ကျိုက္ခမီမြို့
From Wikipedia, the free encyclopedia
ကျိုက္ခမီမြို့သည် ယခင်က မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း ကျိုက္ခမီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်ရာ မြို့ဟောင်း ဖြစ်သော်လည်း ယခုအခါ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မြို့မျှသာ ဖြစ်သည်။ မော်လမြိုင်မြို့တောင်ဖက်ကားလမ်းအတိုင်း ၅၅မိုင် အကွာ ပင်လယ်ကမ်းခြေမြို့ဖြစ်၍ အနောက်သို့ စွန်းထွက်နေသော အငူကလေးအပေါ်တွင် တည်ရှိသည်။ ရေလမ်း ကုန်းလမ်း အဆက်အသွယ် ကောင်းမွန်သည်။ အလျား ၉ ဖာလုံ အနံ ၁ ဖာလုံခန့်ရှိသည်။
ကျိုက္ခမီမြို့ ကျာ်ခမဳ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°04′48″N 97°34′03″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
လူဦးရေ (2005) | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သံဖြူဇရပ်မြို့မှ ကွေ့၍လာရသော မော်တော်ကားလမ်းမှာ ၅၅ မိုင် ခန့် ရှည်သည်။ မြို့ပေါ်တွင် နယ်ပိုင် ဝန်ထောက်ရုံး၊ ရဲဌာန၊ စာပို့တိုက်၊ ဆေးရုံနှင့် အထက်တန်းကျောင်းတို့ ရှိသည်။ အဘိဓာန်ကျမ်းပြုဆရာ ယုဒသန် နေထိုင်ခဲ့ဘူး၍ ယုဒသန်၏ ဇနီးမှာ ထိုမြို့၌ပင် ၁၈၂၆ ခုနှစ်၌ ကွယ်လွန်ရာ အုတ်ဂူ ပြုလုပ်ထား၍ ယခုတိုင် ရှိသေးသည်။
ကျိုက္ခမီမြို့သည် ကျန်းမာရေးအတွက် ပင်လယ်လေညှင်း ခံရန် အလွန်သင့်လျော်သောမြို့ ဖြစ်သည်။ ကမ်းခြေအနီးပင်လယ်တွင်းရှိ ရေလယ်ဘုရားမှာ အရပ်ရပ်မှ လာရောက် ဖူးမြော်ကြသော တန်ခိုးကြီးဘုရား တစ်ဆူဖြစ်၍ မြို့ကျက်သရေ ကို ဆောင်ပေသည်။ ကျိုက္ခမီနယ်တွင် ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်များ ပါဝင်၏။ ကျိုက္ခမီမြို့နယ်မှာ မြို့အနီးရှိ ဝါကရု ချောင်းကို အစွဲပြု၍ ရှေးက ဝါကရုမြို့နယ်ဟု တွင်ခဲ့လေသည်။ မြို့နယ်အတွင်း ဆန်စပါး စိုက်ပျိုးလုပ်ကိုင်၍ ကျိုက္ခမီမြို့ ပတ်ဝန်းကျင်နှင့် ပငရွာ၊ ကရုပ္ပိရွာတို့တွင် ဆားချက်လုပ်ငန်း တွင်ကျယ်လေသည်။ ကော်ဖတ်ခြံနှင့် အုန်း၊ ကွမ်းသီးစသော သစ်သီးခြံများလည်း ရှိသည်။ ကျိုက္ခမီမြို့တွင် အိမ်ခြေ ၁၂ဝဝ ခန့် ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆ဝဝ၈ ယောက် ရှိသည်။ ကျိုက္ခမီဟု ခေါ်တွင်ခြင်းမှာ ကျိုက္ခမီဘုရား ကို အစွဲပြု၍ ဖြစ်၏။
မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က စောစွာလာရောက် အုပ်ချုပ်သူအိန္ဒိယ ဘုရင်ခံချုပ် ဖြစ်နေသော လော့အမ်းဟတ်ကို အစွဲပြု၍ ကျိုက္ခမီမြို့ကို အင်္ဂလိပ်ဘာသာဖြင့် 'အမ်းဟတ်မြို့'ဟု အမည်မှည့်ခေါ်တွင်သည်။