပ်ဘာသာစကားသည် ပြင်သစ်စကားအား အဓိကဘာသာစကား အဖြစ် အသုံးပြုခြင်းမှ အစားထိုး ဝင်ရောက် လာခဲ့သည်။ အင်္ဂလိပ်ဘာသာစကားကို တက္ကသိုလ်အချို့တွင် ကျယ်ပြန့်စွာ သင်ကြားကြပြီး အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေမှုများလည်း သိသာစွာရှိကာ လမ်းညွှန်ဆိုင်းဘုတ်များမှာ ခမာ နှင့် အင်္ဂလိပ် ၂ ဘာသာဖြင့် ရေးသားထားကြသည်။[၁၉၉] ထိုသို့ ပြောင်းလဲလာမှုကြောင့် ယခုအခါ ကမ္ဘောဒီးယား၏ နိုင်ငံတကာဆက်ဆံရေးတွင် အင်္ဂလိပ်ဘာသာစကားအား များသောအားဖြင့် အသုံးပြုလာကြကာ တံဆိပ်ခေါင်းပေါ်ရှိ ပြင်သစ်ဘာသာစကား နေရာတွင်လည်း အစားထိုးလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှစ၍ ကမ္ဘောဒီးယား ငွေစက္ကူများပေါ်တွင်လည်း ပြင်သစ်ဘာသာစကား အစား အစားထိုးလာခဲ့သည်။[၂၀၀]
ခမာစာလုံးများသည် တောင်အိန္ဒိယရှိ ပါလဝါ စာလုံးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထေရဝါဒ ဗုဒ္ဓဘာသာသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော် ဘာသာ ဖြစ်ပြီး လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြကာ နိုင်ငံအတွင်း ဘုန်းကြီးကျောင်း ပုထိုးပေါင်း ၄,၃၉၂ ခုခန့်မျှ ရှိသည်။[၂၀၁] ကမ္ဘောဒီးယား၏ ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်မှု တို့မှ နက်ရှိုင်းစွာ လွှမ်းမိုးမှု ရှိသည်။
နတ်တို့နှင့် လူ့အဖွဲ့အစည်းတို့ နီးကပ်သော အပြန်အလှန် ဆက်ဆံမှု ရှိခြင်း၊ မကောင်းသောကံများကို မောင်းထုတ်ခြင်းဖြင့် လိုရာဆန္ဒပြည့်စေခြင်း၊ ကံကောင်းမှုကို ဆွဲဆောင် ညှို့ယူခြင်း နှင့် "ဘာရိုမေး" နတ်တို့ကဲ့သို့သော နတ်များဖြင့် ထိတွေ့ခြင်းဖြင့် လူတစ်ဦး၏ ဘဝကို ချုပ်ကိုင်နိုင်ခြင်း စသည်တို့သည် ရိုးရာကိုးကွယ်မှုတို့မှ မြစ်ဖျားခံသည်။ ဟိန္ဒူဘာသာသည် ပဉ္စလက်ဆန်သော အပြုအမူများ ဖြစ်သည့် တန်ထရစ်ဝါဒ မှ လွဲ၍ အနည်းငယ်မျှသာ ခြေရာလက်ရာ ကျန်ခဲ့ပြီး ဟိန္ဒူနတ်ဘုရားများမှာ နတ်များနှင့် ပေါင်းစည်းသွားကြသည်။ (ဥပမာအားဖြင့် ကမ္ဘောဒီးယား၏ "နိတနတ်" ဖြစ်သော "ရီမော" သည် ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်၏ ခေတ်သစ် ပုံသဏ္ဍန် ဖြစ်သည်။
မဟာယန ဗုဒ္ဓဘာသာမှာ ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်နှင့် ဗီယက်နမ်လူမျိုး အများစု ကိုးကွယ်ရာ ဘာသာ ဖြစ်သည်။ အခြားသော ဘာသာရေး အပြုအမူများဖြစ်သည့် တရုတ်ဒဏ္ဍာရီလာ သူရဲကောင်းများ နှင့် ဘိုးဘွားများကို အရိုအသေပေးခြင်း၊ ကွန်ဖြူးရှပ် ဘာသာ၊ တာအိုဘာသာ တို့ကိုလည်း တရုတ်ဗုဒ္ဓဘာသာနှင့် ရောနှော ကိုးကွယ်ကြသည်။
အစ္စလာမ်ဘာသာ ကိုးကွယ်သူမှာ လူဦးရေ၏ ၂% မျှ ရှိပြီး ပုံစံသုံးမျိုး ရှိကာ ပုံစံနှစ်မျိုးကို ချမ်လူမျိုးများမှ ကျင့်သုံးကိုးကွယ်ကြပြီး တတိယတစ်မျိုးကို နိုင်ငံအတွင်း မျိုးဆက်ပေါင်း များစွာ နေထိုင်လာခဲ့ကြသော မလေးလူမျိုးတို့၏ မျိုးဆက်များမှ ကိုးကွယ်ကြသည်။ ကမ္ဘောဒီးယားရှိ မွတ်ဆလင် ဘာသာဝင်တို့၏ ၈၀% မှာ ချမ်လူမျိုးများ ဖြစ်သည်။[၂၀၂]
၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်း ပျမ်းမျှသက်တမ်းမှာ ၇၅ နှစ် ဖြစ်ပြီး [၂၀၃] ၁၉၉၅ ခုနှစ် ပျမ်းမျှ သက်တမ်း ၅၅ နှစ်မှ ကြီးမားစွာ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။[၂၀၄] ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရ နှင့် ပုဂ္ဂလိက တို့မှ ဝန်ဆောင်မှု ပေးကြပြီး သုတေသန စစ်တမ်းများအရ ကမ္ဘောဒီးယား ကျေးလက်ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ကို လက်ခံမှု တိုးတက်လာရခြင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအား ယုံကြည်မှုကြောင့်ဟု တွေ့ရှိရသည်။[၂၀၅] အစိုးရသည် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် အခြား ရောဂါများနှင့် ပတ်သက်သော အသိပညာကို ပွင့်လင်းတိုးတက်စေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု၏ အရည်အသွေးကို တိုးမြင့်စေရန် ကြံစည်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ မွေးကင်းစကလေး သေဆုံးနှုန်းမှာ ၁၉၉၈ ခုနှစ်တွင် ကလေးငယ် ၁၀၀၀ လျှင် ၈၆ ဦးမျှ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၂၄ ဦး အထိ ကျဆင်းသွားခဲ့သည်။[၂၀၆]
