ဗြဲတိုက်
From Wikipedia, the free encyclopedia
ဗြဲတိုက်ဟူသည်မှာ မြန်မာဘုရင်များလက်ထက် လွှတ်ရုံးငါးရပ်အနက် တစ်ရပ်အပါအဝင်ဖြစ်သည်။ နန်းမြို့တော်အတွင်း ဇေတဝန်ဆောင်၏ မြောက်ဘက် သီဟာသနပလ္လင်ရွှေနန်းပြာသာဒ်တော်ကြီး၏ မြောက်ဘက်တွင် တည်ရှိသည်။ ဘုရင်စံတော်မူရာ နန်းတော်နှင့် တဆက်တည်း ဖြစ်သည်။ ဗြဲတိုက်ဟူသော ဝေါဟာရမှာ မွန်ဘာသာစကား ပတိုက်ဗြဲမှ လာကြောင်းဖြင့် ရွှေဘုံနိဒါန်း၌ ဆိုသည်။ မွန်ရေးထုံးကျကျ ရေးလိုမူ တိုက်ဗဲလ္လာဟု ဖြစ်သည်။ တိုက်သည် အဆောင်ဖြစ်၍ ဗဲလ္လာသည် လူပျိုဖြစ်သည်။ အဓိပ္ပာယ်မှာ လူပျိုတော်တို့စွဲမြဲခစား ထမ်းရွက်နေထိုင်ရသော အဆောင်တော်ဟုဖြစ်သည်။ ဟံသာဝတီ ဆင်ဖြူရှင် လက်ထက် မွန်လူပျိုတော်များ မြဲစွဲခယမ်း ထမ်းရွက်ခဲ့ဖူးသည်ကို ရည်ရွယ်၍ နောက်မင်းများလက်ထက် လူပျိုတော်များ မနေသော်လည်း ရှေးခေါ်မြဲအတိုင်း ဗြဲတိုက်ဆောင်ဟု ခေါ်ကြသည်။ အင်္ဂလန်ရှိ Privy Council သဘောမျိုးဆောင်သည်။