ကုန်းတွင်းပိတ်နိုင်ငံ
From Wikipedia, the free encyclopedia
ကုန်းတွင်းပိတ်နိုင်ငံဟူသည်မှာ ပင်လယ်ကမ်းစပ်နှင့်နယ်မြေမထိစပ်ပဲ ကုန်းမြေအတွင်းပိတ်နေသော (သို့မဟုတ်) ကုန်းတွင်းပိတ်ပင်လယ်နှင့်သာ နယ်မြေထိစပ်နေသော တိုင်းပြည်ကို ဆိုလိုသည်။ ကမ္ဘာပေါ်တွင် ကုန်းတွင်းပိတ်နိုင်ငံ စုစုပေါင်း (၄၇)နိုင်ငံရှိသည်။ မြောက်အမေရိကတိုက်၊ ဩစတြေးလျတိုက်နှင့် လူနေထိုင်မှုမရှိသော အန္တာတိကတိုက် တို့တွင် ကုန်းတွင်းပိတ်နိုင်ငံ မရှိပေ။
ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ်ဆိုင်ရာသဘောတူညီချက်ဥပဒေများအရ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအား ဆက်စပ်နိုင်ငံနယ်မြေတစ်ခုမှတစ်ဆင့် ပင်လယ်ကမ်းရိုးတန်းဆီသို့ အခွန်မဲ့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပေးထားသည်။ ကုလသမဂ္ဂမှ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ်၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတာဝန်ရှိသူမှာ Anwarul Karim Chowdhury ဖြစ်သည်။ အချို့သောတိုင်းပြည်များသည် လွန်စွာရှည်လျားသော ကမ်းရိုးတန်းများ ပိုင်ဆိုင်ကြသော်လည်း ကုန်သွယ်ရေးအတွက် အသုံးပြု၍ မရနိုင်ပေ။ ဥပမာအားဖြင့် သမိုင်းကြောင်းအရ ရုရှားနိုင်ငံသည် အာတိတ် သမုဒ္ဒရာဖက်တွင်သာ ဆိပ်ကမ်းတည်ဆောက်နိုင်ပြီး ရေခဲနေမှုကြောင့် တစ်နှစ်လျှင် လပေါင်းများစွာ အသုံးမပြုနိုင်ပဲ ပိတ်ထားရသည်။ သို့ဖြစ်၍ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်လိုမှုသည် ရုရှား၏ ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက် နှင့် ပစိဖိတ်သမုဒ္ဒရာ များဖက်သို့ နယ်မြေချဲ့ထွင်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အချို့သော ကုန်းတွင်းပိတ်နိုင်ငံများသည် နီးစပ်ရာ ပင်လယ်ကမ်းစပ်သို့ ဆက်သွယ်ရန်အတွက် သင်္ဘောများ ခုတ်မောင်းနိုင်လောက်အောင် ကြီးမားသော မြစ်ကြီးများ ရှိနေကြသည်။ ဥပမာအားဖြင့် ပါရာဂွေးနှင့် ဘိုလီးဗီးယား တို့သည် ပါရာဂွေးမြစ်နှင့် ပါရာနားမြစ် များမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရယူနိုင်ကြသည်။ အချို့သောတိုင်းပြည်များမှာမူ ကက်စပီယန်ပင်လယ် နှင့် အေရယ်ပင်လယ် တို့ကဲ့သို့သော ကုန်းတွင်းပိတ်ပင်လယ်များနှင့် ရှည်လျားသော ကမ်းရိုးတန်းများ ရှိနေကြသည်။ သို့ရာတွင် သမုဒ္ဒရာထွက်ပေါက် မရှိသဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မပြုနိုင်ပေ (ကက်စပီယန်ပင်လယ်သည် ယခုအခါ ဗော်လ်ဂါမြစ်နှင့် ဒွန်းမြစ်များ အကြားတွင် ပင်လယ်နက်ဆီသို့ လူလုပ် တူးဖော်ထားသော တူးမြောင်းဖြင့် ပင်လယ်နက်ဆီသို့လမ်းဖောက်ထားသည်။)။ ဥပမာအားဖြင့် ကာဇက်စတန်နိုင်ငံ။