အဆိုးရွားဆုံး ကျန်းမာရေး ညွှန်းကိန်းရှိသော ရတနဂီရိပြည်နယ်တွင် အသက် ၅ နှစ်မတိုင်မီတွင် ကလေးငယ် ၂၂.၉% မျှ သေဆုံးကြသည်။[၂၀၇]
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း အများဆုံးသော နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ခန့်မှန်းချက်အချို့အရ မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများကြောင့် ၁၉၇၀ ခုနှစ်မှစ၍ အရပ်သား ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာမှာ လက်ပြတ်ခြေပြတ်ဖြစ်ခြင်း နှင့် ဒဏ်ရာရခြင်း တို့ ခံခဲ့ကြရသည်။[၂၀၈] မြေမြှုပ်မိုင်းကြောင့် သေဆုံးကြောင်း သိရှိရသည့် လူအရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် ၈၀၀ မျှ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၁၁၁ ဦး သို့ သိသာထင်ရှားစွာ ကျဆင်းသွားခဲ့သည်။[၂၀၉] မြေမြှုပ်မိုင်းကြောင့် အသက်မသေသော လူကြီးများမှာ လက်ခြေ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြတ်တောက်ကြရကာ ဆက်လက်ရှင်သန်နိုင်ရန် အတွက် တောင်းရမ်းစားသောက် ကြရသည်။[၂၀၈] ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် မြေမြှုပ်မိုင်း ကင်းစင်လိမ့်မည်ဟု မျှော်လင့်ရသည်။[၂၁၀] သို့သော်လည်း လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု ကျန်ရစ်ခြင်းအတွက် မိဘမဲ့ဖြစ်ခြင်း နှင့် လူ ၂၉၀တွင် တစ်ဦးမျှ လက်ပြတ်ခြေပြတ် ဖြစ်နေခြင်းမှာ [၂၁၁] လာမည့်နှစ်များတွင် ကမ္ဘောဒီးယားအား ဆက်လက် သက်ရောက်မှု ရှိနေနိုင်သေးသည်။
ကမ္ဘောဒီးယားတွင် မြေမြှုပ်မိုင်း နှင့် လက်နက်ခဲယမ်း ပေါက်ကွဲမှု များကြောင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဒဏ်ရာရရှိသူ ၄၄,၆၃၀ ဦးမျှ ရှိကြောင်း ကမ္ဘောဒီးယား မိုင်း/ယူအိတ်စ်အို ခံရသူ အချက်အလက်စနစ် အရ သိရသည်။[၂၁၂]
ပညာရေး၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံ ပညာရေးနှင့် ပတ်သက်သော တစ်နိုင်ငံလုံးဆိုင်ရာ ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ရန် တာဝန်ရှိသော ဌာန ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေး စနစ်မှ အလွန်ပင် ဗဟိုချုပ်ကိုင်မှု အားနည်းပြီး အစိုးရ၏ အဆင့် ၃ ခု ဖြစ်သော ဗဟို၊ ပြည်နယ် နှင့် ခရိုင် ဆိုင်ရာ အဆင့်တို့သည် စီမံခန့်ခွဲမှု အတွက် အသီးသီး တာဝန်ရှိကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၉ နှစ် အထိ မသင်မနေရ အခမဲ့ ပညာရေး စနှစ်ကို အားပေးအားမြှောက် ပြုထားပြီး အခြေခံ အရည်အသွေးရှိ ပညာရေး အတွက် လူတိုင်း အခွင့်အရေးကို အာမခံပေးထားသည်။
၂၀၁၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေစာရင်း အရ လူဦးရေ၏ ၈၈.၅ % သည် စာတတ်မြောက်သည်ဟု ခန့်မှန်းထားသည်။ (အမျိုးသား ၉၁.၁% နှင့် အမျိုးသမီး ၈၆.၂%) [၄] လူငယ်ယောက်ျားလေး အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်းတွင် စာတတ်မြောက်မှုနှုန်းသည် ၈၉% ပြီး အမျိုးသမီးမှာ ၈၆% ဖြစ်သည်။[၂၁၃]
ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးစနစ်သည် စိမ်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ သို့သော်လည်း ယခင်နှစ်များအတွင်းက သိသာစွာ တိုးတက်မှုများ ပြသလာပြီး အထူးသဖြင့် မူလတန်းကျောင်းသား ကျောင်းအပ်မှုနှုန်း မြင့်မားလာခြင်း၊ ပရိုဂရမ်ပေါ် အခြေခံသော ဘတ်ဂျက်ကို စတင်ကျင့်သုံးခြင်း၊ ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သော ကလေးငယ်များ ပညာသင်ယူခွင့်ရနိုင်ရန် အတွက် ပေါ်လစီ များကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း တို့ ဖြစ်သည်။ နိုင်ငံအနေဖြင့် သက်မွေးပညာသင်ကြားမှုတွင်လည်း ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်ကာ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းရန် အတွက် ဖြစ်သည်။ [၂၁၄][၂၁၅] ကမ္ဘောဒီးယားရှိ နာမည်ကျော်ကြား လူကြိုက်အများဆုံး တက္ကသိုလ်နှစ်ခုသည် ဖနွမ်းပင်တွင် ရှိသည်။
ရိုးရာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးမှာ ဝပ် ဟု ခေါ်သော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ သင်ကြားပေးကြပြီး ပညာရေးကို ယောက်ျားလေးများအတွက်သာ သီးသန့်သင်ကြားပေးလေ့ ရှိသည်။ [၂၁၆] သို့သော်လည်း ခမာနီ အစိုးရလက်ထက်တွင် ပညာရေးသည် သိသာစွာ ဆုတ်ယုတ်သွားခဲ့သည်။ ထို့ပြင် ကလေးများကို အလုပ်စေခိုင်းမှုများကြောင့်လည်း ပညာရေးတွင် သိသာစွာ ဆုတ်ယုတ်မှုများ ရှိသည်။ ကင်မ် (၂၀၁၁) ၏ လေ့လာမှုအရ အလုပ်လုပ်နေကြသော ကလေးအများစုမှာ ကျောင်းအပ်ကြသော်လည်း သူတို့၏ အလုပ်ကြောင့် ကျောင်းအပ်နောက်ကျမှုများ ရှိပြီး သူတို့၏ သင်ကြားရေးအတွက် အနှုတ်သဘောဆောင်သော ရိုက်ခတ်မှု ဖြစ်စေခဲ့ကာ ကျောင်းထွက်နှုန်းကိုလည်း မြင့်မားစေခဲ့သည်။ [၂၁၇]
ကမ္ဘောဒီးယားနိုင်ငံရှိ မူလတန်းကျောင်းသားများ၏ ကျောင်းတွင် စွမ်းဆောင်နိုင်မှုနှင့်ပတ်သက်၍ သုတေသနများအရ သိရသည်မှာ မိဘတို့၏ သဘောထားနှင့် ယုံကြည်မှုတို့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရသည်။ [၂၁၈] ထိုလေ့လာမှုအရ တွေ့ရသည်မှာ အထူးသဖြင့် ကလေးများ၏ ညံ့ဖျင်းမှုသည် မိဘများမှ ကံကိုသာ ပုံချတတ်သော အယူအဆ ပြင်းထန်မှုနှင့် ဆက်စပ်ကြောင်း တွေ့ရသည်။ (လူ၏ ခွန်အားသည် ကံကို မပြောင်းလဲနိုင်ဟု ယုံကြည်ခြင်းမျိုး ဖြစ်သည်။) ခြုံငုံ၍ ကြည့်မည် ဆိုပါက ထိုလေ့လာမှုက ပြသနေသည်မှာ ပညာရေးတွင် ထူးချွန်မှုနှင့် ပတ်သက်၍ မိဘတို့၏ သဘောထားနှင့် ယုံကြည်မှုသည် ဗဟိုချက် ဖြစ်ကြောင်း တွေ့ရသည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူသတ်မှုနှုန်းမှာ လူဦးရေ ၁၀၀,၀၀၀ လျှင် ၂.၄ ဦး မျှ ရှိသည်။ [၂၁၉]
ပြည့်တန်ဆာ လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် တရားမဝင်လုပ်ငန်း ဖြစ်သော်လည်း နေရာအနှံ့အပြားတွင် တွေ့ရသည်။ ၁၉၉၃ ခုတွင် အမျိုးသမီးများအား ပြည့်တန်ဆာ လုပ်ငန်းနှင့် ပတ်သက်၍ အင်တာဗျူး အစီအစဉ်တွင် လေးပုံသုံးပုံမျှသော အင်တာဗျူး ဖြေကြားသူတို့ အနေနှင့် ပြည့်တန်ဆာ လုပ်ငန်းကို လူမှုရေး သတ်မှတ်ချက် တစ်ခုနှင့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အဖြစ်သာ ရှုမြင်ကြပြီး ရှက်စရာ မဟုတ်ဟု ခံစားကြသည်။ [၂၂၀] ထိုနှစ်တွင်ပင် ကမ္ဘောဒီးယား၌ လိင်လုပ်သား ၁၀၀,၀၀၀ မျှ ရှိသည်ဟု ခန့်မှန်းရသည်။ [၂၂၀]
၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်တွင် ဝန်ကြီးချုပ် ဟွန်ဆန်သည် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနှင့် အွန်လိုင်းလောင်းကစားလိုင်စင် အသစ်များ ထုတ်ပေးခြင်းမှ တားမြစ်သော အမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိ အော်ပရေတာများအနေနှင့် လိုင်စင်သက်တမ်း ကုန်ဆုံးသည် အထိသာ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိကြမည် ဖြစ်သည်။ အမိန့်ကြော်ငြာစာအရ "အချို့သော နိုင်ငံခြားသားများသည် ထိုသို့သော လောင်းကစား ပုံစံကို အသုံးပြု၍ ပြည်တွင်းနှင့် ပြည်ပမှ သားကောင်များကို လိမ်လည်လှည့်ဖြားကြသည်။" ဆိုသော အချက်ကို ပေါ်လစီအသစ် ထုတ်ပြန်ရခြင်း အကြောင်းအဖြစ် ဖော်ပြထားသည်။ [၂၂၁] ကမ္ဘောဒီးယားနိုင်ငံသည် အမိန့်ကြော်ငြာစာအသစ် မထုတ်ပြန်ခင် အချိန် အထိ ထိုသို့သော လိုင်စင်ပေါင်း ၁၅၀ ကျော်ကို ထုတ်ပေးထားခဲ့သည်။ [၂၂၂]
ကမ္ဘောဒီးယားတို့၏ ယဉ်ကျေးမှုသည် အကြောင်းအရာများစွာ ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာပြီး ထိုအကြောင်းအရာများထဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ပြင်သစ်ကိုလိုနီစနစ် နှင့် အန်ကော ယဉ်ကျေးမှုနှင့် ယနေ့ခေတ် လွှမ်းခြုံဆက်စပ်နေသော ကမ္ဘာ တို့ ပါဝင်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာနသည် ကမ္ဘောဒီးယား ယဉ်ကျေးမှု တိုးတက်မြှင့်တင်ရန် အတွက် တာဝန်ရှိသော ဌာန ဖြစ်သည်။ ကမ္ဘောဒီးယား၏ ယဉ်ကျေးမှုသည် ကမ္ဘောဒီးယားရှိ လူအများစုဖြစ်သော မြေနိမ့်ပိုင်း လူမျိုးတို့၏ ယဉ်ကျေးမှုသာ ပါဝင်သည် မဟုတ်ပဲ ယဉ်ကျေးမှုအရ သီးသန့်ထင်ရှားသော တောင်ကုန်းနေ လူမျိုးစု ၂၀ တို့၏ ယဉ်ကျေးမှုလည်း ပါဝင်သည်။ ထိုလူမျိုးစု ၂၀ တို့အား ခမာလိုး ဟု နိုဒွမ်သီဟာနုမှ နာမည်ပေးခဲ့ပြီး တောင်ကုန်းနှင့် မြေနိမ့်ပိုင်း လူမျိုးတို့အကြား ညီညွတ်မှု ရရှိစေရန် ရည်ရွယ် သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
