ကျိုက္ခမီမြို့
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.
ကျိုက္ခမီမြို့သည် ယခင်က မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း ကျိုက္ခမီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်ရာ မြို့ဟောင်း ဖြစ်သော်လည်း ယခုအခါ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မြို့မျှသာ ဖြစ်သည်။ မော်လမြိုင်မြို့တောင်ဖက်ကားလမ်းအတိုင်း ၅၅မိုင် အကွာ ပင်လယ်ကမ်းခြေမြို့ဖြစ်၍ အနောက်သို့ စွန်းထွက်နေသော အငူကလေးအပေါ်တွင် တည်ရှိသည်။ ရေလမ်း ကုန်းလမ်း အဆက်အသွယ် ကောင်းမွန်သည်။ အလျား ၉ ဖာလုံ အနံ ၁ ဖာလုံခန့်ရှိသည်။
ကျိုက္ခမီမြို့ ကျာ်ခမဳ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°04′48″N 97°34′03″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
လူဦးရေ (2005) | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သံဖြူဇရပ်မြို့မှ ကွေ့၍လာရသော မော်တော်ကားလမ်းမှာ ၅၅ မိုင် ခန့် ရှည်သည်။ မြို့ပေါ်တွင် နယ်ပိုင် ဝန်ထောက်ရုံး၊ ရဲဌာန၊ စာပို့တိုက်၊ ဆေးရုံနှင့် အထက်တန်းကျောင်းတို့ ရှိသည်။ အဘိဓာန်ကျမ်းပြုဆရာ ယုဒသန် နေထိုင်ခဲ့ဘူး၍ ယုဒသန်၏ ဇနီးမှာ ထိုမြို့၌ပင် ၁၈၂၆ ခုနှစ်၌ ကွယ်လွန်ရာ အုတ်ဂူ ပြုလုပ်ထား၍ ယခုတိုင် ရှိသေးသည်။
ကျိုက္ခမီမြို့သည် ကျန်းမာရေးအတွက် ပင်လယ်လေညှင်း ခံရန် အလွန်သင့်လျော်သောမြို့ ဖြစ်သည်။ ကမ်းခြေအနီးပင်လယ်တွင်းရှိ ရေလယ်ဘုရားမှာ အရပ်ရပ်မှ လာရောက် ဖူးမြော်ကြသော တန်ခိုးကြီးဘုရား တစ်ဆူဖြစ်၍ မြို့ကျက်သရေ ကို ဆောင်ပေသည်။ ကျိုက္ခမီနယ်တွင် ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်များ ပါဝင်၏။ ကျိုက္ခမီမြို့နယ်မှာ မြို့အနီးရှိ ဝါကရု ချောင်းကို အစွဲပြု၍ ရှေးက ဝါကရုမြို့နယ်ဟု တွင်ခဲ့လေသည်။ မြို့နယ်အတွင်း ဆန်စပါး စိုက်ပျိုးလုပ်ကိုင်၍ ကျိုက္ခမီမြို့ ပတ်ဝန်းကျင်နှင့် ပငရွာ၊ ကရုပ္ပိရွာတို့တွင် ဆားချက်လုပ်ငန်း တွင်ကျယ်လေသည်။ ကော်ဖတ်ခြံနှင့် အုန်း၊ ကွမ်းသီးစသော သစ်သီးခြံများလည်း ရှိသည်။ ကျိုက္ခမီမြို့တွင် အိမ်ခြေ ၁၂ဝဝ ခန့် ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆ဝဝ၈ ယောက် ရှိသည်။ ကျိုက္ခမီဟု ခေါ်တွင်ခြင်းမှာ ကျိုက္ခမီဘုရား ကို အစွဲပြု၍ ဖြစ်၏။
မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က စောစွာလာရောက် အုပ်ချုပ်သူအိန္ဒိယ ဘုရင်ခံချုပ် ဖြစ်နေသော လော့အမ်းဟတ်ကို အစွဲပြု၍ ကျိုက္ခမီမြို့ကို အင်္ဂလိပ်ဘာသာဖြင့် 'အမ်းဟတ်မြို့'ဟု အမည်မှည့်ခေါ်တွင်သည်။
