![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/9b/Planets_everywhere_%2528artist%25E2%2580%2599s_impression%2529.jpg/640px-Planets_everywhere_%2528artist%25E2%2580%2599s_impression%2529.jpg&w=640&q=50)
နေစကြဝဠာပြင်ပဂြိုဟ်
From Wikipedia, the free encyclopedia
နေစကြဝဠာပြင်ပဂြိုဟ် (အင်္ဂလိပ်: exoplanet) (UK: /ˈɛk.soʊˌplæn.ɪt/, US: /ˌɛk.soʊˈplæn.ɪt/)[3] ဆိုသည်မှာ မိမိတို့ နေစကြဝဠာ၏ အပြင်ဘက်မှ ကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကို ဆိုလိုသည်။ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် နေစကြဝဠာပြင်ပဂြိုဟ်မှာ ၁၉၈၈ ခုနှစ်တွင် ဖြစ်သည်။ သို့သော်လည်း အတည်ပြုနိုင်သော ပထမဆုံးဂြိုဟ်မှာ ၁၉၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကတည်းက ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့အထိ အတည်ပြု ခြေရာခံမိသည့် ကြယ်စနစ်ပေါင်း ၂၇၀၂ ထဲမှ ဂြိုဟ်အစင်းပေါင်း ၃၆၀၈ ရှိသည်ဟုဆိုသည်။[4]
High Accuracy Radial Velocity Planet Searcher အဖွဲ့က နေစကြဝဠာပြင်ပဂြိုဟ်ပေါင်း ၁၀၀ ခန့် တွေ့ရှိခဲ့ပြီး ကပ်ပလာ အာကာသယာဉ်က ၂ သောင်းကျော် တွေ့ရှိခဲ့သည်။ ကပ်ပလာမှ မှားယွင်းနိုင်သော နေစကြဝဠာပြင်ပဂြိုဟ်အစင်းရေပေါင်း သောင်းဂဏန်းအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။[5][6][7][8][9] ပျမ်းမျှအားဖြင့် ကြယ်တစ်စင်းလျင် အနည်းဆုံး ဂြိုဟ်တစ်စင်းနှုန်းဖြစ်သည်။[10] နေနှင့်တူသောကြယ် ၅ စင်းလျင် ၁ စင်းနှုန်း သက်ရှိများရှင်သန်နိုင်သောဂြိုဟ်တစ်ခု ရှိနိုင်လေသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီ၌ ကြယ်ပေါင်း ၂၀၀ ဘီလီယံရှိသည်ဟု ယူဆပါက[lower-alpha 1]အကယ်၍ ကြယ်ပုနီများကိုပါ ထည့်သွင်းလျင် နဂါးငွေ့တန်းတွင် ဂိုလ်းဒီလော့ဇုန်အတွင်းရှိ ကမ္ဘာမြေနှင့်တူသောဂြိုဟ်ပေါင်း ၄၀ ဘီလီယံအထိ ရှိနိုင်သည်ဟု အဆိုပြုထားသည်။[11] နေစကြဝဠာပြင်ပဂြိုဟ်အမျိုးမျိုးရှိရာ အချို့က ဂျူပီတာဂြိုဟ်အရွယ်အစား၊ ယင်းထက် ကြီးသောဂြိုဟ်၊ လကမ္ဘာထက် ၂ ဆကြီးသောဂြိုဟ် စသည်ဖြင့် ရှိလေသည်။[12][13] အချို့သောဂြိုဟ်များသည် မိခင်ကြယ်နှင့် နီးကပ်စွာ လှည့်ပတ်နေပြီး တစ်ပတ်ပြည့်ရန် နာရီအနည်းငယ်ခန့်သာ ကြာမြင့်သည်။ အချို့မှာ မိခင်ကြယ်အား တစ်ပတ်လှည့်ပတ်မိရန် နှစ်ထောင်ချီ၍ ကြာမြင့်သည်။ ခြေရာခံမိသော နေစကြဝဠာပြင်ပဂြိူဟ်များသည် နဂါးငွေ့တန်း ဂလက်ဆီအတွင်း ဖြစ်သည်။ သို့သော် နဂါးငွေ့တန်းအလွန်မှ ဂြိုဟ်များအားလည်း ခြေရာခံမိရန် ဖြစ်နိုင်ခြေ ရှိလေသည်။ အနီးဆုံး နေစကြဝဠာပြင်ပဂြိုဟ်မှာ နေနှင့်အနီးဆုံးကြယ် ပရိုဆီမာ စင်တောရိကြယ်အား လှည့်ပတ်နေသည့် ကမ္ဘာမြေမှ အလင်းနှစ် ၄.၂ ကွာဝေးသော ပရိုဆီမာ စင်တောရိ ဘီ ဖြစ်သည်။[14] နေစကြဝဠာပြင်ပဂြိုဟ်များနှင့် မတူဘဲ အချို့သော လေလွင့်ဂြိုဟ်များသည် မည်သည့်ကြယ်ကိုမျှ လှည့်ပတ်နေခြင်းမရှိပေ။ Neil deGrasse Tyson ၏ Cosmos: A Spacetime Odyssey ထဲကအရ နဂါးငွေ့တန်းတွင် လေလွင့်ဂြိုဟ်ပေါင်း ဘီလီယံကျော်ရှိသည်ဟု ဆိုသည်။[15][16]
ရှာဖွေခြင်းနည်းလမ်းများ
ပြင်ပဂြိုဟ်များကိုရှာဖွေရာတွင် အရိပ်ကျခြင်းနည်းလမ်းနှင့် ရေဒီယိုနည်းလမ်းကိုအသုံးပြုသည်။ အရိပ်ကျခြင်းနည်းလမ်းဆိုသည်မှာ ကမ္ဘာမှကြည့်ပါက ဂြိုဟ်တစ်လုံးသည် မိခင်ကြယ်ရှေ့မှဖြတ်သန်းချိန်တွင် မိခင်ကြယ်၏အလင်းရောင်ကျဆင်းသွားလေ့ရှိသည်။ မိခင်ကြယ်၏အလင်းရောင်ကျဆင်းမှုပမာဏ၊ ကြာမြင့်ချိန်တို့ပေါ်မူတည်၍ ဂြိုဟ်၏အရွယ်အစားနှင့် မိခင်ကြယ်မှအကွာအဝေး၊ မိခင်ကြယ်ကိုတစ်ပတ်ပြည့်ဖို့လှည့်ပတ်ရန်ကြာချိန်တို့ကိုတွက်ချက်ရယူနိုင်သည်။
ရေဒီယိုနည်းလမ်းသဘောတရားမှာအောက်ပါအတိုင်းဖြစ်သည်။ ဂြိုဟ်များသည် မိခင်ကြယ်ကိုတိုက်ရိုက်လှည့်ပတ်နေခြင်းမျိုးမဟုတ်ဘဲ ဂြိုဟ်များနှင့်မိခင်ကြယ်တို့သည် ဆုံမှတ်တစ်ခု(Baricentre)ကိုဗဟိုပြု၍လှည့်ပတ်နေခြင်းဖြစ်သည်။ ဂြိုဟ်များ၏ဒြပ်ဆွဲအားကြောင့် မိခင်ကြယ်သည်လည်း ပမာဏတစ်ခုအတွင်း လှည့်လည်နေရသည်။ ယင်းသို့မိခင်ကြယ်၏ လှည့်လည်မှုပမာဏကိုရရှိပါက ယင်းကိုလှည့်ပတ်နေသည့် ဂြိုဟ်၏အရွယ်အစားနှင့်အကွာအဝေးကိုရရှိနိုင်မည်ဖြစ်ပါသည်။