ကျေးလက်နေ ကမ္ဘောဒီးယား ပြည်သူတို့သည် ခရာမာဟု ခေါ်သော ခေါင်းစည်းကို ဝတ်ဆင်ကြပြီး ထိုခေါင်းစည်းမှာ ကမ္ဘောဒီးယား ဝတ်စားဆင်ယင်မှု၏ သီးသန့်ထင်ရှားသော အဝတ်အစားဖြစ်သည်။ ဆမ်ပြာ ဟု ခေါ်သော လက်အုပ်ချီ နှုတ်ဆက်ခြင်းမှာ ကမ္ဘောဒီးယားတို့၏ ရိုးရာ အရ အခြားသူအား နှုတ်ဆက်ခြင်း သို့မဟုတ် လေးစားသမှု ပြသခြင်း ဖြစ်သည်။ ခမာ ယဉ်ကျေးမှုကို ခမာအင်ပိုင်ယာမှ ဖော်ထုတ်၍ ပြန့်နှံ့စေခဲ့ပြီး ၎င်းတို့တွင် ထင်ရှားသော အကပုံစံ၊ ဗိသုကာပညာ နှင့် ပန်းပုပညာတို့ ပါဝင်ကာ ၎င်းတို့ကို အိမ်နီးချင်းများ ဖြစ်သော လောနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့နှင့် ယဉ်ကျေးမှု တလျှောက် ဖလှယ်ခဲ့ကြသည်။ အန်းကောဝပ် (အန်းကောဆိုသည်မှာ မြို့တော် ဝပ် ဆိုသည်မှာ ပုထိုး ဟု အဓိပ္ပာယ်ရသည်။) ဆိုသည်မှာ အန်းကောခေတ်မှ ခမာ ဗိသုကာပညာ၏ အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ခဲ့သော ဥပမာ ဖြစ်ပြီး ထိုဒေသအတွင်းနှင့် ထိုဒေသဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့သော အခြားသော ပုထိုးရာပေါင်းများစွာလည်း အပါအဝင် ဖြစ်သည်။
ရိုးရာအားဖြင့် ခမာလူမျိုးတို့သည် အချက်အလက်များကို ထန်းရွက်များပေါ်တွင် ရေးသား မှတ်တမ်းတင်ထားခဲ့သည်။ ထန်းရွက်စာများတွင် ခမာလူမျိုးတို့၏ ဒဏ္ဍာရိများ၊ ရာမယဏ ဇာတ်တော်၊ ဗုဒ္ဓဝင် နှင့် အခြားသော ဘုရားစာအုပ်များကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုထန်းရွက်စာများကို ရေငွေ့နှင့် ရာသီဥတုဒဏ်မှ ကာကွယ်နိုင်ရန် အဝတ်ဖြင့် ပတ်၍ သိမ်းဆည်းထားခဲ့သည်။ [၂၂၃]
ဘွန်အွမ်တောက် (ကမ္ဘောဒီးယား ရေနှင့်လ ပွဲတော်) သည် နှစ်စဉ် ကျင်းပသော လှေပြိုင်ပွဲ ဖြစ်ပြီး လူအများဆုံး ပါဝင်တက်ရောက်ကြသော အမျိုးသားပွဲတော် ဖြစ်သည်။ မိုးရာသီ အဆုံးတွင် ကျင်းပလေ့ ရှိပြီး ထိုအချိန်တွင် မဲခေါင်မြစ်အနေနှင့် မူလအခြေအနေသို့ ပြန်လည်ရေကျစ ပြုလာပြီး တုန်လီဆပ်မြစ်ကို ပြောင်းပြန် ပြန်စီးစေသော အချိန်ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘောဒီးယားလူမျိုးတို့၏ ၁၀% သည် နှစ်စဉ်နှစ်တိုင်း ထိုပွဲတော်ကို တက်ရောက်လေ့ ရှိပြီး ဝင်ရောက်ကစားရန်၊ လမင်းကို ကျေးဇူးတင်ရန်၊ မီးရှူးမီးပန်း ကြည့်ရှုရန် နှင့် ပွဲတော်ပုံစံ ပတ်ဝန်းကျင် အခြေအနေတွင် ညစာစားရန်နှင့် လှေပြိုင်ပွဲကို တက်ရောက်ရန် အတွက် ဖြစ်သည်။ [၂၂၄]
လူကြိုက်များသော ကစားနည်းများတွင် ဘောလုံး၊ အဝတ်လုံးနှင့်တူသော ဆေ ဟုခေါ်သော အလုံးကို ကန်ခြင်း နှင့် စစ်တုရင် တို့ ပါဝင်သည်။ ဂန္ထဝင် အိန္ဒိယ နေအခြေခံ ပြက္ခဒိန်နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုအရ ကမ္ဘောဒီးယား၏ နှစ်သစ်ကူးပွဲသည် ဧပြီလတွင်ကျရောက်သော အဓိက အားလပ်ရက် ဖြစ်သည်။ လတ်တလော ထင်ရှားသော အနုပညာရှင်များတွင် ဆင်း ဆီဆာမောက် နှင့် ရော့စ်ဆာရေး ဆိုသီ (နောက်ပိုင်းတွင် ပရိ ဆိုဗက် နှင့် ဆိုခွန် နီဆာ) တို့ပါဝင်ပြီး ၎င်းတို့မှာ နိုင်ငံအတွင်းသို့ ဂီတပုံစံအသစ်ကို မိတ်ဆက်ပေးခဲ့သူများ ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်းတွင် ကမ္ဘောဒီးယားတို့သည် နိုင်ငံအနှံ့ရှိ ဘုရားများကို သွားရောက်ခြင်းဖြင့် ပီချမ်ဘန် ဟုခေါ်သော ဘိုးဘွားနေ့ကို ကျင်းပကြသည်။ ၁၅ ရက်မျှ ကြာသော ပွဲတော်အတွင်းတွင် လူတို့သည် သေဆုံးပြီးသော ဆွေမျိုးများ၏ ဝိဉာဉ်အတွက် ရှိခိုးဆုတောင်းခြင်းနှင့် အစားအသောက်များကို ဆက်ကပ်ခြင်းတို့ ပြုလုပ်ကြသည်။ ကမ္ဘောဒီးယား လူမျိုးအများစုအတွက် ထိုအချိန်သည် ခမာနီ အစိုးရလက်ထက် ၁၉၇၅-၁၉၇၉ ခုနှစ်အတွင်း သေဆုံးခဲ့သော ဆွေမျိုးသားခြင်းများကို လွမ်းဆွတ်သတိရသည့် အချိန် ဖြစ်သည်။ [၂၂၅]
အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ပင် ဆန်သည် အဓိက စားစရာ ဖြစ်သည်။ မဲခေါင်နှင့် တုန်လီဆပ်မြစ်တို့မှ ငါးများသည်လည် အစားအစာ၏ အရေးပါသော အပိုင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် အစားအစာနှင့် ကုန်သွယ်မှုအတွက် ငါးနှင့် ငါးမှရသော ပစ္စည်းတို့မှာ လူတစ်ဦးလျှင် ၂၀ ကီလိုဂရမ် (၄၄ ပေါင်) သို့မဟုတ် လူတစ်ဦးတစ်နေ့လျှင် ၂ အောင်စ မျှ ဖြစ်သည်။[၂၂၆] အချို့သောငါးများကို ကြာရှည်အထားခံရန် ပရာဟွတ် အဖြစ် ထုတ်ပိုး ထိန်းသိမ်း ထားကြသည်။
ကမ္ဘောဒီးယားတို့၏ ဟင်းလျာများတွင် အပူပိုင်းသစ်သီးများ၊ စွတ်ပြုတ်များနှင့် ခေါက်ဆွဲများ ပါဝင်သည်။ အဓိကပါဝင်သည့် ပစ္စည်းများမှာ ကပ်ဖာသံပရာသီး၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ပဲငံပြာရည်၊ မန်းကျည်းသီး၊ ဂျင်း၊ ခရုဆီ၊ အုန်းနို့ နှင့် ငရုတ်ကောင်းမည်း တို့ ပါဝင်သည်။ အထူးဟင်းလျာများ အနေနှင့် နမ်ဘန်ချောက်၊ ငါးအာမော့ နှင့် အာပင်း တို့ ရှိကြသည်။ ကမ္ဘောဒီးယားသည် ထင်ရှားသော ဒေသတွင်း လမ်းဘေးအစားအသောက်များ အတွက်လည်း ဂုဏ်ယူစွာ ဖော်ပြလေ့ ရှိသည်။
ပြင်သစ်တို့၏ လွှမ်းမိုးမှုကို ကမ္ဘောဒီးယား အစားအသောက်များတွင် တွေ့ရသည်မှာ ကမ္ဘောဒီးယား ဟင်းရည်နီ နှင့် မီးကင်ထားသော ဘာဂက်ပေါင်မုန့် ဖြစ်သည်။ မီးကင်ထားသော ဘာဂက်ပေါင်မုန့် အပိုင်းအစကို ဟင်းရည်ထဲတွင် နှစ်၍ စားသောက်ကြသည်။ ကမ္ဘောဒီးယား ဟင်းရည်နီကို ထမင်းနှင့် ကြာဇံ တို့ဖြင့်လည်း စားသုံးကြလေ့ ရှိသည်။ အပြင်တွင် ထွက်၍ ညစာအဖြစ်စားသုံးလေ့ ရှိကြသော အစားအစာများထဲမှ လူကြိုက်များသော အစားအသောက်တစ်ခုမှာ ကူးအီတိဗ် ဖြစ်ပြီး ၎င်းမှာ ဝက်စွပ်ပြုတ်ရည် ခေါက်ဆွဲပြုတ်ဖြစ်ပြီး ကြက်သွန်ကြော်၊ ကြက်သွန်မြိတ်၊ ကြက်သွန်စိမ်း၊ တို့ ပါဝင်ကာ အမဲသားလုံး၊ ပုဇွန်၊ ဝက်အသည်းနှင့် မုန်လာရွက်တို့ကိုလည်း ထည့်သွင်းစားသောက်လေ့ ရှိသည်။ ကမ်ပေါ့ ငရုတ်ကောင်းအား ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုလေ့ရှိပြီး ကပ်မြို့ အိုထရိုဂျပ်မြစ် ပေါ်ရှိ ဂဏန်းတဲတွင် ဂဏန်း နှင့် ပြည်ကြီးငါးတို့ဖြင့် တွဲဖက် စားသုံးကြသည်။ [၂၂၇] ကမ္ဘောဒီးယား ဟင်းလျာများကို အိမ်နီးချင်းဖြစ်သော ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဟင်းလျာများလောက် ကမ္ဘာက မသိကြပေ။
ကမ္ဘောဒီးယားတို့သည် မဏ္ဍလဂီရိပြည်နယ်နှင့် ကီရီရွန် ပတ်ဝန်းကျင်တွင် စိုက်ပျိုးသော လက်ဖက်ရည်ကို အများအပြား သောက်သုံးကြသည်။[၂၂၈] "တီ ကရိုလပ်" သည် အလွန် အရသာပြင်းသော လက်ဖက်ရည် ဖြစ်ပြီး ဖန်ခွက်ငယ်အတွင်း လက်ဖက်ရွက် အများအပြားနှင့် ရေတို့ကို ထည့်၍ ပန်းကန်ပြားကို ထိပ်မှ အုပ်ကာ အပေါ်အောက် ပြန်လှန်၍ နှပ်သော လက်ဖက်ရည် ဖြစ်သည်။ ရေသည် လုံလောက်သော အကျရည် အရောင်သို့ ပြောင်းလာပါက အခြားခွက်တစ်ခုထဲကို့ တဖြည်းဖြည်း လောင်းထည့်၍ သကြားအများအပြား ထည့်ကြသော်လည်း နို့ မထည့်ကြပေ။ လီမွန်တီး မှာ တရုတ် အနီရောင် လက်ဖက်ခြောက်နှင့် သံပုယိုရည် တို့ ပေါင်း၍ ဖျော်စပ်ကြသည်။ အပူနှင့် အအေးသည် လူကို လန်းဆန်းစေပြီး သကြား အများအပြား ထည့်၍ ဖျော်စပ်ကြသည်။[၂၂၉]
ကော်ဖီနှင့် ပတ်သက်၍မူ ကော်ဖီစေ့ကို လာအို နှင့် ဗီယက်နမ်တို့မှ ယေဘုယျအားဖြင့် တင်သွင်းလေ့ရှိကြပြီး အချို့နေရာများတွင် ရတနာဂီရိ ပြည်နယ်နှင့် မဏ္ဍလဂီရိ ပြည်နယ်တို့မှ ပြည်တွင်း စိုက်ပျိုးသော ကော်ဖီများကို တွေ့ရလေ့ ရှိသည်။ ကော်ဖီစေ့များကို ရိုးရာအားဖြင့် ထောပတ်နှင့် သကြားတို့ဖြင့် လှော်လေ့ရှိကြသည့် အပြင် အခြားသော ပစ္စည်းများ ဖြစ်ကြသော ရမ်အရက်မှစ၍ ဝက်ဆီ အထိ ပစ္စည်းအမျိုးမျိုးကို ထည့်သွင်းလေ့ ရှိကြသဖြင့် အရည်ကို ထူးဆန်းပြီး တခါတရံ ချောကလက်နံ့ ဖျော့ဖျော့ရသော အနံ့ကို ဖြစ်စေသည်။[၂၂၉]
ကမ္ဘောဒီးယားတွင် သီဟာနုဗေးလ်ပြည်နယ်နှင့် ဖနွမ်းပင်တို့တွင် အဓိကအားဖြင့် တည်ရှိသော ဘီယာစက်ရုံကြီး အချို့ ရှိသည်။ ဖနွမ်းပင်နှင့် ဆီရမ်ယိတို့တွင် တိုးပွားလာသော ဘီယာစက်ရုံ အသေးစားများလည်း ရှိသည်။ [၂၃၀][၂၃၁] ၂၀၁၄ ခုနှစ် မှ ၂၀၁၈ အတွင်း လက်ချက် ဘီယာစက်ရုံ ၂ ခုမှ ၉ ခုအထိ တိုးပွားလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယား၌ ဆိုင်ချက်ဘီယာဆိုင် သို့မဟုတ် ဘီယာချက်စက် အသေးများမှာ ၁၂ ခု အထိ ရှိသည်။[၂၃၂]
