မှတ်ဉာဏ်
From Wikipedia, the free encyclopedia
မှတ်ဉာဏ် (အင်္ဂလိပ်: memory) ဆိုသည်မှာ - အကြောင်းအချက် များကို (သက်ရှိသတ္တဝါများတွင်လျှင်) ဦးနှောက်အဖို့၊ သို့မဟုတ် (စက်များတွင်လျှင်) အတွေးအတွက် စနစ်တခုအဖို့ ဖတ်ရှုဖွယ် စီစဉ်မှုများအဖြစ် စိတ်၏ ဘာသာပြန် သိမ်းဆည်းထားခြင်းတမျိုးနှင့် လိုသလို ပြန်လည်သိယူ(မှတ်မိ)ခြင်း လုပ်ငန်းစု ဖြစ်၏။ အနာဂတ် စဉ်းစားချက်၊ လုပ်ဆောင်ချက်များတွင် (လိုသလို) လွှမ်းမိုးပါဝင်စိမ့်သောငှာ အကြောင်းအချက်၊ အခြင်းအရာများကို သိုမှီးထားခြင်း ဖြစ်၏။[1]
အဖြစ်အပျက်များ မှတ်မိခြင်းဟူသော သိတွေးအုံလုပ်ငန်း မရှိခဲ့လျှင် ဘာသာစကား ညှိနှိုင်းသတ်မှတ် အသုံးပြုခြင်း၊ အချင်းချင်း မှတ်သားဆက်ဆံခြင်း၊ လူတဦးစီ၌ သူရယ်ဖြစ်မှု (personal identity) တို့ တစစ ဖွံ့ဖြိုးပေါ်လွင်လာခြင်း စသည်တို့လည်း ဖြစ်မြောက်နိုင်ဖွယ် မရှိချေ။[2] တချိန်ကမှတ်သားဖူးသော အကြောင်းအချက် (information) များကို လက်ရှိ အသိစိတ်၏ စဉ်းစားမြင်မှုပိုင်းသို့ ပြန်မသယ်နိုင်တော့ခြင်းများလည်း ရှိပြီး၊ မေ့လျော့ခြင်း (forgetting) လည်း ဖြစ်နိုင်သကဲ့သို့ အတိတ်မေ့ခြင်း (amnesia) လည်း ဖြစ်နိုင်သည်။[3][4][5][6][7][8]