ပလေးစတေရှင်
ပလေးစတေရှင် / From Wikipedia, the free encyclopedia
ပလေးစတေရှင် (PlayStation|プレイステーション|တရားဝင်အတိုကောက် PS) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး ကုမ္ပဏီမှ ဂိမ်းစက်များ၏ ကုန်ပစ္စည်း အမှတ်တံဆိပ် အမည်ဖြစ်သည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးသော ပလေးစတေရှင် ဂိမ်းစက် ကို ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချိစဉ်က ဤအမှတ်တံဆိပ်ကို စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။[1] ယခုအချိန်တွင် အိမ်သုံးဗီဒီယိုဂိမ်းစက် လေးမျိုး၊ အွန်လိုင်းဝန်ဆောင်မှု တစ်ခု၊ လက်ကိုင်ဂိမ်းခလုတ်များ၊ လက်ကိုင်ဂိမ်းစက် နှစ်မျိုး နှင့် ဖုန်း တစ်မျိုး စသည်တို့ကို ဤအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ချိထားပြီး ဖြစ်သည်။
ပစ္စည်းအမျိုးအစား | ဗီဒီယိုဂိမ်းစက် လက်ကိုင်ဂိမ်းစက် |
---|---|
ပိုင်ဆိုင်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး |
မူရင်းနိုင်ငံ | အာအိုရာမာ၊ မီနာတိုရပ်၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ |
စတင်မိတ်ဆက်သည့်အချိန် | ၁၉၉၄ ခုနှစ် |
စျေးကွက် | ကမ္ဘာတစ်ဝှန်း |
မှတ်ပုံတင်ထားခြင်း | ကမ္ဘာတစ်ဝှန်း |
ပထမဆုံး ပလေးစတေရှင်မျိုးဆက် ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ဂိမ်းစက်မှာ ထုတ်လုပ်ဖြန့်ချိပြီး ၉ နှစ်ခွဲအချိန်အထိ ဂိမ်းစက်အလုံးရေ သန်း ၁၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့် ပထမဆုံးဂိမ်းစက် ဖြစ်ခဲ့သည်။[2] နောက်ထွက်မျိုးဆက် ပလေးစတေရှင် ၂ ကို ၂၀၀၀ ပြည့်နှစ်တွင် ဖြန့်ချိခဲ့ပြီး "အရောင်းရဆုံးသော ဂိမ်းစက်"အဖြစ် စံချိန်တင်ခဲ့ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဂိမ်းစက်အလုံးရေ ၁၅၅ သန်းကျော် ရောင်းချနိုင်ခဲ့သည်။[3] ထို့နောက် ပလေးစတေရှင် ၃ ဂိမ်းစက်ကို ၂၀၀၆ တွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ဂိမ်းစက်အလုံးရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။[4] ဆိုနီ၏ လက်ရှိ နောက်ဆုံးဂိမ်းစက်ဖြစ်သော ပလေးစတေရှင် ၄ ဂိမ်းစက်ကို ၂၀၁၃ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး စတင်ရောင်းချချိန်မှ ၂၄ နာရီအတွင်း ဂိမ်းစက်အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ကာ ဂိမ်းစက်သမိုင်းတွင် အမြန်ဆုံးရောင်းချနိုင်ခဲ့သည့် ဂိမ်းစက်ဖြစ်ခဲ့သည်။[5]
ပလေးစတေရှင်မျိုးဆက်၏ ပထမဆုံးသော လက်ကိုင်ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable or PSP) သည်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ အလုံးရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။[6] နောက်ထွက်မျိုးဆက်ဖြစ်သည့် ပလေးစတေရှင် ဗီတာ (PlayStation Vita) ကို ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ အလုံးရေ ၄ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။[7] ပလေးစတေရှင် ဂိမ်းစက်များ၏ အဓိက လက်ကိုင်ခလုတ်ဖြစ်သည့် DualShock အမျိုးအစား တုန်ခါနိုင်သည့် ဂိမ်းလက်ကိုင်ခလုတ်မှာလည်း ၂၀၀၈ ခုနှစ် ဇွန် ၂၈ ရက်နေ့အထိ ၂၈ သန်းကျော် ရောင်းချနိုင်ခဲ့သည်။[8]
အွန်လိုင်းဝန်ဆောင်မှုတစ်ခု ဖြစ်သော ပလေးစတေရှင် နက်ဝက်ခ် (PlayStation Network) သည်လည်း ကမ္ဘာတစ်လွှား အသုံးပြုသူဦးရေ သန်း ၁၁၀ ကျော်ရှိပြီဖြစ်သည်။[9] ယင်း ပလေးစတေရှင် နက်ဝက်ခ် တွင် ပလေးစတေရှင် စတိုး (PlayStation Store) ဟုခေါ်သော ဂိမ်းများနှင့် မာလတီမီဒီယာမျိုးစုံကို ဝယ်ယူနိုင်သည့် အွန်လိုင်းအရောင်းဆိုင်၊ နှစ်စဉ်ကြေးဖြင့် အသုံးပြုရသော ပလေးစတေရှင် ပလပ်စ် (PlayStation Plus) နှင့် ပလေးစတေရှင် ဟုမ်း (PlayStation Home) ဟုခေါ်သော အသုံးပြုသူ ၃၁ သန်းကျော် (၂၀၁၃ မတ်လအထိ[10]) ရှိသည့် လူမှုဂိမ်းကစားခြင်းကွန်ယက် ဝန်ဆောင်မှု တစ်ခုတို့ပါဝင်သည်။