သုဇာတာစေတီတော်
From Wikipedia, the free encyclopedia
သုဇာတာစေတီတော် သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂါယာ၏ အရှေ့ဘက်ယွန်းယွန် Senanigrama (Bakraur) ရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ၎င်းသည် ဗုဒ္ဓဂါယာမှ Phalgu မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ထိုနေရာသည် ဂေါတမဗုဒ္ဓဘုရားဖြစ်တော်မူသည့် နေရာလည်း ဖြစ်သည်။ ဗုဒ္ဓဂါယာမှ သုဇာတာစေတီတော်ရှိရာသို့ လမ်းလျှောက်၍လည်း သွားနိုင်ပြီး မိနစ် ၂၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ မူလစေတီကို BCE ၂ ရာစုတွင် တည်ထားကိုးကွယ်ခဲ့သည်။[1]
သုဇာတာစေတီတော် | |
---|---|
ယနေ့ခေတ်ကာလ သုဇာတာစေတီတော်၏ မြင်ကွင်း | |
အချက်အလက်များ | |
တည်နေရာ | India |
ကိုဩဒိနိတ် | 24.6976432°N 85.0044857°E / 24.6976432; 85.0044857 |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
တိုင်း | ဗီဟာပြည် |
နိုင်ငံ | အိန္ဒိယနိုင်ငံ |
လှူဒါန်းသည့်နှစ် | 2nd century BCE[1] |
Ecclesiastical or organizational status | Stupa ruins |
စေတီတော်သည် နို့ညှစ်သမ သုဇာတာကို ရည်စူးကာ တည်ထားခဲ့သည်။ သုဇာတာသည် Bakraur ရွာမှ ဖြစ်ကာ မြတ်စွာဘုရားသည် ဗောဓိညောင်ပင်ရင်း၌ ရှိနေစဉ် သုဇာတာသည် ဃနာနို့ဆွမ်းကို လှူဒါန်းခဲ့သည်။ မြတ်စွာဘုရားသည် သုဇာတာ၏ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးနောက်တွင် ဘုရားဖြစ်တော်မူခဲ့သည်။[2][3][4]
စေတီတော်ကို အသောကကျောက်စာတိုင်ဖြင့် ဆင်ယင်ထားသည်။ ကျောက်စာတိုင်ကို ၁၈၀၀ ပြည့်နှစ်တွင် အဆောက်အဦ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဂါယာရှိ Gol Pather လမ်းဆုံတွင် ထားရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် နောက်ဆုံး ဗုဒ္ဓဂါယာသို့ ပြောင်းရွှေ့ခဲ့သည်။[5][6]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0b/Ashoka_pillar_Bodh_Gaya.jpg/640px-Ashoka_pillar_Bodh_Gaya.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/61/085_Sujata_offers_Rice_%289189374231%29.jpg/640px-085_Sujata_offers_Rice_%289189374231%29.jpg)
စေတီတော်သည် ဗုဒ္ဓဂါယာ၏ မူလရှုခင်းထဲတွင် အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေကာ ရာစုနှစ်များကြာလာခဲ့သည်နှင့်အမျှ စေတီတော်အားပြုပြင်ခြင်း၊ တိုးချဲ့ခြင်းများကို အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့သည်။[1]
အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းသုတေသနလေ့လာမှုအဖြစ် ၁၉၇၃ - ၇၄ နှင့် ၂၀၀၁ - ၀၆ ခုနှစ်များတွင် တူးဖော်မှုများ လုပ်ဆောင်ခဲ့သည်။[7] ၈-၉ ရာစုက ရေးသားထားသည့် ကျောက်ပြားကို တူးဖော်ရရှိခဲ့သည်။ ထိုကျောက်ပြားတွင် "Devapala Rajasya Sujata Griha" ဟု ရေးထိုးထားသည်။ Devapala ကို Pala မင်းဆက်ဘုရင်ဟု ပြန်ဆိုနိုင်ပြီး၊ အဓိပ္ပာယ်မှာ “သုဇာတာ၏ အိမ်၊ Devapala မင်း၏” ဟု ဖြစ်သည်။[8][7] ဤသည်ပင် စေတီတော်၏ နောက်ဆုံးပြင်ဆင်တည်ဆောက်မှုသည် ၉ ရာစု Devapala မင်းဆက်ကာလဖြစ်ပြီး သုဇာတာနေထိုင်ခဲ့သည့် အိမ်နေရာကို အမှတ်တရ ဖြစ်စေရန် စေတီတည်ခဲ့ခြင်း ဖြစ်သည်။[8]
ထိုအထက်ပါစာသားကို မတွေ့ရှိရသေးမီက စေတီတော်သည် "Gandha-hasti" ("Perfumed elephant") ကို ရည်စူးကာ တည်ထားခဲ့ခြင်း ဖြစ်သည်ဟု တွေးထင်မှုများလည်း ရှိခဲ့သည်။ ထို့ကြောင့်ပင် စေတီတော်ကို Gandha-hasti စေတီတော်ဟု အမည်မှည့်ခေါ်ခဲ့ကြသည်။[9] ဤအဓိပ္ပာယ်ပြန်ဆိုမှုသည် ၇ ရာစုက တရုတ်ဘုရားဖူး Hiuen Tsiang ၏大唐西域記: Buddhist Records of the Western World ပြန်ဆိုမှုပေါ်တွင် အခြေခံထားသည်။ သူသည် မြစ် (Niranjana) ကို ဖြတ်ကာ Bakraur ကို သွားခဲ့သည်ဟု ပြောထားသည်။ ထိုနေရာတွင် သူသည် စေတီတော်နှင့် ထောင်လိုက်ဖြစ်နေသည့် ကျောက်တုံးကို မြင်တွေ့ခဲ့ရသည်။[10][11]