ဆန်ဝိုင်အရက်သည် လူကြိုက်များသော အရက်တစ်မျိုးဖြစ်သည်။ ၎င်း၏ ကွာလတီမှာ ကျယ်ပြန့်စွာ ကွဲပြားပြီး အမြဲဆိုသလို သစ်သီးများ သို့မဟုတ် ဆေးဘက်ဝင် သစ်မြစ်များဖြင့် ရောစပ် ထုတ်လုပ်လေ့ ရှိသည်။ [၂၃၃] ဆွမ်ဘိုင်း အရက်ကဲ့သို့ သစ်သီး သို့မဟုတ် ဟင်းခပ်အမွှေးအကြိုင်များကို ရေစိမ်၍ ထုတ်လုပ်သည့် အခါတွင် "ဆရာ ထရမ်" (ရေစိမ်ဝိုင်) ဟို ခေါ်ကြပြီး ဆန်ဝိုင်အရက်နှင့် နှိုင်းယှဉ်လျှင် ပိုမို၍ အဝင်ချောသောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ ပို၍ ရေပန်းစားလာခဲ့သည်။ [၂၃၄][၂၃၅][၂၃၆]
ခမာ အမျိုးသမီးများအား ရိုးရာအားဖြင့် နှိမ့်ချ၍၊ စကားပြော သိမ်မွေ့ကာ၊ ကောင်းစွာပြုမူနေထိုင် တတ်ပြီး [၂၃၇] အလုပ်ကို ကြိုးစားလုပ်ကိုင်၍ [၂၃၈] မိသားစု အား ဂရုစိုက်မည့်သူ နှင့် မိသားစုမှ ဂရုစိုက်ခံမည့်သူ [၂၃၇]ဖြစ်သည့်အပြင် ငွေကြေးကိစ္စများကို စီမံခန့်ခွဲမည့်သူ၊ [၂၃၈]လက်ထပ်သည့် အချိန်အထိ အပျိုရည်ကို ထိန်းသိမ်းကာ သစ္စာရှိသော ဇနီးမယား အဖြစ် ရှိမည့်သူ [၂၃၇] နှင့် သူတို့၏ ခင်ပွန်းအတွက် အကြံပေး အဖြစ် ဆောင်ရွက်မည့်သူ [၂၃၈] အဖြစ် ရှုမြင် မျှော်လင့်ကြသည်။ ကမ္ဘောဒီးယား အမျိုးသမီးများ၏ လမ်းလျှောက်ပုံနှင့် အဝတ်အစားတို့၏ ကောင်းခြင်းရှိပုံတို့အား "လှုပ်ရှားရာတွင် ညင်သာ၍ အခြားသူများ အနေနှင့် သူတို့၏ ပိုးထမီ ပွတ်တိုက်သံကို မကြားနိုင်" ဟု ဖော်ပြလေ့ ရှိကြသည်။ [၂၃၈] ငွေကြေးကို စီမံခန့်ခွဲသူ အနေနှင့် ကမ္ဘောဒီးယား အမျိုးသမီးများ အနေနှင့် မိသားစု အဆင့်တွင် အိမ်တွင်း အာဏာရှိသူ အဖြစ် သတ်မှတ်ကြသည်။
ဘောလုံးကစားခြင်းသည် ရေပန်းအစားဆုံး အားကစားနည်း တစ်ခု ဖြစ်သော်လည်း ကြေးစားအဆင့် အားကစားကို စုစည်းဆောင်ရွက်ခြင်းမှာ ကမ္ဘောဒီးယားတွင် စီးပွားရေး အခြေအနေကြောင့် အနောက်နိုင်ငံများကဲ့သို့ မကျယ်ပြန့်ပေ။ ဘောလုံးကစားနည်းကို ပြင်သစ်တို့က ကမ္ဘောဒီးယားသို့ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားတို့ အကြားတွင် လူကြိုက်များသည်။ [၂၃၉] ကမ္ဘောဒီးယား အမျိုးသား ဘောလုံးအသင်းသည် ၁၉၇၂ ခုနှစ် အာရှဖလားတွင် စတုတ္ထ ရရှိခဲ့သော်လည်း ပြည်တွင်းစစ်ကြောင့် ထိုအချိန်မှစ၍ တိုးတက်မှု နှေးကွေးခဲ့သည်။
အနောက်တိုင်း အားကစားနည်းများ ဖြစ်သော ဘတ်စကက်ဘော၊ ဘောလီဘော၊ ကာယဗလ၊ ဟော့ကီ၊ ရပ်ဂ်ဘီ ယူနီယံ၊ ဂေါက်သီး နှင့် ဘေ့စ်ဘော တို့မှာ လူကြိုက်များ ရေပန်းစားလာကြပြီ ဖြစ်သည်။ ဘော်လီဘော ကစားနည်းသည် အခုအချိန်အထိ ရေပန်းအစားဆုံး အားကစားနည်း ဖြစ်သည်။ ရိုးရာ အားကစားနည်းများတွင် ရိုးရာလှေပြိုင်ခြင်း၊ ကျွဲပြိုင်ခြင်း၊ ပရာဒယ် ဆီရေး၊ ခမာရိုးရာ နပမ်းသတ်ခြင်း နှင့် ဘိုကေတာ တို့ ပါဝင်သည်။ ကမ္ဘောဒီးယားသည် ၁၉၅၆ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲတွင် ပထမဆုံး ပါဝင်ခဲ့ပြီး မြင်းစီးသမားများကို စေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။ ကမ္ဘောဒီးယားသည် ဂိန်းဖို(GANEFO) ဟုခေါ်သော အိုလံပစ်နှင့် အလားတူသော အားကစားပွဲကို ၁၉၆၀ ခုနှစ်များက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။
ကမ္ဘောဒီးယား အကကို အဓိက ကဏ္ဍ ၃ ခု ခွဲခြားနိုင်သည်။ ခမာဂန္ထဝင်အက၊ ရိုးရာအက နှင့် ပွဲတက် အက တို့ ဖြစ်ကြသည်။ ခမာဂန္ထဝင် အက၏ ဇာစ်မြစ် အမှန်မှာ အငြင်းပွားဆဲ ဖြစ်သည်။ နိုင်ငံအတွင်းရှိ ခမာပညာရှင်များက ယနေ့ခေတ် အကပုံစံကို အန်းကောခေတ်သို့ ပြန်လည် ခြေရာခံ ကြပြီး ပုထိုးအတွင်း ရေးဆွဲထွင်းထုထားသော ပုံများနှင့် တူညီမှုကို တွေ့မြင်သောကြောင့် ဖြစ်ကာ အခြားသူများကမူ ယနေ့ခေတ် ခမာ အက စတိုင်လ်များမှာ ၁၈၀၀ ခုနှစ်များ အတွင်း ထိုင်းနန်းတော် ကချေသည်များ ထံမှ သင်ယူ (သို့မဟုတ် ထပ်မံသင်ယူ) ခဲ့သည်ဟု ယူဆကြသည်။