ကျိုက္ခမီမြို့သည် မွန်ပြည်နယ်မြို့တော် မောင်လမြိုင်မြို့၏ တောင်ဘက် (၅၅)မိုင် အကွာတွင် တည်ရှိပြီး သံဖြူဇရပ်မြို့၏ အနောက်မြောက်ဘက် (၁၅)မိုင် အကွာတွင် တည်ရှိသည်။ ကျိုက္ခမီမြို့၏ အရှေ့ဘက်တွင် ဝါခရုမြစ်နှင့် နှစ်ကိုင်းကျေးရွှာ ဆင်တောင်ကျေးရွှာ တောင်ဘက်တွင် မုတ္တမပင်လယ်ကမ်းခြေ မြောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့နှင့် နယ်နိမိတ် ဆက်စပ်လျက် ရှိသည်။ မြို့၏ နယ်နိမိတ်ကို အရှေ့ညာဘက်တွင် မုဒုံမြို့နယ်နှင့် ဝါခရုမြစ်ပိုင်းထားခြင်းဖြင့်လည်းကောင်း၊ ဆင်တောင်ကျေးရွှာနှင့် ဝက်လေးချောင်း ပိုင်းခြားထားခြင်းဖြင့်လည်းကောင်း၊ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် မုတ္တမပင်လယ်ကမ်းခြေအားဖြင့်လည်းကောင်း ပိုင်းခြား သတ်မှတ်ထားသည်။
ကျိုက္ခမီမြို့၏အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား (၄)မိုင်ခန့်၊ အရှေ့နှင့်အနောက်(၂)မိုင် (၁)ဖာလုံခန့် စတုရန်းမိုင်ပေါင်း (၈ ဒသမ ၃၆)မိုင်ခန့် ရှိသည်။ မြေဧရိယာအားဖြင့် (၅၃၅၀)ဧက ဖြစ်သည်။
ကျိုက္ခမီမြို့၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ ရှေ့နှင့်အနောက် မြောက်ဘက်ပိုင်းတွင် ရှည်လျားပြီး တောင်ဘက်ပိုင်းသို့ ကျဉ်းမြောင်းသွားသော ပုံသဏ္ဌာန်ရှိသည်။ တောင်နှင့်မြောက် ရှည်လျားပြီး မြောက်မှတောင်သို့ ရှည်မျော ကျဉ်းမြောင်းသော ဘဲဥပုံသဏ္ဌာန်ရှိသည်။ မြို့၏ ဧရိယာအတွင်းရှိ တညင်တောင်တန်းမှာ မြောက်မှတောင်သို့ ရှည်လျား ဖြစ်ပေါ်လျက်ရှိသည်။ တောင်တန်း တောင်စွယ်များမှအပ ကျန်နေရာများတွင် များသောအားဖြင့် ညီညာ ပြန့်ပြူးသည်။ မြေမျက်နှာပြင်အမြင့်မှာ ပင်လယ်ရေပြင် (၈၄ ပေ)မှ (၁၀၈ ပေ)အထိ ရှိသည်။
ကျိုက္ခမီမြို့၏ ရာသီဥတုမှာ ပင်လယ်ကမ်းခြေဒေသများ၏ သဘာဝအတိုင်း အပူအအေး မျှတပြီး ပင်လယ် လေကောင်းလေသန့် ရရှိသော ပင်လယ်ကမ်းခြေမြို့ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့နယ်အသီးသီးမှ ဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားများ အထူးနှစ်သက်သည့် ပင်လယ် ကမ်းခြေမြို့ ဖြစ်သည်။ ရှုခင်းသာယာလှပခြင်းနှင့် လေကောင်းလေသန့် ရှူရှိုက်ခံစားရသည့်အတွက်ကြောင့်လည်း လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ကျော် အင်္ဂလိပ်အုပ်စိုးစဉ်က ကျိုက္ခမီရေလယ်ဘုရားကြီး ကုန်းတော်ပေါ်မှ တစ်မိုင်ခွဲခန့်ရှည်သော ပင်လယ်ကမ်းခြေတစ်လျှောက်တွင် နိုင်ငံခြားသားများ အခြေချ နေထိုင်ခဲ့သော နယ်ပိုင်မြို့ပိုင်ရုံးစိုက်ရာ မြို့ဟောင်းတစ်မြို့ ဖြစ်ခဲ့သည်။
အနိမ့်ဆုံး အပူချိန် (၆၀)ဒီဂရီ ဖာရင်ဟိုက်မှ (၈၆)ဒီဂရီ ဖာရင်ဟိုက်အထိ ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၉၀)ဒီဂရီ ဖာရင်ဟိုက်မှ (၁၀၀)ဒီဂရီ ဖာရင်ဟိုက်အထိ ရှိသည်။ မိုးဦးရွာသွန်းမှုများမှာ များသောအားဖြင့် မေလ ဒုတိယပတ်လောက်တွင် စတင်ရွာသွန်းလေ့ရှိပြီး မိုးရေချိန်လက်မမှာ နှစ်စဉ် (၂၀၀)လက်မကျော် ရွှာသွန်းသည့်အတွက် မိုးကောင်းသာ ဒေသဖြစ်သည်။