ကျန်စစ်သား
မြန်မာဧကရာဇ် / From Wikipedia, the free encyclopedia
အနော်ရထာမင်း(အနုရုဒ္ဓ)လွန်သော် သူ၏သားတော် စောလူးမင်း နန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက ပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသည် သူ့အားခိုးယူသည်ဟု အော်လေသဖြင့် စောလူးမင်းကို ထားခဲ့ရလေသည်။ ရန်သူ့လက်ချက်ဖြင့် စောလူးမင်းကံကုန်ချိန်မှစ၍ ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို အေဒီ ၁၀၈၄ တွင် ဆက်ခံခဲ့သည်။
ကျန်စစ်သား | |||||
---|---|---|---|---|---|
အာနန္ဒာဘုရားရှိ ကျန်စစ်သားရုပ်တု | |||||
မြန်မာဧကရာဇ် | |||||
နန်းသက် | ၁၀၈၄-၁၁၁၃ | ||||
ရှေ့မင်းဆက် | စောလူးမင်း | ||||
ဆက်ခံသူ | အလောင်းစည်သူ | ||||
မွေးဖွား | ၁၀၃၀ (ဇာတာတော်ပုံ) (သို့) ၁၀၂၁ (မှန်နန်း) စစ်ကိုင်း | ||||
ကွယ်လွန် | ၁၁၁၂/၁၃ (အသက် - ၈၂) မြန်မာသက္ကရာဇ် ၄၇၄ ပုဂံ | ||||
ကြင်ရာတော် | အပယ်ရတနာ သမ္ဘူလ ခင်တန် မဏိစန္ဒာ | ||||
သားသမီးများ | ရွှေအိမ်စည် ရာဇကုမာရ် | ||||
| |||||
စံအိမ် | ပုဂံခေတ် | ||||
ခမည်းတော် | အနော်ရထာ | ||||
မယ်တော် | ပဉ္စကလျာဏီ | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကို အားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမှုများကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိ ရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကို လက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာ စိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော်အလောင်းစည်သူမင်းက ဆက်ခံခဲ့သည်။