ခမာဂန္ထဝင်အကကို ကမ္ဘောဒီးယား တော်ဝင်နန်းတော်တွင် စတင်ခဲ့ပြီး ပုံစံကျသော ဖျော်ဖြေရေး တစ်ခု ဖြစ်ကာ ဖျော်ဖြေရန် နှင့် အခမ်းအနားများတွင် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ [၂၄၀] ထိုအကများကို ရှုပ်ထွေးစွာ ဝတ်စားဆင်ယင်ထား၍ အပြင်းအထန် လေ့ကျင့်ထားသော အမျိုးသား အမျိုးသမီးများက အများပြည်သူ ဆိုင်ရာ ပွဲလမ်းများတွင် ရိုးရာ ဇာတ်လမ်းများ နှင့် ရာမယဏဇာတ်အား ခမာမှု ပြုထားသော ရင်းမ်ကာကဲ့သို့သော ကဗျာရှည်ကြီးများကို အမှတ်ရစေရန်၊ ပြန်ပြောင်းသတိရရန် နှင့် သရုပ်ဆောင်ရန် အတွက် ကပြလေ့ ရှိကြသည်။[၂၄၁] "ရိုဘမ် ပရီယာ ရိချ် ထရိုယပ်" ("တော်ဝင်ကြွယ်ဝမှု၏ ဇာတ်ရုံ") ဟု သိကြသော အရာမှာ ပင်ပိ တီးဝိုင်းကို အသံပါဝင် ဖျော်ဖြေသည့် ဂီတ ဖြစ်သည်။
ကမ္ဘောဒီးယား ရိုးရာအကကို အမြဲလိုပင် မာဟိုရီဂီတ နှင့် တွဲဖက် ကပြလေ့ ရှိကြပြီး ကမ္ဘောဒီးယားရှိ အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် လူမျိုးစု အဖွဲ့တို့၏ ပွဲလမ်းသဘင်များတွင် ကပြ လေ့ ရှိကြသည်။ ရိုးရာအကများ မြစ်ဖျားခံသည်မှာ ကျေးရွာများတွင် အစတည်ခဲ့ပြီး များသောအားဖြင့် ရွာသားများက အခြားရွာသားများအတွက် ကပြ ဖျော်ဖြေကြခြင်း ဖြစ်သည်။ [၂၄၂] ကကွက်များမှာ စတိုင်သိပ်မကျပဲ ဝတ်ဆင်သည့် အဝတ်အစားမှာလည်း ကချေသည်များ ပုံစံတူ သရုပ်ဆောင်သည့် လူများ၏ အဝတ်အစားသာ ဖြစ်ကာ တောင်ကုန်းနေ လူမျိုးစုများ၊ ချမ်လူမျိုးများ သို့မဟုတ် လယ်သမားများ စသည်တို့ ဖြစ်သည်။ ဂန္ထဝင် အကထက် ကကွက်ပိုမြန်ဆန်ပြီး ရိုးရာအကများမှာ သာမန်လူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်သော အချစ်၊ ဟာသ နှင့် မကောင်းဆိုးဝါးများကို မောင်းထုတ်ခြင်း စသည်တို့ကို ပြသလေ့ ရှိသည်။ [၂၄၂]
ပွဲတက်အကများကို ညစာစားပွဲများ၊ ပါတီများ နှင့် အခြား ကိန်းခမ်းမကြီးသော လူမှုရေးဆိုင်ရာ စုဝေးပွဲများတွင် တက်ရောက်သူများက ကလေ့ ရှိကြသည်။ ခမာတို့၏ ရိုးရာ ပွဲတက်အကမှာ အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ပုံစံတူသည်။ ဥပမာအားဖြင့် ဝိုင်းပတ်ကခုန်ရသော ရွန်ဗောင် နှင့် ရွန်ဗတ် တို့အပြင် "ဆာရာဗန်" နှင့် "လမ်လိဗ်" တို့လည်း အပါအဝင် ဖြစ်သည်။ ခေတ်ပေါ် အနောက်တိုင်း အကများ ဖြစ်ကြသော ချားချား၊ ဘိုလီရို နှင့် မက်ဒီဆင် တို့သည်လည်း ကမ္ဘောဒီးယား ပွဲတက်အကများ အပေါ်တွင် လွှမ်းမိုးမှု ရှိသည်။
ကမ္ဘောဒီးယား အမျိုးသား စာကြည့်တိုက်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ [၂၄၃] စာကြည့်တိုက်သည် ခမာနီ အစိုးရ လက်ထက်တွင် ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။ [၂၄၄]
ရိုးရာ ကမ္ဘောဒီးယား ဂီတသည် ခမာအင်ပိုင်ယာခေတ်ကပင် အစပြုခဲ့သည်။ [၂၄၅]တော်ဝင်အကများ ဖြစ်ကြသော အက်ပ်စာရာအကသည် ကမ္ဘောဒီးယားယဉ်ကျေးမှု၏ ပြယုဂ် ဖြစ်သကဲ့သို့ပင် ၎င်းတို့နှင့် တွဲဖက်ဖျော်ဖြေသော မာဟော်ရီတီးဝိုင်းသည်လည်း ပြယုဂ်ပင် ဖြစ်သည်။ ကျေးလက်ဆန်သော ဂီတ အမျိုးအစားများမှာ "ချာပေး" နှင့် "အာယိုင်" တို့ ဖြစ်ကြသည်။ "ချာပေး" မှာ အသက်ကြီးသော လူကြီးများအတွင်း ခေတ်စားပြီး အများအားဖြင့် အမျိုးသားတစ်ဦးတည်းက ကမ္ဘောဒီးယား ဂစ်တာ ဖြစ်သော "ချာပေး" ကို သီချင်းစာပိုဒ်များကြားတွင် တီးခတ်ခြင်း ဖြစ်သည်။ သီချင်းစာသားမှာ ပုံမှန်အားဖြင့် ကိုယ်ကျင့်တရား နှင့် ဘာသာရေး အကြောင်းများ ဖြစ်သည်။
အယိုင် ဆိုသည်မှာမူ အမျိုးသား သို့မဟုတ် အမျိုးသမီး တစ်ဦးတည်းက ဖျော်ဖြေခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့် ဟာသဆန်သည်။ သီချင်းစာသားပုံစံ ကဗျာဖြစ်ပြီး အမြဲဆိုသလို အဓိပ္ပာယ် နှစ်ခွ ထွက်သည်များ ပြည့်နှက်နေပြီး ၎င်းတို့ကို ကြိုတင်ရေးသားထားခြင်း ရှိသကဲ့သို့ လုံးဝ လက်တမ်းပြောဆိုခြင်း ရှိသလို အလွတ်တမ်း ပြောဆိုခြင်းလည်း ရှိသည်။ စုံတွဲ သီဆိုသည့် အခါတွင် အမျိုးသား နှင့် အမျိုးသမီးတို့ တစ်လှည့်စီ ဆိုကြပြီး အခြားတစ်ဦး၏ စာသားကို ပြန်လည် ဖြေကြားခြင်း သို့မဟုတ် အခြားသူ ဖြေကြားရန် ပဟေဠိ ဖွက်ခြင်း တို့ဖြစ်ကာ တစ်ပိုဒ်နှင့် တစ်ပိုဒ်ကြားတွင် တီးလုံးဖြင့် အနားပေးလေ့ ရှိသည်။ "ပလန် ကား" ("မင်္ဂလာဆောင် ဂီတ") မှာမူ တစ်နေကုန်ကြာမြင့်သော ခမာ ရိုးရာမင်္ဂလာဆောင် အတွင်း အမျိုးမျိုးသော အခမ်းအနားများတွင် တွဲဖက်ရန်နှင့် ဖျော်ဖြေရန် အတွက် တီးမှုတ်လေ့ ရှိသော ဂီတနှင့် သီချင်းများ ဖြစ်သည်။
