![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e7/Wikileaks_logo.svg/langmy-640px-Wikileaks_logo.svg.png&w=640&q=50)
WikiLeaks
From Wikipedia, the free encyclopedia
ဝီကီလိ (ခ်) (wikileaks) သည် နိုင်ငံတကာ အကျိုးမမြတ်မရှာသော မီဒီယာသစ် မီဒီယာ အဖွဲ့ဖြစ်သည်။ အမည်မသိ သတင်းရင်းမြစ်နှင့် ပေါက်ကြားမှုများမှတဆင့် သာမန်အားဖြင့် ရရန်ခက်ခဲသော စာရွက်စာတမ်းများကို တင်ပေးနေသော နေရာဖြစ်သည်။ ဝီကီလိ (ခ်) ဝက်ဘ်ဆိုဒ်ကို The Sunshine Press က ၂၀ဝ၆ တွင် စတင်သည်။ စတင်သည့် နှစ်မှာပင် စာရွက်စာတမ်းပေါင်း ၁.၂ သန်းခန့် တိုးပွားလာခဲ့သည်။ [1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/e7/Wikileaks_logo.svg/220px-Wikileaks_logo.svg.png)
ယခုအဖွဲ့ကို တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် တို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။ [2] သတင်းစာဆောင်းပါးများနှင့် The New Yorker မဂ္ဂဇင်းတို့က [စာမျက်နှာ လိုအပ်] ဩစတြေးလျ အင်တာနက် တက်ကြွလှုပ်ရှားသူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကို ဝီကီလိ (ခ်) ဒါရိုက်တာအဖြစ် ဖော်ပြကြသည်။ [3]
ဝီကီလိ (ခ်) သည် ၂၀ဝ၈ ခုနှစ် Economist မဂ္ဂဇင်း မီဒီယာသစ်ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀ဝ၉ ခုနှစ် ဇွန်လတွင် ဝီကီလိ (ခ်) နှင့် ဂျူလီယန် အက်ဆန်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ယူကေ) ၏ မီဒီယာဆု (မီဒီယာသစ်ကဏ္ဍ) ကိုရရှိသည်။ ၂၀ဝ၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော “ကင်ညာ - သွေးညဉ်းသံ၊ တရားမဲ့ သတ်ဖြတ်ခြင်းနှင့် အပျောက်ဖျောက်ခြင်းများ” အတွက် ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် ကင်ညာနိုင်ငံ လူ့အခွင့်အရေး အမျိုးသား ကော်မရှင်၏ အစီရင်ခံစာဖြစ်ပြီး ကင်ညာရှိ ရဲများ၏ တရားမဲ့ သတ်ဖြတ်မှုများကို ဖော်ပြထားသည်။ [4] ၂၀၁၀ ပြည့်နှစ် မေလတွင် နယူးယောက် နေ့စဉ် သတင်းက ဝီကီလိ (ခ်) ကို “သတင်းကို လုံးဝပြောင်းလဲသွားစေနိုင်သော ဝက်ဘ်ဆိုဒ်” အဖြစ် ပထမနေရာတွင် အဆင့်သတ်မှတ် ဖော်ပြခဲ့သည်။ [5]
၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ဝီကီလိ (ခ်) က အချင်းချင်း ပြန်သတ်မှု အမည်ရှိ ၂၀ဝ၇ ဇူလိုင်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက် လေကြောင်း စစ်ပွဲတွင် အမေရိကန် တပ်များကြောင့် သေကြေခဲ့ရသော အရပ်သားများနှင့် စာနယ်ဇင်းသမားအကြောင်း ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ အဆိုပါနှစ် ဇူလိုင်လတွင် ဝီကီလိ (ခ်) က ယခင် လူထုအကြား တခါမျှ မသိရှိသေးသော စာရွက်စာတမ်းပေါင်း ၇၆,၉၀ဝ ပါ အာဖဂန် စစ်ပွဲ (၂၀ဝ၁ မှ ယခုအထိ) ဖိုင်များကို တင်ခဲ့သည်။ အောက်တိုဘာလတွင် အဓိက စီးပွားရေး မီဒီယာအဖွဲ့အစည်းကြီးများ၏ ပူးပေါင်းမှုဖြင့် အီရတ်စစ်ပွဲ မှတ်တမ်းများ အမည်ရှိ စာရွက်စာတမ်းဖိုင်ပေါင်း ၄၀ဝ,ဝ၀ဝ ကို တစုတည်း ထုတ်ဖော်ခဲ့သည်။ နိုဝင်ဘာတွင် ဝီကီလိ (ခ်) က အမေရိကန်ပြည်ထောင်စု နိုင်ငံခြာရေးဝန်ကြီးဌာနမှ သံတမန်များ အချင်းချင်း အလွတ်သဘောပြောဆိုသော ကြေးနန်းစာများကို ဖွင့်ချလိုက်သည်။
ဝီကီလိ (ခ်) စတင်စဉ်က အသုံးပြုသူ-အလွယ်တည်းဖြတ် စနစ်ဖြစ်ပြီး မီဒီယာဝီကီ ကိုလည်း သုံးစွဲခဲ့သည်။ သို့သော် ယခုအခါ အစဉ်အလာ ပုံနှိပ်လုပ်ငန်းပုံစံဘက်သို့ တဖြည်းဖြည်းတိုးတက်လာပြီး အသုံးပြုသူများ၏ ကော်မန့်နှင့် တည်းဖြတ်မှုကို ဆက်လက် လက်ခံခြင်း မရှိတော့ပေ။