![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/9a/Green_Peafowl%252C_Hanoi.jpg/640px-Green_Peafowl%252C_Hanoi.jpg&w=640&q=50)
ဥဒေါင်း
From Wikipedia, the free encyclopedia
ဥဒေါင်း (အင်္ဂလိပ်: Green Peafowl) ကို မြန်မာဒေါင်း ဟုလည်း ခေါ်ကြသည်။ ဒေါင်းသည် ဥမှပေါက်စတွင် သာမန်ငှက်ကဲ့သို့ ရုပ်ဆင်းသဏ္ဌာန်ရှိသော်လည်း ၂ နှစ်ခန့်ကြာသောအခါ အမြီးအတောင်များ စုံလင်လာကာ ကြည့်၍တစ်မျိုး ကျက်သရေရှိလာသည်။ ထိုအခါမှစ၍ ဒေါင်းဖိုများကလည်း ဒေါင်းမထက် ပို၍ လှလာကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြွားကြွားဝါဝါ ခန့်ခန့်ညားညားရှိလှသည်။ ထိုကြောင့်ပင် အနောက်နိုင်ငံ အသုံးအနှုန်းများ၌ လှပစွာဝတ်ဆင်၍ ကြွားကြွားဝါဝါရှိသူတို့ကို ဒေါင်းနှင့်နှိုင်း၍ ပြောလေ့ရှိကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/WikiProject_Myanmar_peacock.svg/177px-WikiProject_Myanmar_peacock.svg.png)
ဥဒေါင်း | |
---|---|
![]() | |
ဒေါင်းဖိုတစ်ကောင် ကနေစဉ် Pavo muticus imperator | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Galliformes |
မျိုးရင်း: | Phasianidae |
မျိုးဇာတ်: | Pavonini |
မျိုးစု: | Pavo |
မျိုးစိတ်: | P. muticus |
ဒွိနာမ | |
Pavo muticus Linnaeus, 1766 | |
မျိုးစိတ်ခွဲများ | |
![]() | |
Range of the green peafowl |
ဒေါင်းသည် ရစ်မျိုးရင်းတွင် အပါအဝင် ဖြစ်၍ အာရှတိုက် အပူပိုင်းတွင် အထူးပေါများသည်။ ဒေါင်းသည် လှပ၍ ကျက်သရေရှိမှုကြောင့် ကမ္ဘာအရပ်ရပ်တွင် အလှမွေးမြူကြသည်။ ခန့်ညားခြင်းနှင့်ကျက်သရေရှိခြင်းအတွက် အထိမ်းအမှတ်အဖြစ် ဒေါင်းရုပ်ကို အသုံးပြုကြသည်။
ရှေးမြန်မာမင်းအဆက်ဆက်ကလည်း နိုင်ငံတော်အလံအဖြစ် ဥဒေါင်းတံဆိပ်ခတ်နှိပ်သောအလံကို အသုံးပြုခဲ့ကြသည်။[2] မြန်မာမင်းများသည် မိမိတို့ကိုယ်မိမိ နေမျိုးနွယ်များဟုယူဆပြီး နေကိုကိုယ်စားပြုသည့် ဥဒေါင်းပုံကို သုံးစွဲခဲ့ကြသည်။ မြန်မာမင်းများလက်ထက် အလံကိုသာ မဟုတ်၊ သုံးစွဲရန်ထုတ်သော ငွေဒင်္ဂါးများ၌ပင် မြန်မာမင်း၏အမှတ်အသားအဖြစ် ဒေါင်းရုပ်ကို ခတ်နှိပ်ကြလေသည်။
မြန်မာမင်းများသာ မဟုတ်၊ ရှေးက အာရှတိုက်တွင် တန်ခိုးကြီးထွားခဲ့သော မွန်ဂိုဘုရင်များပင် ပလ္လင်၏ အမှီတွင် ရွှေငွေအဖိုးတန် ကျောက်သံပတ္တမြားတို့ဖြင့် ပြုလုပ်စီခြယ်ထားသော ကဒေါင်းပုံသဏ္ဌာန် ပြုလုပ် ထားလေသည်။ တရုတ်ဘုရင်များ လက်ထက်ကမူ တိုင်းကျိုးပြည်ကျိုး ဆောင်သော မှူးမတ်သေနာပတိများကို ဂုဏ်ထူးဆောင်အဖြစ် ဒေါင်းတပ်ခွင့် ပြုခဲ့၏။
ပွဲကြီးလမ်းကြီးများ၌ ဥဒေါင်းသားကိုပင် ဂုဏ်ထူးတစ်ခု အနေဖြင့် စားကြလေသည်။ ဥဒေါင်း၏အလှဆုံးအပိုင်းသည် မြီးတံဖြစ်သည်။ ထိုမြီးတံသည် ယပ်တောင်သဖွယ် ဖြန့်လိုက်သောအခါ ဝိုင်းသွား၍ အလွန်လှပလေသည်။ မြီးတံတိုင်း၏ အဖျားတွင် ခရမ်းရောင်၊ အဝါရောင်၊ အပြာရင့် စသည့် ရောင်စုံတို့ဖြင့် ရောပြွန်းခြယ်လှယ်ထားသကဲ့သို့ အလွန်လှပသော ‘စ’ စာလုံးပုံသဏ္ဌာန် အကွက်တစ်ခုစီ ပါလေသည်။