ကမ္ဘောဒီးယား၏ လူကြိုက်များ ရေပန်းစားသော ဂီတကို အနောက်တိုင်း တူရိယာများဖြင့် ဖျော်ဖြေတီးခတ်လေ့ ရှိသလို ရိုးရာနှင့် အနောက်တိုင်းတူရိယာများကိုလည်း တွဲဆက် တီးခတ်လေ့ ရှိသည်။ အကအတွက် ဂီတကိုမူ ပွဲတက်အကများအတွက် သီးသန့်စတိုင်လ်ကို ရေးစပ်လေ့ ရှိသည်။ အချစ်အလွမ်းသီချင်းများကို သီဆိုလေ့ရှိသော ၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ်များမှ စင်း စီစာမောက်၊ ရော့စ် စီရေးစိုသီယာ နှင့် ပန်ရန်တို့အား ကမ္ဘောဒီယား ၏ ဂန္ထဝင်ပေါ့ပ်ဂီတများဟု မှတ်ယူလေ့ ရှိသည်။ ခမာနီ တော်လှန်ရေးအတွင်း ၁၉၆၀ ခုနှစ်များ နှင့် ၁၉၇၀ ခုနှစ်များမှ ဂန္ထဝင် နှင့် လူကြိုက်များသော အဆိုတော်အများစုမှာ အသတ်ခံရခြင်း၊ သေသည်အထိ အစာငတ် ရေငတ် ပစ်ထားခံရခြင်း နှင့် သေသည်အထိ အလုပ်ခိုင်းခြင်း စသည့် ခမာနီတို့၏ ပြုကျင့်မှုများကို ခံခဲ့ရပြီး[၂၄၆] ထိုခေတ်အခါက မူရင်းမာစတာ တိပ်ခွေများ မှာ ပျောက်ဆုံးပျက်စီး ခဲ့သည်။
၁၉၈၀ ခုနှစ်များတွင် ကီယို ဆူရာ့သ် (အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချသော ဒုက္ခသည်) နှင့် အခြားသူတို့သည် ဂန္ထဝင် အဆိုတော်များ၏ အမွေကို ဆက်ခံ၍ အမြဲဆိုသလိုပင် သူတို့၏ ရေပန်းစားသော သီချင်းများကို ပြန်လည် ထုတ်ဝေကြသည်။ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် "ခန်ထရန်" ဂီတ ရေပန်းစားလာခဲ့ပြီး ၎င်းမှာ ခမာဆူရင် လူမျိုးတို့၏ ဂီတပုံစံကို ခေတ်ပေါ် တူရိယာများဖြင့် တီးခတ်ထားခြင်း ဖြစ်သည်။[၂၄၇]
ဩစတြေးလျ ဟစ်ဟော့ပ် အဖွဲ့ အက်စရိုနိုမီ ကလပ်စ် သည် ကမ္ဘောဒီးယားနိုင်ငံဖွား အမျိုးသမီးအဆိုတော် ကက် ချန်းသီ နှင့် အတူ အသံသွင်း အခွေထုတ်ခဲ့သည်။[၂၄၈][၂၄၉]
"ဒန်ဂီး ဖီဗာ" ရော့ခ်အင်န်ရိုးလ် တီးဝိုင်းတွင် ကမ္ဘောဒီးယား အမျိုးသမီး အဆိုတော် တစ်ဦးကို အဓိကထားပြီး နောက်ခံအဖြစ် ကယ်လီဖိုးနီးယားမှ တီးဝိုင်းက တီးခတ်သည်။ ၎င်းအား ကမ္ဘာ့ဂီတ အဖြစ် သတ်မှတ်ပြီး ကမ္ဘောဒီးယား ဂီတ အား အနောက်တိုင်းစတိုင်လ် ရော့ခ်ဂီတဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်မှစ၍ ဝန်ကြီးဌာန ၁၁ ခုပါဝင်သော သိပ္ပံနှင့် နည်းပညာ အတွက် နိုင်ငံတော်ကော်မတီ တည်ရှိနေခဲ့သည်။ ဝန်ကြီးဌာန ၇ ခုနှ နိုင်ငံ၏ အများပိုင် တက္ကသိုလ် ၃၃ ခုအတွက် တာဝန်ရှိသော်လည်း ထိုတက္ကသိုလ် အများစုသည် ပညာရေး၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာန၏ အရိပ်အောက်တွင် ရှိသည်။ [၂၅၀]
၂၀၁၀ ခုနှစ်တွင် ပညာရေး၊ လူငယ် နှင့် အားကစားဝန်ကြီးဌာနမှ ပညာရေးကဏ္ဍအတွက် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာ ပေါ်လစီ တစ်ခုကို သဘောတူ ခွင့်ပြုခဲ့သည်။ ထိုကိစ္စသည် တက္ကသိုလ်များ တဝှမ်းလုံးတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် နှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ သုတေသနရလဒ်များကို အသုံးချနိုင်ရန် အတွက် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ [၂၅၀]
ထိုပေါ်လစီ၏ နောက်တွင် နိုင်ငံ၏ ပထမဆုံး "အမျိုးသား သိပ္ပံနှင့် နည်းပညာ မာစတာ ပလန် ၂၀၁၄-၂၀၂၀" လိုက်လာခဲ့သည်။ ၎င်းအား စီမံကိန်းဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် စတင်ခဲ့ပြီး ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ပံ့ပိုးသော နှစ်နှစ်စီမံကိန်း၏ အထွဋ်အထိပ်တွင် ဖြစ်သည်။ ထိုအစီအစဉ်မှ စက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန် အတွက် သိပ္ပံနှင့် နည်းပညာ အုတ်မြစ်ကို တည်ဆောက်ပြီး အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး၊ အဓိက လုပ်ငန်းများ နှင့် အိုင်စီတီ လုပ်ငန်းများကို အလေးပေးဆောင်ရွက်မည် ဖြစ်သည်။ [၂၅၀][၂၅၁] ကမ္ဘောဒီးယားသည် ၂၀၂၀ ခုနှစ်၌ နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ညွှန်းကိန်းတွင် အဆင့် ၁၁၀ ရှိပြီး ၂၀၁၉ ခုနှစ် အဆင့် ၉၈ မှ ကျဆင်း သွားခြင်း ဖြစ်သည်။ [၂၅၂][၂၅၃][၂၅၄][၂၅၅]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.